Wednesday, November 18, 2015

မီဒီယာဒါလင် ဒေါ်အောင်ဆန်းစုကြည် မီဒီယာကို စိမ်းကားသွားပြီလား


ရွေးကောက်ပွဲအပြီး လွှတ်တော်ပြန်စတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမဆုံးနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြည်တွင်းပြည်ပ မီဒီယာ (၅၀) ကျော်လောက်က သတင်းသမားတွေ လွှတ်တော်ဝင်းအတွင်းမှာ ကင်မရာကြီးငယ် ကိရိယာတန်ဆာပလာ အစုံအလင်နဲ့ စောင့်ဆိုင်းနေကြပါတယ်။
သူတို့ စောင့်ဆိုင်းနေတဲ့အထဲမှာ နံပါတ် ၁ အရေးအကြီးဆုံးပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်။ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာ ၈ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်တဲ့ ရာခိုင်နူန်းနဲ့ အနိုင်ရထားတာ လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်မဟုတ်လား။

အစိုးရသစ်ဖွဲ့ရေး၊ ဘယ်သူ့ကို သမ္မတ တင်မှာလဲ၊ အာဏာလွှဲပြောင်းပေးရေး ဘယ်လိုဆောင်ရွက်သွားမှာလဲ စသဖြင့် မေးစရာမေးခွန်းတွေကလည်း တပုံတပင် ရှိနေတယ်လေ။ ရွေးကောက်ပွဲမကျင်းပမီ ၃ ရက်အလို နိုဝင်ဘာ ၅ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်းခြံဝင်းထဲမှာ မီဒီယာပေါင်း သောင်းခြောက်ထောင်ကို ၂ နာရီကျော် ၃ နာရီနီးပါး ဒိုင်ခံ သတင်းစာရှင်းလင်းသွားခဲ့တယ်လေ။

သမ္မတအထက်မှာ သူမရှိနေမယ် အစိုးရအဖွဲ့နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အားလုံးကို သူမကပဲ ချမှတ်သွားမယ်၊ သမ္မတကိုလည်း သူမကပဲ ထိန်းကျောင်းသွားမယ်ဆိုလို့ တလောကလုံး ပွက်လောရိုက်ခဲ့ကြတာ ဘာကြာသေးတာ မှတ်လို့။ အနိုင်ရပါတီရဲ့ ခေါင်းဆောင်ကြီး၊ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီ icon အဖြစ်လက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လှေခါးထစ်တွေကနေ တထစ်ချင်းခေါင်းမော့တက်လာတဲ့ ပုံရိပ်ကိုအမိဖမ်းဖို့ သတင်းထောက်တွေ စောင့်ဆိုင်းနေခဲ့ကြတာပါ။

ဒါပေမယ့် ပြည်သူချစ်တဲ့ မီဒီယာချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ ၀င်ပေါက်က တက်လာပြီး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ထိုးတဲ့စားပွဲခုံပေါ်က အမည်စာရင်းမှာ လက်မှတ်ထိုးပြီး မျက်နှားထားတင်းတင်းနဲ့ အစည်းအဝေးခန်းမထဲကို အနီးဆုံးဝင်ပေါက်က ၀င်သွားခဲ့တယ်။

နောက် ၂ ရက်ဖြစ်တဲ့ နိုဝင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေကို ရှောင်တိမ်းနေတယ်ဆိုတာ ပို သေချာသွားခဲ့ပါတယ်။ လွှတ်တော်တက်ဖို့လာတဲ့ ဒေါ်အောင်ဆန်းစုကြည် VIP ပေါက်က၀င်ပြီး အစည်းအဝေးခန်းမထဲ ၀င်ရောက်သွားပါတော့တယ်။ လွှတ်တော်မှာ သတင်းထောက်တွေဟာ သူတို့အတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ နေရာ (အစည်းအဝေးခန်းမထဲ ၀င်လို့မရပါ) ကသာ သတင်းယူရတာပါ။ လွှတ်တော်ထဲမှာ အဆိုတင်သွင်းတာတွေ အပြန်အလှန် ငြင်းခုန်ဆွေးနွေးတာတွေကို တီဗီဖန်သားပြင်ကသာ ကြည့်ရှုမှတ်တမ်းတင်ရတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရှင်လတ်လတ် ဓါတ်ပုံလိုချင်ရင် လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်၊ လွှတ်တော်မစတင်မီ ဒါမှမဟုတ် လွှတ်တော်အပြီးမှာ ချဉ်းကပ်ပြီး ရိုက်ရ အင်တာဗျုးလုပ်ကြရတာ ဖြစ်ပါတယ်။

အပေါ်ကပြောခဲ့တဲ့ ၂ ရက်မှာ လွှတ်တော်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်သည် Attendance လက်မှတ်ထိုးတဲ့စာအုပ်ကို NLD ကိုယ်စားလှယ် ဦးအောင်စိုးကို အယူခိုင်းစေပြီး တံခါးပိတ် လက်မှတ်ထိုးပါတယ်။

မြန်မာနိုင်ငံက ပြည်တွင်း ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်အများစုက ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလတလျှောက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တလျှောက် မမောတမ်း မပမ်းတမ်း တကောက်ကောက်လိုက်လို့ ရသမျှသတင်းကို ပြည်သူ့ထံ တာဝန်ကျေစွာ တင်ဆက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဇောင်းပေးရေးသားလွန်းတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးဌေးဦးက သူတို့ပါတီရှုံးတာ သူတို့ဘက်မှာ မီဒီယာမရှိလို့လို့ ပြောသွားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။

အရင်ကဆို ဒေါ်အောင်ဆန်းစုကြည်က “သားတို့သမီးတို့ ခဏစောင့်ပေးပါ။ ပြောသင့်ပြောထိုက်တာတွေကို ပြောသင့်တဲ့အချိန်ကျရင် ပြောပါမယ်”ဆိုတဲ့ သဘောမျိုး ပြောနေကျပါ။ ဒါကို သတင်းသမားတွေက နားလည်လက်ခံကြပါတယ်။
အခု မီဒီယာသမားတွေ ရင်ထဲမှာဖြစ်နေတဲ့ခံစားချက်က ဆန့်ကျင်ကန့်ကွက်တာမဟုတ်ဘဲ အမေစု စိမ်းကားသွားပြီလားဆိုတဲ့ သို့လောသို့လော ၀မ်းနည်းအားငယ်မှုမျိုးပါ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List