Friday, November 20, 2015

“ပွင့်လင်းမြင်သာ တင်ဒါခေါ်ယူပါ”


လက်ရှိ လူဦးရေ သန်း ၅၀ ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီ ဖုန်း ဆင်းကဒ်ပေါင်း ၃၃ သန်းကျော် ရောင်းချပြီးနေပါပြီ။ ဆက်သယ်ရေး ဒုဝန်ကြီး ဦးသောင်းတင်ရဲ့ တွက်ချက်ပြချက်အရ လူတစ်ယောက် ဆင်းကဒ် နှစ်ကဒ် ကိုင်တဲ့ အရည်အတွက်ကိုပါ ထည့်တွက်ရင် ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ နိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သူ သန်း ၂၀ ကျော်သွားပြီလို့ ပြောနိုင်ပြီလို့ ဆိုပါတယ်။ ပြည်ပအခြေစိုက် အော်ပရေတာ နှစ်ခု၊ ပြည်တွင်းက မြန်မာ့ ဆက်သွယ်ရေး ပေါင်း ကုမ္ပဏီ (၃) ခုကလည်း ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ၀န်ဆောင်မှုပေးနေကြပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲက မပြီးသေးပါဘူး။ နောက်ဆုံး စတုတ္တမြောက် အော်ပရေတာတစ်ဦး ၀င်ရောက်လာဖို့ ရှိနေ ပါသေးတယ်။
သတင်းကောင်း တစ်ခုကတော့ အဲဒီ စတုတ္တမြောက် အော်ပရေတာနဲ့ မိတ်ဖက်အဖြစ် လုပ်ကိုင်မယ့် နိုင်ငံခြား အင်အားကြီး ကုမ္ပဏီတစ်ခု ခေါ်ယူဖို့ စနစ်တကျ တင်ဒါခေါ်ယူမယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာ့ စီးပွားရေး ဈေးကွက်ဟာ နိုင်ငံတကာနည်းတူ ပွင့်လင်းမြင်သာမှုတွေ ရှိလာတော့မလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စီးပွားရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကပါ အသိအမှတ်ပြုရတဲ့ လုပ်ငန်းကြီး နှစ်ခု ရှိခဲ့ပါတယ်။ တစ်ခုကတော့ ဆက်သွယ်ရေးလုပ်ငန်းအတွက် နိုင်ငံ တကာ အော်ပရေတာ ခေါ်ယူမှုဖြစ်ပြီး နောက်တစ်ခုကတော့ နိုင်ငံခြား ဘဏ်တွေကို ပြည်တွင်းမှာ အခြေစိုက်ခွင့်ပေးတာပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် တက်လာကာစ အချိန်က ဆက်သွယ်ရေး မိုဘိုင်းဖုန်းကွန်ယက် ဖြန့်ကျက်နိုင်မှုနဲ့ အသုံးပြုနိုင်မှု ပမာဏဟာ အလွန်သေးငယ်ပါတယ်။ ဒီအတွက် ဆက်သွယ်ရေး မိုဘိုင်းဖုန်း အော်ပရေတာ ဈေးကွက်ဆိုတာ ဒေါ်လာ ဘီလျံချီတန်တဲ့ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်နေခဲ့တာပါ။ ဒါကြောင့် ပြည်တွင်းက ချမ်းသာကြွယ်ဝနေတဲ့ စစ်အာဏာပိုင် အသိုင်းအ၀ိုင်း တွေနဲ့ ခရိုနီတွေက ဒီဈေးကွက်ကြီးကို အလွန်မျက်စေ့ ကျကြပါတယ်။ သူတို့ တွေကိုသာ လုပ်ကိုင်ခွင့်ပေးလိုက်ရင် သူတို့စိတ်ကြိုက် နိုင်ငံခြားကုမ္ပဏီတွေ နဲ့ ပူးပေါင်းပြီး အကြီးအကျယ် အကျိုးအမြတ် ဖြစ်ထွန်းမယ် ဆိုတာကိုလည်း မြင်ကြပါတယ်။ ဒါကြောင့် မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဖုန်း လုပ်ငန်းမှာ နိုင်ငံခြား အော်ပရေတာတွေကို လုပ်ကိုင်ခွင့် ပေးတော့မယ်၊ ပွင့်လင်းမြင် သာမှု ရှိရှိ နိုင်ငံတကာ တင်ဒါ ခေါ်တော့မယ်ဆိုတာ သိတဲ့အခါ လွှတ်တော်ထဲက ခရိုနီအုပ်စုတွေက သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကို အကြီးအကျယ် ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကတော့ ဂျာမန် အကြံပေးကုမ္ပဏီ ရိုလန်ဘာဂါ Roland Berger ကို ခေါ်ယူပြီး စနစ်တကျ တင်ဒါခေါ်ယူ၊ နိုင်ငံတကာ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီတွေကို ပြိုင်ဆိုင်ခိုင်းခဲ့ပါတယ်။ တင်ဒါခေါ်ယူမှု စနစ်ကျတာ၊ ပွင့်လင်းမြင်သာမှု ရှိတာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကျေနပ်ကြပါတယ်။ တင်ဒါအောင်မြင်ပြီး နောက်ပိုင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ခွင့်ရတဲ့ နော်ဝေအခြေစိုက် တယ်လီနော နဲ့ ကာတာအခြေစိုက် အူရီဒူးတို့ ရင်းနှီးမြှုပ်နှံ၊ လုပ်ငန်းအပြိုင်အဆိုင် လုပ်ကိုင်လာလိုက်ကြတာ အခုနောက်ဆုံး တစ်နိုင်ငံလုံး ဆင်းကဒ် ၁၇ သန်းကျော် ရောင်းချနိုင်တဲ့ အနေအထား ရောက်နေပါပြီ။ ဒါပေမယ့် ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာစဉ်က စီစဉ် ဆုံးဖြတ်ထားသလိုပဲ မြန်မာ့ဆက်သွယ်ရေး အပါအ၀င် နောက်ထပ် ဆက်သွယ်ရေး အော်ပရေတာတစ်ခု ထပ်ပြီး ခွင့်ပြုပါဦးမယ်။

အဲဒီ ကုမ္ပဏီကတော့ မြန်မာပိုင်ချည်းပဲ မဟုတ်သလို၊ နိုင်ငံခြား ကုမ္ပဏီကိုပဲ ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ပေးမှာမျိုးလည်း မဟုတ်ပါဘူး။ မြန်မာဘက်က အများပိုင် ကုမ္ပဏီတွေ စုပေါင်းပြီး အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်၊ နိုင်ငံခြား ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင် လုပ်ကိုင်နိုင်မယ့် အခြေအနေမျိုးပါ။ ဒီကုမ္ပဏီလုပ်ငန်း စတင်နိုင်ဖို့အတွက် မြန်မာဘက်က ကုမ္ပဏီ စုဖွဲ့တာ လုပ်ခဲ့သလို၊ ပြည်ပက မိတ်ဖက် ကုမ္ပဏီ ရှာဖွေ ဆွေးနွေးတာတွေလည်း လုပ်ခဲ့ပါတယ်။ ခုဆို မြန်မာဘက်မှာတော့ ကုမ္ပဏီ (၁၁) ခု စုစည်းထားနိုင်ပါပြီ။ ဒါပေမယ့်လည်း မိတ်ဖက်ကုမ္ပဏီအဖြစ် ဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီများ အုပ်စု၊ ထိုင်းနိုင်ငံက True လုပ်ငန်းစု၊ မလေးရှားနိုင်ငံက Axiata ကုမ္ပဏီတွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအတွက် အခုနောက်ဆုံး မိတ်ဖက် ကုမ္ပဏီတစ်ခု ရွေးချယ်မှာဖြစ်ပြီး ဒီလိုဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကို နိုင်ငံတကာ တင်ဒါခေါ်ယူမယ်လို့ သိရပါတယ်။ နိုင်ငံတကာ တင်ဒါခေါ်ယူဖို့အတွက် အစိုးရက တင်ဒါခေါ်စဉ်က ငှားရမ်းခဲ့တဲ့ ရိုလန်ဘာဂါ Roland Berger ကုမ္ပဏီကိုပဲ ငှားရမ်းမယ်လို့ သတင်းဖြစ်ပေါ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဖက် စီးပွားရေးလုပ်ငန်းအတွက် ခုလို ပွင့်လင်းမြင်သာမှုရှိရှိ နိုင်ငံတကာ တင်ဒါခေါ်မယ်ဆိုတာကတော့ ကောင်းမွန်တဲ့ အစဉ်အလာ ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ကြီးမားတဲ့ ငွေကြေးကုန် ကျမှု အလွန်များတဲ့ လုပ်ငန်းကြီးတွေ လုပ်ကိုင်ဆောင်ရွက်တာ ရှိပေမယ့် နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ ခေါ်ယူတုန်းကလို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ခဲ့တာမျိုး သိပ်မတွေ့ရပါဘူး။ ကုမ္ပဏီတွေ ဘက်က လာပြီး အဆိုပြုတာ၊ အစိုးရဘက်က ရှာဖွေ ရွေးချယ် ဆွေးနွေးတာ တွေပဲ များပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပြဿနာ အများကြီး ပေါ်ခဲ့တဲ့ သာဓလည်း ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေါ်လာဘီလျံချီ ရင်းနှီး မြှုပ်နှံမယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း၊ ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ်က ဒေါ်လာ ၁၅ ဘီလျံလောက် တန်မယ်ပြောတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေလည်း ပါဝင်ပါတယ်။

အခြားသော ဒေါ်လာသန်းချီတန် ရန်ကုန် ခုံးကျော်တံတား စီမံကိန်းတွေနဲ့ အခြားမြောက်များစွာသော လုပ်ငန်းတွေမှာလည်း ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ် ကျင့်သုံးတာ မရှိခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို စတုတ္တ မြောက် ဆက်သွယ်ရေး အော်ပရေတာအတွက် မိတ်ဖက် နိုင်ငံတကာ ကုမ္ပဏီကို ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါခေါ်တာကို ကြိုဆို ရမှာ ဖြစ်သလို၊ ဦးသိန်းစိန်အစိုးရရဲ့ နောက်ထပ် ကျန်တဲ့ သက်တန်း ကာလတိုလေးအတွင်းမှာ အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်သွားသင့်ပါကြောင်း သုံးသပ် တင်ပြလိုက် ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List