Thursday, November 19, 2015

ရွေးကောက်ပွဲသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုးခဲ့သည့် ဗိုလ်ချုပ်တို့မိသားစု


''အစိုးရအဖွဲ့သစ်ထံ သတ်မှတ်ချိန်အတွင်း အစိုးရတာဝန်ကို စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ပြီး စိုးရိမ်ပူပန်မှုမရှိကြရန်'' ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံး ဧည့်ခန်းဆောင်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် များနှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ခဲ့သည်။
နိုင်ငံတော်သမ္မတကြီးရည်ညွှန်းသော အစိုးရအဖွဲ့သစ်ဆိုသည်မှာ ပြည် သူလူထု၏ ထောက်ခံဆန္ဒမဲအများ ဆုံးဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်ပင်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဖြစ်သူ ဒေါ် ခင်ကြည်တို့၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲကျင်းပသော လွှတ်တော် သုံးရပ်၊ မဲဆန္ဒနယ်မြေ ၁၁၅၀ ရှိသည့်အနက် နေရာပေါင်း ၁၁၂၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ် နေရာပေါင်း ၈၈၁ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၇၈ ဒသမ ၄၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဤရလဒ်မှာ နိုဝင်ဘာ ၁၅ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သော ကြေ ညာချက်အရ တွက်ချက်တင်ပြထားခြင်းသာဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ထပ်မံကြေညာဦးမည့် အနိုင်ရလဒ်စာရင်းကို ထည့်သွင်းတွက်ချက် ထားခြင်းမရှိသေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အနေဖြင့် ယခုလို ရွေးကောက်ပွဲ ရလဒ်ကို လွယ်လွယ်ကူကူနှင့် ရရှိခဲ့သည်တော့ မဟုတ်။ ၁၉၈၈ ခုနှစ်မှအစပြု၍ ပေးဆပ်လာခဲ့ရသော အတိတ် ဖြစ်ရပ်များကို မဆိုထားနှင့်။ ၂၀၁၅ ရွေးကောက်ပွဲ မဲ ဆွယ်စည်းရုံးခွင့်ပြုခဲ့သည့် စက်တင်ဘာ ၆ ရက်မှ နိုဝင် ဘာ ၆ ရက်အထိ မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် ရက် ပေါင်း ၆၀ အတွင်းမှာပင် နိုင်ငံတစ်နံတစ်လျားရှိ မြို့ ပေါင်း ၃၀ ကျော်၊ ခရီးစဉ်ပေါင်း ၄၁ ခုကို လေယာဉ်တစ် တန်၊ ကားတစ်တန်ဖြင့် မိုင်ပေါင်း ၇၀၀၀ ကျော်မျှသော ခရီးရှည်ကြီးကိုသွားခဲ့ပြီး ပြည်သူသုံးသန်းကျော် ခန့်ကို တွေ့ဆုံကာ မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။ အသက် ၇၀ ကျော်အရွယ်သို့ ရောက်နေသည့်တိုင် ဤမျှရှည်လျား လှသော ခရီးစဉ်တစ်လျှောက် ပြည်သူများကို နာရီပေါင်း များစွာ ဟောပြောစည်း ရုံးခဲ့ပြီး မေးသမျှမေးခွန်းပေါင်း မြောက်မြားစွာကိုလည်း အငြင်းအပယ် မရှိ ဖြေဆိုခဲ့သည်။ ၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင် ပြီး နှစ်ပေါင်း ၂ရ နှစ်မျှ လောကဓံလှိုင်းများကြားတွင် ခက်ခက်ခဲခဲရပ်တည် ခဲ့ပြီးမှ ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲ အများစုဖြင့် ယခုလို အနိုင်ရရှိခဲ့ခြင်း လည်းဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီ ကွင်း၌ပြုလုပ်ခဲ့သော လူထုသိန်းချီ တက်ရောက်ခဲ့သည့် ရွေးကောက်ပွဲ ကာလ နောက်ဆုံး မဲဆွယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က -
''ကျွန်မတို့ဟာ အားလုံးကိုကျောသားရင်သားမခွဲ ဘဲဆက်ဆံခြင်းဟာ တကယ့်ကိုသိက္ခာရှိတဲ့ အဆင့်ရှိတဲ့ နိုင်ငံရဲ့ အဖွဲ့အစည်းများရဲ့တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတမထားဘဲ အဖွဲ့ချုပ် ၁၀၀ ရာခိုင်နှုန်းနိုင်ရင် တောင် မှလက်ကမ်းကြိုဆိုပြီး အတူတွဲပြီးလုပ်ချင်တဲ့ စိတ်ရှိပါတယ်လို့ ကျွန်မပြော နိုင်ပါတယ်''ဟု အဖွဲ့ချုပ် ရာနှုန်းပြည့်နိုင်လျှင်သော်မှ ကျန်အနိုင်မရသော ပါတီ များနှင့်အတူ လက်တွဲလုပ်နိုင်ကြောင်း၊ အာဃာတကင်း စင်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သည် ၁၉၈၈ ခုနှစ်ကပင်စတင်ကာ အခက်အခဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင် ကျော် လွှားရပ်တည် ခဲ့ရသော ပါတီတစ်ခုအနေဖြင့် နှစ်ပေါင်း ၃၀ နီးပါး ရပ် တည်ခဲ့သည်ကိုချီးကျူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရဖွဲ့လျှင်လည်း ထိုအစိုးရအဖွဲ့သည် နိုင် ငံကိုဦးဆောင်နိုင်သော အစိုးရဖြစ်လာမည်ကို သူယုံကြည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံဒုတိယသံအမတ် ကြီး Ichiro Maruyama ကလည်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါသေးသည်။

ပြည်တွင်းပြည်ပမှ ယခုလိုအားပေးထောက်ခံမှု အပြည့်အဝ ရရှိနေ ဆဲဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးအဖြစ်သာမက နှစ်ပေါင်းရှည်ကြာရပ်တည်ခဲ့သော ပါတီတစ်ခု၏ခေါင်း ဆောင်လည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းသည်လည်း ၁၉၄ရ ခုနှစ် ဧပြီလ ၉ ရက်နေ့က ကျင်းပခဲ့သော တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကြီး၌ ယခုဒေါ်အောင်ဆန်းစုကြည် အနိုင်ရသလိုပင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ သည်ကို ပြန်လည်တင်ပြလို သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် လွတ်လပ် ရေးမရသေး။ လွတ်လပ်ရေးပေးမည်ဆိုသော ကတိအရ လွတ်လပ်ရေး အရယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမည်။ ဖွဲ့စည်း ပုံရေးဆွဲအတည် ပြုနိုင်ရေးအတွက် တိုင်းပြုပြည်ပြုလွှတ် တော်ခေါ်ရမည်။ တိုင်းပြုပြည် ပြုလွှတ်တော်ခေါ် ဖို့ဆိုလျှင် ရွေးကောက်ပွဲများ ပြုလုပ်ပေးရမည်ဖြစ်ရာ အင်္ဂလိပ်တို့ က ရွေးကောက်ပွဲကိုကျင်းပပေးခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က တပ်မှထွက်ကာ နိုင်ငံရေးသို့ဝင်သည်။ ပြည်သူများ ၏ တစ်ခဲနက်ထောက်ခံမှုကိုရရှိထားသော ဗိုလ်ချုပ် အောင်ဆန်းဘဝမှ ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌတာ ဝန်ကိုယူလျက် မြန်မာနိုင်ငံအနှံ့ စည်းရုံးရေးခရီးဆန့်ခဲ့ သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်အစ ပြုခဲ့သော ဗိုလ်ချုပ်၏စည်းရုံးရေး ခရီးစဉ်သည် ၁၉၄ရ ခုနှစ် ဧပြီ ၈ ရက်နေ့ရောက်မှ အဆုံးသတ်ခဲ့သည်ကို သတင်းစာဆရာကြီး ဦးပုကလေးရေးသားခဲ့သည့် ''ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ'' စာအုပ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ခရီးထွက်ရာတွင် တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ မေမြို့၊ မြစ်ကြီးနား၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကပ္ပလီနှင့် သထုံမြို့၊ ကယားပြည်နယ် လွိုင်ကော်၊ ရှမ်းပြည်နယ်တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ပင်လုံ၊ စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ မကွေးတိုင်း အတွင်းရှိ ရေစကြို၊ ပခုက္ကူ၊ ညောင် ဦး၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ အောင်လံ၊ ပြည် စသည်ဖြင့် မြန်မာပြည်တစ်နံတစ်လျား ကို လှည့်လည်စည်းရုံးဟောပြောခဲ့သည်။ ဗိုလ်ချုပ်၏ စည်းရုံးရေးခရီးစဉ် တစ်လျှောက်တွင် လမ်းပန်းဆက်သွယ် ရေးအခက်အခဲကြောင့် ပင်ပန်းကြီးစွာသွားခဲ့ရသည့် ခရီးစဉ်အချို့တွင် ဗိုလ်ချုပ် ကတော်ဒေါ်ခင်ကြည်က လိုက်ပါ ခဲ့သည်များလည်း ရှိခဲ့သည်။

ဗိုလ်ချုပ်သည် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးကို အရယူရန်ဆောင် ရွက်ရာတွင် ရွေးကောက်ပွဲဖြင့် အရယူရေး လှည့်လည်စည်းရုံးဟောပြော ခဲ့သလို တစ်ဖက်တွင် လည်း အင်္ဂလိပ်တို့က လွတ်လပ်ရေးကို အသာတကြည် ပေးအပ်ခြင်းမရှိပါက တော်လှန်ရေးဖြင့် အရယူရမည် ဖြစ်သည်ကို ၁၉၄ရ ခုနှစ် မတ်လ ၂၁ ရက်နေ့ မုံရွာမြို့ သို့ရောက်ရှိစဉ် ယခုလိုပြောကြားခဲ့သည်။

''အင်္ဂလိပ်ဟာ အတွင်းကြေကြေနေပြီ။ အဲဒါကြောင့် မို့ အခု သူဟာ လူလိမ္မာစကားကိုပြောနေရတယ်။ ကျုပ် တို့ကို လွတ်လပ်ရေးလိုချင်သလား။ မင်းတို့ကိုယ်တိုင် ကြေညာပါလို့ပြောတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ လွတ်လပ် ရေးမျိုးကိုမကြိုက်ဘူး။ အခု ကျုပ်တို့ဟာ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ထိထိရောက်ရောက် ဆောင်ရွက်မယ့်သူတွေ ကို လိုချင်တယ်။ အင်္ဂလိပ်နဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ ကျေနပ်ရင်ကျေနပ်၊ မကျေနပ်ရင် ယခုအမတ်တွေ ဟာ သူပုန်အမတ်တွေဖြစ်ရမယ်။

လွှတ်တော်ကလည်း သူပုန်လွှတ်တော်ကြီးဖြစ်ရမှာ ပဲ။ ပြီးတော့ အခုလွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူး ဆိုတာကို ခင်ဗျားတို့စိတ်ထဲမှာ စွဲထားဖို့လိုပါတယ်။ ကျုပ် တို့မှာ လုပ်ဖို့တာဝန်တွေအများကြီးရှိသေးတယ်။ အင်္ဂ လိပ်ဟာ ကျုပ်တို့ကိုလွတ်လပ်ရေးပေးဖို့အတွက် ကျုပ်တို့ မှာ စိတ်ချရမယ့်အမတ်များများလိုတယ်။ အဲဒီတော့ကာ ကျုပ်တို့ရွေးလိုက်တဲ့ လက်ရွေးစင်အမတ်တွေကို ခင်ဗျား တို့က မဲပေးဖို့ပဲရှိတယ်။ အဲဒီလို ခင်ဗျားတို့ကဝိုင်းပြီးကူ ညီကြမှ ကျုပ်ပြောတဲ့တစ်နှစ်အတွင်းမှာ လွတ်လပ်ရေး ကြေညာနိုင်မှာ။ အဲဒါမှမဟုတ်ရင် ဇာတ်မျောဦးမှာပဲ။ ဒီတော့ ခင်ဗျားသဘောပဲ။ ပေးချင်ပေး၊ မပေးချင်နေ။ ယခုလွှတ်တော်အမတ်တွေ ဟာ စာတတ်ဖို့မလိုသေးဘူး။ တိုက်စရာရှိတိုက်မယ်ဆိုတဲ့ လူကိုပဲလို တယ်။ နောင်အ ခါကျမှကြည့်ပြီး စာတတ်တွေနဲ့ စီမံရမှာပဲ။ အခုစာတတ် တွေရွေး လိုက်ရင် စကားများနေကြမှာပဲ။ လွတ်လပ်ရေး စခန်းကို ရောက်နိုင်ကြမှာ မဟုတ်ဘူး''ဟု မြန်မာ့နိုင်ငံရေး အခြေအနေကို ပွင့်ပွင့်လင်းလင်းပြောကြား ရင်း မဲဆွယ် ဟောပြောခဲ့သည်။

ဗိုလ်ချုပ်သည် စည်းရုံးရေးခရီးစဉ်အတွင်း လူထုနှင့် တွေ့ဆုံရာ၌ စင်ပေါ်မှဖြစ်စေ၊ ကားပေါ်မှဖြစ်စေ၊ ဘုရား ပရိဝုဏ်များတွင်ဖြစ်စေ အလျဉ်းသင့်သလို ပြောဆိုစည်း ရုံးခဲ့ခြင်းဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဟော ပြောကာ ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုကို အ ရယူနိုင်ခဲ့သည်။ ၁၉၄ရ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်ပြု လုပ်ခဲ့သောရွေး ကောက်ပွဲ၌ ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးက တစ်ပြည် လုံးတွင် မဲဆန္ဒနယ် ၂၅၅ နေ ရာအနက် အမတ်နေရာ ၂၄၃ နေရာရရှိကာ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့သည်။

ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်အနိုင်ရ ခဲ့ပြီး သုံးလမျှအကြာ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် နှင့် အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရ သည်။ အာဇာနည် ကြီးများလုပ်ကြံခံခဲ့ရပြီး ၁၉၄ရ ခုနှစ် ဇူလိုင်လ ၂၉ ရက် နေ့တွင် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယအစည်းအဝေး ကိုကျင်းပရာ ထိုအစည်းအဝေးကြီးမှနေ၍ ကျဆုံးခဲ့ပြီးသော ခေါင်းဆောင် ကြီးများ၏နေရာတွင် အစားထိုးအ မတ်များ ရွေးကောက်တင်မြှောက်ခြင်းကို အတည် ပြုပေးခဲ့သည်။

ကြားဖြတ်ရွေးကောက်မှုတွင် ပြိုင်ဘက် မရှိ ရွေးကောက်ခံခဲ့ရသည့် တိုင်းပြုပြည်ပြုလွှတ်တော်အမတ် များမှာ- ''ဗိုလ်ချုပ်ဦးအောင်ဆန်းနေရာ၌ ဗိုလ်ချုပ်က တော် ဒေါ်ခင်ကြည်၊ ဒီးဒုတ်ဦးဘချိုနေရာ၌ ဦးဘချို၏သမီး အကြီး မခင်ပု၊ ဦးဘဝင်းနေရာ၌ ဦးလှမောင်၊ မစ္စ တာရာဇတ်နေရာ၌ ၎င်း၏ဇနီး ဒေါ်ခင်ခင်၊ မန်းဘခိုင်နေ ရာ၌ ၎င်း၏ညီ မန်းဘဆိုင်၊ သခင်မြ နေရာ၌ ၎င်း၏ဇနီး ဒေါ်ခင်ညွန့်တို့ ပြိုင်ဘက်မရှိ အရွေးခံရကြောင်း''ဟု ၁၉၄ရ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ် တွင် ဖော်ပြထား သည်ကိုတွေ့ရသည်။

အာဇာနည်ခေါင်း ဆောင်ကြီးများကျဆုံးအပြီး ၎င်းတို့နေရာများ၌ အစား ထိုးရွေးချယ်ခဲ့ပုံကိုမူ မတွေ့ရ။

ဆိုချင်သည်မှာ မြန်မာ့နိုင်ငံရေးတွင် မိသားတစ်စုတည်းမှ လွှတ်တော်အမတ် များဖြစ်ခဲ့သော မိသားစုမှာ ရှားပါသည်။ ထို့အပြင် မိသားစုဆွေမျိုးစဉ်ဆက် လွှတ် တော်အမတ်ဖြစ်ခဲ့သည့် ဆွေမျိုးအနွယ်မှာ သာ၍ပင်ရှား ပါးမည်ထင် ပါသည်။ ထိုအထဲတွင် နိုင်ငံကို လွတ်လပ်ရေး ရအောင်စွမ်းဆောင်ခဲ့သော အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြုပြည်ပြုလွှတ်တော်အမတ် ဖြစ်သလို ဗိုလ်ချုပ်၏အစ်ကိုအရင်း များဖြစ်ကြသော ဦးအောင်သန်း နှင့် ဦးဘဝင်းတို့သည်လည်း လွှတ်တော်အမတ်များဖြစ် ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွှတ်တော်အမတ် တစ်ဦးဖြစ်ခဲ့သလို ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည်လည်း ဗိုလ်ချုပ်မရှိတော့သည့်နောက်ပိုင်း ဗိုလ်ချုပ်နေရာ တွင် လွှတ်တော်အမတ်ဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်တို့ ကျဆုံးအပြီး နှစ်ပေါင်း ၆၈ နှစ်အကြာ ၂၀၁၅ တွင် ဗိုလ်ချုပ်၏ရင်သွေး ဖြစ်သော ဒေါ်အောင် ဆန်း စုကြည်သည်လည်း ဖခင်ဗိုလ် ချုပ်ကဲ့သို့ပင် ပါတီကြီးတစ်ခုကို အောင်မြင်စွာ ပဲ့ကိုင်ဦး ဆောင်နိုင်ခဲ့ပြီး အမတ်ဦးရေအများဆုံးဖြင့် အစိုးရဖွဲ့ နိုင်သည့် အခြေအနေအထိ အနိုင်ရရှိနေပြီးဖြစ်ပါသည်။

ကျွန်တော်တို့မြန်မာ့သမိုင်းတွင် ဆွေမျိုးစဉ်ဆက် တစ်ခုတည်းမှ လွှတ်တော် အမတ်အများဆုံး ပေါ်ထွန်းခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်း တို့မိသားစု၏ ထူးခြားသော ဖြစ်စဉ်တစ်ခုကို မှတ်တမ်းတင်ရေး သားလိုက်ရခြင်းပါ။

ရည်ညွှန်း-
(၁) ၁၉၄၆ ခုနှစ်နှင့် ၁၉၄ရ ခုနှစ်ထုတ် ဒီးဒုတ်ဂျာနယ် စာစောင်များ
(၂) နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များ၊ လူမှုကွန်ရက် စာမျက်နှာများ၊ အွန်လိုင်းသတင်းများ
(၃) ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ

#Democracytoday

No comments:

Post a Comment

My Blog List