Thursday, November 19, 2015

ရွေးကောက်ပွဲ အလဲအကွဲ ရှုံးနိမ့်ခြင်းမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွက် မယုံကြည်နိုင်ဖွယ် အံ့အားသင့်စရာဖြစ်နေဆဲဟု ဆို


နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးများ၏ ကာလရှည်ပြိုင်ဘက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရ ခဲ့သည့်အခါ စစ်တပ် ကျောထောက်နောက်ခံ အာဏာရပါတီနှင့် အစိုးရမှာ အံ့အားသင့်သွားခဲ့ကြသည်။
နိုင်ငံတော်သမ္မတရုံးမှ ဦးဇော်ဌေး က ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ “ကျွန်တော်တို့ တွက်ချက် ထားတာတွေ အားလုံး မှားခဲ့ပါတယ်။ ဒါက ဆူနာမီ တစ်ခုလိုပါပဲ။ ပြီးခဲ့တဲ့ နှစ် ၅၀ အတွက် ပြန်ပေးဆပ်ရသလိုပါပဲ” ဟု ပြောကြား ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့မတိုင်မီ ရက်ပိုင်းအလိုတွင် ပြည်ခိုင်ဖြိုးပါတီ တွဲဖက် ဥက္ကဌက ၈၀% အထိ နိုင်နိုင်ကြောင်း မီဒီယာသို့ ပြောကြား ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီတွင် ပါတီဝင် ၁၃ သန်းရှိကြောင်း တရားဝင်ကြေငှာဖူး သော်လည်း မဲ ၁၃ သန်း ဒင်ပြည့်ကျပ်ပြည့် ရရှိခဲ့ပုံ မပေါ်ပေ။

ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဟု အကြိမ်ကြိမ် ကတိပြု ထားသော အာဏာရပါတီနှင့် စစ်တပ်ခေါင်းဆောင်များမှာ ကိုယ့်စကားနှင့် ကိုယ် ချောင်ပိတ်မိသကဲ့သို့ ဖြစ်နေသည်။ အစိုးရက ဖွဲ့ထားသည့် မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ဒါဟာ မမျှော်လင့်တဲ့ အခြေအနေပါ။ အစိုးရနဲ့ စစ်တပ်မှာ ပလန် A၊ B၊ C ပြီး ရှိနိုင်ပေမယ့် အခုက ပလန် Z က ဖြစ်သွားတာပါ” ဟု ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရွေးရန် အဆင်မပြေဖြစ်ခဲ့သည့် အရာရှိကြီးများလည်း တစ်သီးပုဂ္ဂလ အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မဲကွဲသွားစေရန် ဖြစ်သည်။

သို့သော် NLD ပါတီက တိုင်းရင်းသားများတွင် နေရာအများအပြား အနိုင် ရခဲ့ပြီး လက်ရှိအာဏာရပါတီမှာ အမတ်နေရာ ၄၀ သာ အနိုင်ရခဲ့သည်။ “သူတို့ရဲ့ ရွေးကောက်ပွဲကြို ခန့်မှန်းချက်တွေ အားလုံး မှားခဲ့ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားခဲ့သည်။

လက်ရှိ အာဏာရပါတီသည် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ကာ အမတ်နေရာ အနည်းဆုံး ၁၃၀ ခန့် အနိုင်ရရှိပြီး လွှတ်တော်တွင် အများစု ပါတီဖြစ်လာရန် ရည်မှန်းထားခဲ့သည်ဟု ဦးလှမောင်ရွှေက ဆိုသည်။

ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခြင်းမှာ လူထုက စစ်အာဏာရှင်စနစ်ကို မလိုလားခြင်းကြောင့် ဖြစ်သည်ဟု NLD ပါတီမှ ဦးဥာဏ်ဝင်း က ပြောကြားခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲ မတိုင်မီ လ အနည်းငယ်အလိုတွင် အာဏာရပါတီ ဥက္ကဋ္ဌ ဖြုတ်ချခဲ့ရခြင်း အပါအ၀င် ပါတီတွင်း အကွဲအပြဲများ ကလည်း သက်ရောက်မှု ရှိခဲ့သည်ဟု ဦးဥာဏ်ဝင်း က ဆိုသည်။ “သူတို့က စည်းလုံးမှု မရှိပါဘူး” ဟု ယင်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲ တွင် ပြတ်ပြတ် သားသား အနိုင်ရခဲ့သဖြင့် နောင်လာမည့် အစိုးရဖွဲ့စည်းခွင့် ရရှိခဲ့ပြီဖြစ် သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အလားတူ အနိုင်ရ ခဲ့သော်လည်း ရလဒ်ကို ထိုစဉ်က အာဏာသိမ်း စစ်အစိုးရက အသိအမှတ် မပြုခဲ့ပေ။ သို့သော် ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် အာဏာရပါတီ ရှုံးနိမ့်မှုမှာ အလွန် လူသိထင်ရှားဖြစ်ပြီး သိသာထင်ရှားလွန်းလှသဖြင့် ရလဒ် ကို လျစ်လျူရှုရန် ခက်ခဲစေသည်ဟု ဆိုသည်။

အထူးသဖြင့် အနောက်နိုင်ငံများမှ အသိအမှတ်ပြုမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အလိုရှိနေသော ပြည်ခိုင်ဖြိုး အစိုးရက ရွေးကောက်ပွဲသည် ကမ္ဘာ့ စံနှုန်း အတိုင်း ဖြစ် ရမည်ဟု အကြိမ်ကြိမ် ကတိပြုထားသည်။

ဧရာဝတီသတင်းဌာန တည်ထောင်သူ ဦးအောင်ဇော်က “သူတို့က ကိုယ့်ကိုယ်ကိုယ် ချုပ်ပြီးသား ဖြစ်နေပါတယ်။ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ရလဒ်ကို လေးစား လိုက်နာမယ်လို့ ကတိပြုထားတဲ့ အတွက် နောက်ပြန်ဆုတ် လို့ မရတော့ပါဘူး” ဟု ပြောကြား ခဲ့သည်။

ဘန်ကောက်အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအင်စတီကျူမှ အကြီးတန်း သုတေသန ပညာရှင် ဦးဝင်းမင်းက “ဗိုလ်ချုပ်တွေက ပြည်သူတွေအပေါ် နားလည်မှု မရှိပါဘူး။ သူတို့ရဲ့ မျှော်လင့်ချက်တွေက လက်တွေ့မကျဘဲ ပြည်သူတွေရဲ့ ခံစားချက်နဲ့လည်း မကိုက်ညီပါဘူး။ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို ထည့်သွင်း တွက်ချက်ဖို့ ဗိုလ်ချုပ်တွေ ပျက်ကွက်ခဲ့ပါတယ်” ဟု ပြောကြား ခဲ့သည်။

အာဏာရပါတီမှ ရွေးကောက်ပွဲ ရှုံးနိမ့်ခြင်းမှာ မယုံကြည်နိုင်ဖွယ် အံ့အားသင့် စရာဖြစ်သည်။ ယင်းတို့မှာ ဇဝေဇ၀ါ အိပ်မက်ကဲ့သို့ ဖြစ်နေဆဲဟု ပြောကြား ခဲ့သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးတင့်ဇော်က “ကျွန်တော်တို့ ပါတီရဲ့မူဝါဒနဲ့ ကိုယ်စားလှယ်လောင်းတွေ အပေါ် ယုံကြည်မှုရှိပါတယ်။ ဒါပေမဲ့ လူထု က ပြောင်းလဲချင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အာဏာရ ပါတီသည် တိုင်းရင်းသားဒေသများမှ မဲဆန္ဒရှင်များနှင့် ပတ်သက် ၍ တွက်ချက်မှု လွဲမှားခဲ့ပြီး ပါတီတစ်ခုကို ပုံသေထောက်ခံသူ မဟုတ်သော မဲဆန္ဒရှင်များက NLD ကို အလုံးအရင်ဖြင့် မဲပေးခဲ့ခြင်း အကြောင်းရင်းကို နားမလည်နိုင်အောင် ဖြစ်ခဲ့သည်ဟု ၄င်းက ပြောကြားခဲ့သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List