Friday, November 20, 2015

အစိုးရသစ်နှင့်ပူးပေါင်းပြီး မြန်မာကိုဆက်လက်ကူညီရန် သမ္မတဦးသိန်းစိန် အိုဘားမားအား တိုက်တွန်းမည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် (၂၇)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်ထိပ်သီးအ စည်းအဝေးများသို့ တက်ရောက် ရန် နိုဝင်ဘာ ၂၁ ရက်၌ မလေးရှား နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး အစည်းအဝေးကာလအတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် သီးသန့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတနှစ်ဦး၏ သီးသန့် တွေ့ဆုံမှုတွင် အစိုးရသစ်နှင့် ပူးပေါင်း၍ မြန်မာပြည်သူများအား ဆက်လက်ကူညီရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းမည်ဖြစ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

‘‘ပထမဆုံးကတော့ ကျွန် တော်တို့နိုင်ငံမှာ ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ကျွန်တော်တို့ရဲ့ ဆောင်ရွက်နေမှုတွေကို ရှင်းပြဖို့ရှိတာပေါ့။ နောက်တစ်ခုက ဒီရွေးကောက်ပွဲအကြိုကာလတွေမှာ ရွေးကောက်ပွဲကော်မရှင်ကိုရော၊ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ ပြည်တွင်းက NGO အဖွဲ့တွေကိုရော အမေရိကန်နိုင်ငံက ကူ ညီပေးခဲ့တဲ့အတွက် ကျွန်တော် တို့က ကျေးဇူးတင်ကြောင်း ပြော မှာပေါ့။ ပြီးရင်တော့ နောင်ဖြစ် လာမယ့် အစိုးရနဲ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာ နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးနဲ့ မြန်မာပြည်သူတွေကို ဆက်ပြီး တော့ ကူညီဖို့တိုက်တွန်းမှာပေါ့’’ ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

အမေရိကန်သမ္မတ ဘား ရက်အိုဘားမားသည် မလေးရှား နိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့ အာရှထိပ်သီးအစည်းအဝေးများ သို့ တက်ရောက်မည်ဖြစ်ပြီး အ စည်းအဝေးများအပြီး နိုဝင်ဘာ ၂၂ ရက်၌ သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ နိုဝင်ဘာ ၁၂ ရက် အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲတွင် အိမ်ဖြူတော် အမျိုးသားအကြံပေးပုဂ္ဂိုလ် BenRhodes က အတည်ပြုပြောကြား ထားသည်။

သမ္မတအိုဘားမားအပြင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ကလည်း သမ္မတ ဦးသိန်းစိန်၏ အာဆီယံအစည်း အဝေးခရီးစဉ်အတွင်း တွေ့ဆုံခွင့်တောင်းထားသဖြင့် အချိန်ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့သေးသည်။

‘‘အိန္ဒိယကတော့ မြန်မာပြည်က အာဆီယံရဲ့ ဂိတ်ဝေးဖြစ်နေတယ်။ အဲဒီပရောဂျက် (ASEAN Highway)ကို လုပ်ချင်ပုံရတယ်။ ဝန်ကြီးချုပ်မိုဒီက စီးပွားရေးတက် လာဖို့ စိတ်အားထက်သန်တယ်။ အာဆီယံနဲ့ မပေါင်းလို့မရဘူး။ စီးပွားရေး၊ ဆက်သွယ်ရေးကို သူအဓိကဆွေးနွေးလိမ့်မယ်’’ ဟု ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ဘင်္ဂါလီအရေးကိစ္စတွင် ဖိအားပေးခဲ့သော မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံအစည်း အဝေးအတွင်း ဘင်္ဂါလီကိစ္စ တင် ပြလာပါက လက်ခံဆွေးနွေးမည် မဟုတ်ကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

‘‘အာဆီယံထိပ်သီးအစည်း အဝေးမှာရော၊ အရှေ့အာရှဆန်း မစ်မှာရော ကျွန်တော်တို့ဘက်က တော့ ခုန အိုဘားမားကို ရှင်းပြသလိုပဲ။ ကျွန်တော်တို့လုပ်ဆောင် ချက်တွေနဲ့ မြန်မာပြည်သူတွေကို ဆက်ပြီး ကူညီဖို့ ပြောကြားမှာပါ။ ဒီကိစ္စက အရင်ဆန်းမစ်မှာတုန်း ကရော အဆက်ဆက်သော ဆန်း မစ်တွေမှာပါ ကျွန်တော်တို့နိုင်ငံ ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ဘင်္ဂါလီကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်လို့ ဒီ အာဆီယံမှာ ဆွေးနွေးတာကို လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ ကလည်း ဆွေးနွေးမှာ မဟုတ်ပါ ဘူး’’ဟု ဦးရဲထွဋ်ကပြောသည်။

၂၀၁၄ ဩဂုတ်က နေပြည် တော်တွင် ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ အင်ဒိုသမ္မတ ဟောင်း ဆူဆီလိုဘန်ဘန်းယူဒိုရို နို သမ္မတအဖြစ် နောက်ဆုံးတက် ရသည့် အစည်းအဝေးဖြစ်ခြင်း ကြောင့် အာဆီယံခေါင်းဆောင် များက အစည်းအဝေး၌ ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြသည်။

သို့ဖြစ်ရာ ၂၀၁၅ ရွေး ကောက်ပွဲတွင် အတိုက်အခံပါတီ က အနိုင်ရသဖြင့် သမ္မတ ဦးသိန်း စိန်၏ နောက်ဆုံးသက်တမ်းအ ဖြစ် ဂုဏ်ပြုနှုတ်ဆက်ဖွယ် ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေးကာလအတွက် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို မဖြစ်မနေ ရည်ညွှန်းဂုဏ်ပြုပြီး တော့ သမ္မတကြီးဦးသိန်းစိန်ကို အသိအမှတ်ပြုလိမ့်မယ်လို့ ထင်ပါတယ်’’ဟု ဦးရဲထွဋ်က ပြော သည်။

နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံသို့ ယခုနှစ်အတွင်း သုံးကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး မတ်လ ၁၂ ရက်က ချစ် ကြည်ရေးခရီးတစ်ကြိမ်၊ ဧပြီ ၂၆ ရက်က (၂၆)ကြိမ်မြောက် အာဆီ ယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန်နှင့် ယခုတစ်ကြိမ် ဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List