Tuesday, November 17, 2015

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရ NLD လွှတ်တော် ကိုယ်စား လှယ်များ ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် တွေ့ဆုံမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုမှ အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်အတွက် အလုပ်အမှုဆောင်အဖွဲ့များမှ တစ်ဆင့် ဖိတ်ကြားပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထိုထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့မှ အနိုင်ရလွှတ်တော် ကိုယ်စား လှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သိရသည်။ ထိုတွေ့ဆုံဆွေးနွေးမှုများကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရှိ သီရိခန်းမတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်မှုနှင့် ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အနိုင်ရ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “အောက်မြန်မာပြည်၊ အထက်မြန်မာပြည် ခွဲတွေ့မှာပါ။ အခုက အောက်မြန်မာပြည်က အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရင်တွေ့တာပါ။ အထက်မြန်မာပြည်က ကိုယ်စားလှယ်တွေနဲ့ တွေ့တာကတော့ တစ်ပတ်လောက် ခြားနိုင်ပါတယ်”ဟု ပြောကြားသည်။

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသား လွှတ်တော် ၁၃၅ ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၄၉၁ ဦး စုစုပေါင်း ၈၈၁ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ရလဒ်များ ကြေညာရန် ကချင်ပြည်နယ် မြောက်ပိုင်းရှိ နောင်မွန်းနှင့် ခေါင်လန်ဖူး မဲဆန္ဒနယ်များမှ ပြည်သူ့လွှတ်တော် နှစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် လေးနေရာ ကျန်ရှိနေသေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List