Friday, November 20, 2015

ပြိုင်ဖက်ပါတီများမှ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ၁၀၀ ကျော်ကို ကြံ့ခိုင်ရေးပါတီမှ ကော်မရှင်သို့ တိုင်ကြားကန့်ကွက်ရန် ပြင်ဆင်လျက်ရှိဟု ဆို


ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အများအပြားသည် ရွေးကောက်ပွဲတွင် ပြိုင်ဘက်များက မသမာမှု ပြုလုပ်သည်ဟု ယူဆသည်များကို ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက် တင်သွင်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၁၀၀ ခန့်က ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားရန် စီစဉ်နေသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ပါတီတွဲဖက်ဥက္ကဋ္ဌ ဦးဌေးဦးက “ဟုတ်ပါတယ်။ ဒါအမှန်ပါ။ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ရလဒ်က လွတ်လပ်မျှတတဲ့ ရွေး ကောက်ပွဲ စံနှုန်းနဲ့ မညီဘူးလို့ ယုံကြည်ရင် ကန့်ကွက်လွှာ တင်သွင်းဖို့ ပြောကြားထားပါတယ်” ဟု ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေအရ ၀င်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းများ သည် ပြိုင်ဘက်များအား ကန့်ကွက်လွှာ တင်သွင်းခြင်းကို ရွေးကောက်ပွဲ ရလဒ်ကြေညာပြီး ၄၅ ရက်အတွင်း အာမခံငွေ ၅ သိန်း တင်သွင်း ၍ ပြုလုပ်နိုင် သည်။

ရွေးကောက်ပွဲ ကော်မရှင်က ထိုကန့်ကွက်လွှာများနှင့် ပတ်သက်မှု ၊ အရေးယူဆောင်ရွက်မှု ပြုရာတွင် အချိန်ကန့်သတ်ချက် သတ်မှတ်ထားခြင်း မရှိဟု ကော်မရှင်မှ လက်ထောက်ညွှန်မှူး ဦးကျော်မင်းဇော် က ပြောကြား သည်။

ရွေးကောက်ပွဲအနိုင်ရ အမတ်သည် ကန့်ကွက်ခံရသော်လည်း ၂၀၁၆ ဇန်န၀ါရီနှောင်းပိုင်းတွင် စတင်မည့် လွှတ်တော်သစ်ကို တက်ရောက်ခွင့် ရှိသည်ဟု ယင်းက ဆိုသည်။ ဦးဌေးဦးက ကြံ့ခိုင်ရေးပါတီသည် လွတ်လပ် မျှတသည့် ရွေးကောက်ပွဲကို လိုလားသည်ဟု ပြောကြားခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရမည်ဟု ပြောကြားခဲသည်။

“ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ” ဟု ဦးဌေးဦး က ဆိုသည်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများသည် ကန့်ကွက် လွှာ တင်သွင်းခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက် ၍ ကော်မရှင်ထံ မေးမြန်းနေသည်ဟု ၄င်းက ဆိုသည်။

NLD ပါတီမှ ကိုယ်စားလှယ်လောင်းများတွင် ထိုသို့ ကန့်ကွက်သူ မရှိသေးပေ။ပြည်ခိုင်ဖြိုးပါတီအနေဖြင့်ကန့်ကွက်လွှာများကို ရှုံးသည့် အတွက် တင်ခြင်း မဟုတ်ဘဲ နောင်လာမည့်ရွေးကောက်ပွဲအတွက် ပြုပြင်လိုသည့် သဘောဖြင့် သာ ကန့်ကွက်သွားမည်ဟု ဦးဌေးဦး က ပြောကြားခဲ့သည်။

ကန့်ကွက်လွှာတင်သွင်းမှု ကို ပြည်ခိုင်ဖြိုးပါတီဗဟိုက တိုင်ကြားမည် မဟုတ် ဘဲ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကိုယ်စား လှယ်များက ဖြစ်စဉ်နှင့် တကွ တိုင်ကြားမည်ဟု ဦးဌေးဦးက ဆို သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List