Thursday, November 19, 2015

“ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒဏ်ရာအမာရွတ်များကို ပျောက်ကင်းစေရန် ကူညီပါလိမ့်မည်” ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop က The Australian သတင်းစာတွင် ဆောင်းပါးရေးသား


ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ မှ၂၀၁၀ အတွင်းတွင် နေအိမ် အကျယ်ချုပ်နှင့် အခြားပုံစံများဖြင့် ထိန်းသိမ်းခံရမှုကို ၁၅ နှစ်ခန့် ကြုံတွေ့ ဖြတ်ကျော်ခဲ့ရသည်။သို့သော် မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ် လာစေချင်သည့် သူ၏ဆန္ဒနှင့် စိတ်ပိုင်းဖြတ်ထားမှုမှာ ယိမ်းယိုင်သွားခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့် သည့်အခါ ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌကဒေါ်အောင်ဆန်းစုကြည် သည် “အာဏာမရှိသူ၏ စွမ်းအားကို ဖော်ပြသည့် အံ့မခန်း နမူနာတစ်ခု”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်းမှာ ရှည်လျားပြီး ကြမ်းတမ်းခဲ့သည်။ ရန်ကုန်မြို့ အင်းယား ကန်စောင်းရှိ နေအိမ်တွင် ၁၉၉၅ အောက်တိုဘာက ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးကတည်းက ဤခရီးကို ကျွန်မ အနီးကပ် စောင့်ကြည်နေခဲ့သည်။

ကျွန်မတို့၏ တွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ်တစ်အုပ် ရေးသားခဲ့သူ ကနေဒါ စာရေးဆရာ အမတ်တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ ထိုစာရေးဆရာက ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးခွင့် ရရှိခဲ့ပြီး ကျွန်မက အဖော်လိုက်သွားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ ထည်ဝါသော အိမ်ကြီးရခိုင် ဖြစ်သော်လည်း ပြုပြင်ထိန်သိမ်းမှု မရှိခြင်းကြောင့် ယိုယွင်းမှုများကို တွေ့ရသည်။ အိမ်ကို မြင့်မားသည့် ခြံစည်းရိုးဖြင့် ကာရံထားပြီး အစောင့်များလည်း ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရရန် မျှော်လင့်ချက်ဖြင့် လူရာဂဏန်းက အိမ်တံခါးရှေ့တွင် စုဝေးနေကြသည်။ တွေ့ဆုံမှုမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖြူလျော့လျော့ အလှနှင့် မြန်မာပြည်သူများအတွက် စိတ်အားထက်သန်သည့် စကားလုံးများက ကျွန်မကို ဖမ်းစားနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် သင့်သည်ထက် ပိုမိုထိခိုက် နာကျင်ခံစားခဲ့ရသဖြင့် ဒီမိုကရေစီနှင့် လွတ်လပ်မှုခရီးကြမ်းတွင် ကြီးမားသည့် တိုးတက်မှုတစ်ခုကို ပြီးခဲ့သည့်ရက် တစ်ပတ်အတွင်းက ပြုလုပ်နိုင်ခဲ့သည်ကို မြင်ရခြင်းမှာ စိတ်လှုပ်ရှားဖွယ်နှင့် ၀မ်းမြောက်ဖွယ် ဖြစ်သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲသည် ၁၉၉၀ နောက်ပိုင်း နိုင်ငံရေးပါတီ အားလုံးပါဝင်သည့် ပထမဆုံး အထွေထွေ ရွေးကောက်ပွဲ ဖြစ်သည်။ လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားသဖြင့် အပြည့်အ၀ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတော့ မဖြစ်သေးပေ။ သို့သော် ပြည်သူများက ယင်းတို့၏ အသံကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်အရ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် အစိုးရဖွဲ့ရန် လုံလောက်သည့် အနိုင်ရမှု ရရှိခဲ့ပြီးဖြစ်သည်။ သမ္မတသစ် မည်သူဖြစ်မည်ကို သိရန်မူ အချိန်အနည်းငယ် လိုမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်သစ်နှင့် အစိုးရသစ်သည် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေးရချိန်တွင် အရှေ့တောင်အာရှ၏ အချမ်းသာဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင် ပြီးခဲ့သည့် ၅ နှစ်အတွင်း သိသာထင်ရှားသည့် တံခါးဖွင့်မှုများ ပြုလုပ်ခဲ့သည့်တိုင် ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ပြီးနောက် မြန်မာ့စီးပွားရေး၏ ကဏ္ဍတိုင်းတွင် ပြုပြင်ပြောင်းလဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည်။ မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် တိုးတက်မှုများ ရှိခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချူပ်ဆိုခဲ့သည်။ သို့သော် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြည်သူများ၏ ဘ၀ တိုးတက်လာစေရန် အခြေခံဖြစ်သည့် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတို့ တည်ဆောက်၍ များစွာဆောင်ရွက်ရဦးမည် ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်လည်း တင်းမာမှုများ မြင့်တက်နေပြီး နှိင်ငံမှ စွန့်ခွာပြီးသူ ဘင်္ဂါလီများ အများအပြားရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၀၈ ဆိုင်ကလုန်းနာဂစ်နှင့် ယခုနှစ် သြဂုတ်လအတွင်း ဆိုင်ကလုန်း ကိုမန်ကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကိုလည်း မကြာခဏ ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ဗဟိုချက်နေရာတွင် တည်ရှိပြီး မဟာဗျူဟာအရ အရေးပါသည့် နေရာတွင် ရှိနေသည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်ဖြစ်ပြီး လူဦးရေ များပြားကာ သဘာဝသယံဇာတ ကြွယ်ဝခြင်းက ဒေသတွင်း အရေးပါမှု ဖြစ်လာရန် အလားအလာ ကောင်းများ ဖြစ်သည်။ ထိုအကြောင်းများကြောင့် မြန်မာနှိင်ငံအား တည်ငြိမ် ကြွယ်ဝသည့် နိုင်ငံအဖြစ် အောင်မြင်စွာ တည်ထောင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတွင် အပြုသဘောဖြစ် အားကောင်းစွာ ပါဝင်လာရန် သြစတြေးလျနှင့် အခြားနိုင်ငံများက တွေ့မြင်လိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခေါင်းဆောင်မှုမှာ နိုင်ငံရေးတွင် အရေးပါခဲ့ပြီး ဆက်လက် အရေးပါနေမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် သူ၏ ကာလရှည်ကြာ ရုန်းကန်မှုအပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၅ တွင် ပထမဆုံး တွေ့ဆုံမှုနောက်ပိုင်း ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် တွေ့ဆုံခဲ့ချိန်အထိ အကြိမ်များစွာ တွေ့ဆုံဖူးပြီး သူရင်ဆိုင်နေရသည့် ကြီးမားသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ကျွန်မ သိမြင်ထားသည်။ ရဲဝံ့မှုနှင့် ဂုဏ်သိက္ခာကို ဖော်ပြမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရမှုများနှင့် အထိန်းသိမ်း ခံထားရခြင်းများက တိုင်းပြည် လက်ရှိဒဏ်ရာများကို ကုသပေးရန် လိုအပ်သော ဥာဏ်ပညာနှင့် ကရုဏာတရားကို ရရှိခိုင်မာစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြင့် ကောင်းမွန်သည့် စတင်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခရီးလမ်းတွင် အခြားသူများ၏ အခန်းကဏ္ဍကိုလည်း သတိရသင့်သည့် ၊ ရွေးကောက်ပွဲ အနိုင်ရပြီး နာရီပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းခဲ့သည့် အတိုင်းပင် သမ္မတဦးသိန်းစိန်သည် ပါတီ ရှုံးနိမ့်ခဲ့သည့်တိုင် နိုင်ငံအား လမ်းကြောင်းမှန်ပေါ်တွင် ရှိနေစေရန် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ဦးသိန်းစိန်ကိုင်တွယ်ပုံမှာ နမူနာယူဖွယ်ဖြစ်ပြီး စစ်တပ်နှင့် အပေါင်းအပါများက ထိုနမူနာအတိုင်း လိုက်နာကျင့်သုံးခဲ့ပါက ဦးသိန်းစိန်မှာ အရေးပါသည့် အကျိုးဆက်တစ်ခု ချန်ထားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ အခက်အခဲများ ကြုံတွေ့နေရသည့် ကာလများတွင် သြစတြေးလျက မြန်မာပြည်သူများ နှင့်အတူ ရပ်တည်ခဲ့သည်။ မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအတွက် ဦးတည် အကူအညီပေးခဲ့သည်။ ကျွန်မတို့၏ ကူညီထောက်ပံ့မှုများကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပြည်သူချင်း ဆက်ဆံမှုနှင့် ပညာရေး အစီအစဉ်များမှ တစ်ဆင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။ မြန်မာပြည်သူများ အနေဖြင့် ရှည်လျားခက်ခဲသည့် လုပ်ဆောင်စရာများ ရှိနေဆဲဖြစ်သည်ကို ကျွန်မတို့ သိရှိထားပြီး သြစတြေးလျသည် မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်သွားမည် ဖြစ်သည်။



KHtun
Ref - The Australian
The Ladies News Journal

No comments:

Post a Comment

My Blog List