Thursday, November 19, 2015

အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို ပြင်သစ်မှာနှိမ်နင်း


ပြင်သစ်နိုင်ငံဟာ IS အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်ဝါဒနဲ့ စစ်ဖြစ်နေပြီး စစ်သွေးကြွတွေကို ပစ်မှတ်ထား နှိမ်နင်းဖို့အတွက် ကြီးမားတဲ့ ညွန့်ပေါင်းအဖွဲ့ တခု တည်ဆောက်ချင်တယ်လို့ ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်က ပြောလိုက်ပါတယ်။ ပါရီမြို့တော်က Saint-Denis ဆင်ခြေဖုံး အရပ်ကို ရဲတပ်ဖွဲ့က ခုနစ်နာရီကြာ စီးနင်းဝင်ရောက်ရှာဖွေပြီး သိပ်မကြာခင်မှာဘဲ ပြင်သစ် သမ္မတက ပြောလိုက်တာပါ။ ပြင်သစ်နိုင်ငံက အကြမ်းဖက်သမား နှိမ်နင်းရေး နောက်ဆုံးအခြေအနေ အပါအ၀င် ပါရီမြို့တ၀ိုက်က နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို ပြီးခဲ့တဲ့ သောကြာနေ့က အကြမ်းဖက် တိုက်ခိုက်မှုမှာ ကြိုးကိုင်စီစဉ်သူအဖြစ် သံသယရှိထားသူ IS စစ်သွေးကြွကို ပစ်မှတ်ထားပြီး ပါရီမြို့တော် ဆင်ခြေဖုံးရပ်ကွက်တခုကို ရဲတပ်ဖွဲ့က ဒီကနေ့ စီးနင်းဝင်ရောက်တာမှာ အမျိုးသမီး တဦးက အသေခံ ဗုံးဖောက်ခွဲခဲ့တယ်လို့ ပြင်သစ်အစိုးရရှေ့နေရုံးက ပြောပါတယ်။ အခုလို ၀င်ရောက်စီးနင်းမှုအတွင်း လူနှစ်ယောက်သေဆုံး၊ ခုနစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ပြင်သစ် အာဏာပိုင်တွေဘက်က ပြောပါတယ်။ စီးနင်းရှာဖွေမှုအတွင်း ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဒဏ်ရာရပြီး ရဲခွေးတကောင်လည်း သေဆုံးသွားပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့က Saint Denis မြို့ကို ၇ နာရီကြာ ၀င်ရောက်စီးနင်း ပြီးတဲ့နောက် သမ္မတ Francois Hollande က အခုလို ပြောသွားပါတယ်။

“ကျနော်တို့ စစ်ပွဲဆင်နွှဲ နေရတယ်ဆိုတာကို ဒီဖြစ်ရပ်တွေက ထပ်ပြီးတော့ အတည်ပြုနေပါတယ်။ ကျနော်တို့ဟာ အကြမ်းဖက် သမားတွေနဲ့ တိုက်နေရတာဖြစ်ပြီး သူတို့ကလည်း ကျနော်တို့ကို စစ်ကြေညာထားပါတယ်။ ဒါဟာ ဂျီဟတ် Daesh အဖွဲ့ရဲ့လက်ချက်ပါ။ သူတို့မှာ တပ်ရှိတယ်၊ ငွေကြေးအရင်းအမြစ်တွေရှိတယ်။ ပြီးတော့ ရေနံလည်းရှိသလို၊ နယ်မြေတွေလည်းရှိပါတယ်။ ကျနော်တို့နိုင်ငံ အပါအ၀င် ဥရောပတ၀ှမ်းမှာ အစ္စလာမ်အစွန်းရောက်တဲ့ သူတို့လူတွေ အတော်များများရှိပါတယ်။ အဲဒီမှာ သူတို့က လူတွေ အစုလိုက်အပြုံလိုက် သတ်ခဲ့သလို ဒီမှာလည်း သတ်ခဲ့တယ်။ နိုဝင်ဘာ ၁၃ ရက်ညက လူ ၁၂၉ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။”

ဒါပေမဲ့ သောကြာနေ့ ည တိုက်ခိုက်မှုကို အဓိက ကြိုးကိုင် စီစဉ်ခဲ့သူလို့ သံသယရှိထားသူ မော်ရိုကိုဖွား ဘယ်လ်ဂျီယံနိုင်ငံသား Abdelhamid Abaaoud ရဲ့ ကံကြမ္မာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အဲဒီအခင်းဖြစ်တဲ့နေရာမှာ ရှိနေလားဆိုတာကတော့ မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်။

ပါရီမြို့ ဆင်ခြေဖုံး Saint Denis မြို့နဲ့ ကပ်လျက်က Epinay မြို့မှာ နေထိုင်တဲ့ မခင်ဇင်မင်းကတော့ ပါရီမြို့တ၀ိုက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလို ပြောပါတယ်။

“၀င်စီးတဲ့ည မြို့ကို ကျတော့ D’urgence (အရေးပေါ်အခြေအနေ)ကြေညာလိုက်တယ်။ ပြီးတဲ့ အခါကျတော့ ဟိုတနေ့က ပါရီကလိုပဲ ဆိုင်တွေ အကုန်လုံးပိတ်လိုက်တယ်။ ကျောင်းတွေ အကုန်လုံး ပိတ်လိုက်တယ်။ ရှိသမျှ အကုန်လုံး Public အဆောက်အဦဆိုင်ရာ အကုန်လုံးကို ပိတ်ချလိုက်တယ်။ ဥပမာ- စာတိုက်ပေါ့နော်။ စာတိုက်လိုဟာမျိုး ဘဏ်လိုဟာမျိုး အကုန်လုံး ပိတ်ပစ်လိုက်တယ်။

အဲဒီ Saint Denis လိုမျိုးဟာကအစ။ ကျမတို့ ဒီဘက် ကပ်ရပ်မြို့မှာကျတဲ့ အခါကျတော့ ဥပမာ-ဘတ်စ်ကားတွေ ပေးမဆွဲဘူး။ လူတွေကို အိမ်ထဲမှာပဲ နေဖို့ပြောတယ်။ Transportation (သယ်ယူပို့ဆောင်ရေး) တွေ အကုန်လုံးကို ဖြတ်ပစ်လိုက်တယ်ပေါ့။ ရထားတွေဆိုရင် မြို့ပြင်သွားဖို့ ရထားတွေဆိုရင် အဲဒီမြို့ကို ရပ်တဲ့ ဘူတာတွေမှာ မရပ်ခိုင်းဘူး။ တောက်လျောက် Run လုပ်ခိုင်းတယ်။ အဓိက လူတွေရဲ့ Security ပေါ့နော်။ သူတို့ဝင်တဲ့အချိန်မှာ မသိလို့ အလုပ်ကို ထွက်သွားတဲ့ လူတွေရှိတယ်ဆိုရင် လမ်းမှာသူတို့ စစ်တပ်ကနေ ပြီးတော့ ပြန်ပြီးတော့ လိုက်ပို့ပေးတယ်။ ဥပမာ- ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လို့ရအောင်လို့ ဒါမဟုတ် ပါရီမြို့ထဲသွားချင်လား ပါရီမြို့ထဲကို ဒီပြင်လမ်းကနေပြီးတော့ ၀ိုက်ပြီးတော့ သွားလို့ရလို့ အဲဒီလိုမျိုး စုံစုံလင်လင်တော့ ပေးထားတယ်။ ကျမတို့ ကျောင်းတွေမှာဆိုရင် ကျမတို့ ဒီအခြေခံပညာနဲ့ မူလတန်းပညာကျောင်းရှေ့မှာ ဟိုဘက်ထိပ်နဲ့ ဒီဘက် ထိပ်မှရဲလာစောင့်ပေးထားတယ်။ ကျောင်းအုပ်ကနေ သဘောမတူဘဲနဲ့ ဘယ်မိဘမှ အတန်းထဲကို ၀င်ပြီးတော့ ကလေးကို ပို့လို့မရသလို ကြိုလို့လဲ မရဘူး။

မေး။ ။ ဒီ Saint Denis အပါအ၀င်ပေါ့နော်။ ဒီ ပါရီမြို့ တမြို့လုံး အဲဒီမှာ လူတွေရဲ့အနေအထားကရော ဘယ်လိုတွေ့ရသလဲ။

ဖြေ။ ။ တော်တော်တော့ပါးသွားတယ်။ လူတွေရင်ထဲမှာ အကြောက်တရား ဆိုတာကတော့ ကြီးစိုးသွားတယ်။ ဘာကြောင့်လဲ ဆိုတဲ့အခါကျတော့ ကျမသူငယ်ချင်းတွေနဲ့ ကျမ စကားပြောကြည့်တာပေါ့နော်။ ၁၃ ရက်နေ့မှာ လူတွေက ဘောလုံးပွဲကို တိုက်ရိုက်ကြည့်နေတဲ့အချိန်မှာ ဗုံးပေါက်တဲ့အသံကို ကြားလိုက်တယ်။ ဒါပေမယ့် လူတိုင်းဟာ လုံခြုံမှုကို အပြည့်ရနေတဲ့ နိုင်ငံမို့လို့လားတော့မသိဘူး သူတို့အနေနဲ့က ဗျောက်အိုးဖောက်တာလို့ပဲ ထင်လောက်တဲ့ အထိကို ဖြစ်ပြီးတဲ့ အချိန်မှာ အဲလို ဗုံးဖောက်တာကို သိသွားတဲ့ အချိန်မှာ သူတို့က အော် ငါတို့က ဘယ်လိုခေါ်မလဲ။ ငါတို့ကိုယ်ငါတို့ သိပ်လုံခြုံလှပြီဆိုပြီးတော့ ထင်ထားတဲ့အခြေအနေဟာ မလုံခြုံတော့ပါလားဆိုတဲ့ အကြောက်တရားပေါ့နော် Shock ဆိုတာတော့ ၀င်သွားတယ်။ ကျမကို အခုမေးရင်တော့ ပါရီထဲကိုတောင် မသွားရဲဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မြို့ကိုယ့်ရွာမှာ ကျတော့ ကိုယ်မြင်နေတယ် လေ။ ကျမကို အခု ပါရီထဲ သွားဆိုရင်တော့ ကျမသွားဖြစ်မှာ မဟုတ်ဘူး။ နေ့စဉ် မဖြစ်မနေလုပ်ရမယ့် နိစ္စဓူဝ ကိစ္စတွေကိုတော့ လုပ်နေမယ်။ ဥပမာ-ကျောင်းသွားစရာရှိတာ၊ အလုပ်သွားစရာရှိတဲ့ဟာ ။ ဒါပေမယ့် ဒီတိုင်းသွား ဖို့လာဖို့ဆိုတာကတော့ ကျမတို့ကို ဘရိတ်အုပ်လိုက်သလိုပေါ့နော်။ အဟန့်အတားဖြစ်သွားတယ်။ အဲဒီကြောက်စိတ်ကတော့ လူတိုင်းမှာတော့ ၀င်သွားတယ်။ မြို့က ဘယ်လိုဖြစ်သွားသလဲ ဆိုတော့ သိပ်ကြောက်ဖို့ ကောင်းတယ်။ စနေနေ့မနက်က ဆိုရင်ပေါ့နော် အမျိုးသားကသွားတာ အမျိုးသား အလုပ်လုပ်တဲ့နေရာဆိုတာ တော်တော်ကြီးကို စည်တယ်။ တကယ့် ပါရီမြို့လည်ခေါင် ရပ်ကွက်မှာ လူတွေဟာ သုသာန်တံစပြင်လိုပဲ ။ဘာဆိုဘာမှ မရှိတော့တဲ့အထိ ခြောက်သွားတယ်။”

ဒါ့အပြင် ပါရီမြို့တော်အတွင်းမှာ ဘတ်စ်ကားလိုင်းတွေကို ပြေးဆွဲခြင်းမရှိ တော့တဲ့အတွက် လူအများ နိစ္စဓူဝ သွားရေးလာရေး အခြေအနေတွေလည်း အကုန်ခက်ခဲကုန်တယ်လို့ မခင်ဇင်မင်းကပြောသွားပါတယ်။

VOA

No comments:

Post a Comment

My Blog List