Friday, November 20, 2015

ကြီးသုံးကြီးနှင့် သမ္မတအထက်ကလူ


'' ကောက်ပွဲအလွန်ကာလမှာ အစိုးရသစ်နဲ့ လက်တွဲပြီး အကောင်းဆုံးဖြစ် အောင် လုပ်ဆောင်ကြရမယ်''လို့တပ်မတော်စည်းရုံးရေး ဗဟိုဦးစီး ကော်မတီရဲ့(၇/၂ဝ၁၅) စည်းဝေးပွဲမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။
နိုဝင်ဘာ ၁၁ ရက် ရွေးကောက်ပွဲအပြီး ၄ ရက်မြောက် တဲ့နေ့မှာပြောလိုက် တဲ့ တပ်ချုပ်ကြီးရဲ့ စကားကြောင့် ပြည်သူ တွေကြားမှာဖြစ်နေတဲ့ စိုးရိမ် ပူပန်မှုတွေကို တော်တော်လေး ပြေပျောက်စေခဲ့ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းလိုက် တဲ့ အချိန်ကစလို့ မြန်မာပြည်ဟာ ဒီမိုကရေစီ ချုပ်ငြိမ်းသွား ခဲ့ရပါတယ်။ ပြည်သူတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာရေး သားခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးအားလုံး နှစ်ပေါင်း ၅ဝ ကျော် ဆုံးရှုံးသွားခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေရဲ့ ရင်ထဲမှာ အာဏာရှင်စနစ်ကို ရွံ့မုန်းစိတ်၊ ကြောက်စိတ်၊ မယုံသင်္ကာစိတ်တွေ ကာလရှည် လွှမ်းမိုးခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ ရှစ်လေးလုံးသပိတ်ဆိုပြီး ပေါက်ထွက်ကုန်တာပါ။

အဲဒီအချိန်မှာ တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင် က ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးမယ်။ ပြီးရင် တပ်မတော်က စစ်တန်းလျားပြန်မယ်လို့ ကတိပေးခဲ့လို့ ဆန္ဒပြပြည်သူတွေ ရဲ့ဒေါသကို အထိုက်အလျောက် ဖြေလျှော့နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အတိုက် အခံပါတီ အနိုင်ရခဲ့ပေမယ့် စစ်တပ်က အာဏာလွှဲပြောင်းဖို့ ပျက်ကွက်သွားတဲ့အချိန်မှာတော့ တပ်မတော်ဟာ ပြည်သူတွေ ရဲ့ယုံကြည်မှုနဲ့ အလှမ်းဝေးခဲ့ပြန်ပါတယ်။ ဒါကြောင့် ၂ဝ၁၅ရွေးကောက်ပွဲမှာလည်း အတိုက်အခံပါတီအနိုင်ရရင် အစိုးရက အာဏာလွှဲပြောင်းပေးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာပါ။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ နိုင်ငံအတော်များ များမှာ ကြုံတွေ့ရတာတစ်ခုက တည် ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခင်း အကျင်းတစ်ခုကို ဖန်တီး ဖို့ ခက်ခဲတဲ့အပိုင်းပါ။ အဲဒီနိုင်ငံမျိုးရဲ့ ရွေးကောက် ပွဲတွေမှာ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ရတတ်သလို ရွေးကောက်ပွဲ အပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးတဲ့အချိန်မှာ လည်း ပြဿနာမျိုးစုံ ကြုံတွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံ လို နှစ်ပေါင်း ၆ဝ ကျော် အာဏာရှင် စနစ်မှာ နေထိုင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် ဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲတုန်းကလည်း အနိုင်ရပါတီကို အာဏာလွှဲ ပြောင်းပေးခြင်းမရှိလို့ နာမည်ဆိုးနဲ့ကျော်ကြားထားတဲ့ နိုင်ငံမှာတော့ ပိုလို့တောင်စိုးရိမ်ဖို့ ကောင်းပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန် ကာလသုံးပါးအတွက် စိုးရိမ်စရာတွေအများကြီးရှိနေတယ်လို့ ဟောကိန်း ထုတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလတွေမှာ အတည်ငြိမ်ဆုံးပုံစံနဲ့ အေးအေးချမ်းချမ်းဖြတ်သန်းနိုင် ခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ လေးစားဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် အနိုင်အရှုံးစာရင်းတွေ မထုတ်ပြန်ခင်မှာဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော်အတွက် အမတ်နေရာ အများစု အနိုင်ရပြီး အစိုးရဖွဲ့ဖို့ လုံလောက်ခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၁ဝ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ တစ်ဦးချင်းစီ လိပ်မူပြီး တိုင်းပြည်အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက် ပါတယ်။ သမ္မတနဲ့ တပ်ချုပ်တို့နှစ်ဦးကတော့ ကော်မရှင်ရဲ့ အပြီးသတ် အနိုင်အရှုံးစာရင်းထွက်ပြီးမှ တွေ့ဖို့ အကြောင်းပြန်ခဲ့ပြီး လွှတ်တော်နာယက သူရဦးရွှေမန်း ကလည်း ရက်ပိုင်းအတွင်းမှာတွေ့ဆုံဖို့ သဘောတူကြောင်း အကြောင်း ပြန်ပါတယ်။ လွှတ်တော်ပြန်မစခင် တစ်ရက် အလို နိုဝင်ဘာ ၁၅ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူရဦးရွှေမန်းနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး အဲဒီ တွေ့ဆုံမှုမှာ ဦးရွှေမန်းက ''အမျိုးသားသင့်မြတ်ရေးကို အခြေခံပြီး အခြားအရေးကိစ္စများရှိပါကလဲ ဆွေးနွေးနိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်။ အဲဒီအတွက် နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီမှာ တွေ့မည်''လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို နိုင်ငံ့ခေါင်း ဆောင်တွေနဲ့ အလျဉ်စလိုတွေ့ဖို့တောင်းဆိုရတဲ့ နောက်ခံ အကြောင်းတရားတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက် ပွဲပြီးလို့ နှစ်လတိတိကြာပြီးမှ NLD ပါတီ အနိုင်ရတာကို စစ်ခေါင်းဆောင်တွေ အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်လပြည့်တဲ့ ဇူလိုင်၂၇ ရက်မှာပဲ အမိန့်ကြော်ငြာချက် ၁/၉ဝ နဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုဆွဲပြီးမှ အနိုင်ရပါတီကို အာဏာ လွှဲပြောင်းပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့လို့ NLD ပါတီဟာ အစိုးရဖွဲ့ခွင့်မရလိုက်ဘဲ ပြည်သူ တွေရဲ့ ဆန္ဒအားလုံးဟာ အဟောသိကံဖြစ်ခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ အဲဒီလိုအဖြစ်မျိုး မရောက်ရအောင်ဒေါ်အောင်ဆန်း စုကြည်ဟာ ''နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးအတွက်'' ဦးတည်ချက်နဲ့ နိုင်ငံ့အကြီးအကဲသုံးယောက်ထံကို ရွေး ကောက်ပွဲပြီးသုံးရက်အတွင်းမှာပဲ စာရေးသားတောင်းဆို ခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နဝတစစ်ခေါင်း ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ် ခင်ညွန့်တို့ထံ အကြိမ်ကြိမ် စာရေးတောင်းဆိုခဲ့ပေမယ့် တစ်ကြိမ်မျှ ပြန်စာမရခဲ့ပါဘူး။ နေအိမ်အကျယ်ချုပ်ကာ လအတွင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးအတွက် ကြိမ်ဖန် များစွာ တောင်းဆိုခဲ့ပေမယ့် အရာမထင်ခဲ့ပြန်ပါဘူး။ အလားတူ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်းမှာ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ထပ်မံတောင်းဆိုတဲ့ အခါမှာလည်း ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်တွေနဲ့ပဲ နိုင်ငံရေးအရ တစ်စုံ တစ်ရာအဖြေမထွက်ဘဲ ပြီးဆုံးသွားပါတယ်။ ဒီတစ်ကြိမ်မှာ တော့ အနိုင်ရပါတီခေါင်းဆောင်တစ်ဦးရဲ့ တွေ့ဆုံဆွေးနွေး ရေးဆိုတဲ့အိပ်မက်ဟာ အမှန်တကယ် အသက်ဝင်လာပါ တော့မယ်။ ဒါပေမဲ့အဲဒီ တွေ့ဆုံဆွေးနွေးရေးဟာ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ လေးပွင့်ဆိုင် ပုံစံမျိုးမဟုတ်ဘဲ ဒေါ်စုနဲ့ ဦးသိန်းစိန်၊ ဒေါ်စုနဲ့ ဦးရွှေမန်း၊ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆိုပြီး သုံးကြိမ် သီးသန့်တွေ့ကြမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ဆိုပါတယ်။

''ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ လွှတ်တော် နာယက၊ တပ်ချုပ်ဆိုပြီး ခေါင်းဆောင်သုံးဦးကို တစ်ဦးချင်း စီအလိုက်လိပ်မူပြီး စာပို့ထားလို့ လေးပွင့်ဆိုင်ပုံစံမျိုး တွေ့ မယ် မထင်ပါဘူး။ အဲဒီထဲက တစ်ယောက်ချင်းစီ ကိုပဲ သီးသန့်တွေ့ပြီး သူ့ကဏ္ဍအလိုက် ဆွေးနွေးကြမယ်လို့ထင် တယ်''လို့ ဆိုပါတယ်။

အဲဒီလို တွေ့ဆုံတဲ့နေရာမှာ သမ္မတဦးသိန်းစိန်နဲ့က အစိုးရအလွှဲအပြောင်း ကိစ္စ၊ သူရ ဦးရွှေမန်းနဲ့က လွှတ်တော် အလွှဲအပြောင်းကိစ္စနဲ့ တပ်ချုပ်နဲ့ ကတော့ ပြည်တွင်းငြိမ်း ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးမှာ တပ်မတော်နဲ့ လက်တွဲ ပြီး လုပ်ကိုင်သွားရမယ့်ကိစ္စတွေကို အဓိကထားဆွေးနွေးကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့နဝတ၊ နအဖ စစ်အစိုးရခေတ် အဆက်ဆက် မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့သတင်းတွေကို နိုင်ငံပိုင်သတင်း စာတွေက ခပ်သေးသေးသာ ဖော်ပြခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်၊နိုဝင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ တွေမှာတော့ ''၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စား လှယ်နေရာ အများစု အနိုင်ရရှိ''ဆိုတဲ့ သတင်းခေါင်းကြီးနဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ဂုဏ်ပြု ကြောင်း တွဲလျက်ဖော်ပြခဲ့ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုဝင်ဘာ ၁၄ ရက်အထိ ရွေးကောက်ပွဲကော်မရှင် ရဲ့ ထုတ်ပြန်ချက်အရ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော်အတွက် အမတ်နေရာ ၃၉ဝ အထိ ရှိထားပြီးလို့ အစိုးရဖွဲ့ခွင့်ရသွားပါပြီ။ ရွေးကောက် ပွဲမတိုင်ခင်ကြီူ ပါတီဟာ အပြတ်အသတ် အနိုင်ရမယ်လို့ ဘယ်သူမှ မထင်မှတ်ထားကြပါဘူး။ အနိမ့်ဆုံး ညွန့်ပေါင်းအစိုးရနဲ့သွားရလိမ့်မယ်လို့ အများစုက သုံးသပ်ခဲ့ကြပါ တယ်။ အခု မဲရလဒ်အရ ပြည်သူ့လွှတ်တော်ကိုယ် စားပြု ဒုသမ္မတလောင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားပြု ဒုသမ္မတ လောင်းနှစ်ဦးစလုံးကို NLD က တင်သွင်းခွင့် ရသွားပြီမို့ ဘယ်လိုပဲဖြစ်ဖြစ် ၂ဝ၁၆ ခုနှစ်မှာ ထွက်ပေါ်လာ မယ့် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့သမ္မတဟာ NLD ပါတီရဲ့သမ္မတဖြစ်ဖို့ လုံးဝသေချာသွားပါပြီ။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ခေါင်းဆောင်ဟာ နိုင်ငံ့အကြီးအကဲရာထူးဖြစ် တဲ့ သမ္မတ(သို့) ဝန်ကြီးချုပ်ရာထူးကို မဖြစ်မနေ ပိုင်ဆိုင်ခွင့်ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်ချက် အချို့ကြောင့် အနိုင်ရ NLD ပါတီ ခေါင်းဆောင်ဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံး ရာထူးကို မရနိုင်ပါဘူး။ အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်ကနေပြီး တိုင်း ပြည်ကို စီမံအုပ်ချုပ်သွားမယ်လို့ တရားဝင် အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။

လွှတ်တော်သစ် မပေါ်ပေါက်ခင် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်အထိ ကြားကာလ နှစ်လကျော်အတွင်းမှာ လက်ရှိ အာဏာရပြည်ခိုင်ဖြိုးအစိုးရနဲ့ နောင်တက်မယ့်ြီူ ပါတီတို့အကြား ဆွေးနွေးစရာတွေ အများကြီးရှိနေပါ တယ်။ အထူးသဖြင့် အစိုးရဟောင်းလက်ထက်က မပြီးပြတ်သေးတဲ့ စီမံကိန်းတွေ၊ နောင်အစိုးရ ဆက်ခံခွင့်ရမယ့် ဘဏ္ဍာရေးအခြေအနေတွေ၊ အစိုးရယန္တရား တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ စာရင်းဇယားတွေကို နောင်ဆက်ခံမယ့်အစိုးရက အဆင့်ဆင့်လက်လွှဲယူဖို့ ညှိနှိုင်းရမှာပါ။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်သစ်ခေါ်ဖို့၊ အစိုးရ သစ်ဖွဲ့ဖို့ စတဲ့ ပြင်ဆင်စရာကိစ္စတွေလည်း အများကြီး ရှိနေပါတယ်။ အဲဒါတွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုရင် တိုင်းပြည်ရဲ့ ကြီးလေးကြီးဖြစ်တဲ့ သမ္မတ၊လွှတ်တော် နာယက၊ တပ်ချုပ်နဲ့ အနိုင်ရပါတီခေါင်းဆောင်တို့ကြားမှာ လက်တွဲလုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေ တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့''အာဏာကို တည်ငြိမ်စွာလွှဲပြောင်းပေးမယ်''လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ နောက်အစိုးရသက်တမ်းမှာ သမ္မတပြန်လုပ်ဖို့ ရည်မှန်းထားပေမယ့် ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲမှာ အရေးနိမ့်သွားတဲ့အတွက် သမ္မတသက် တမ်းတစ်ဆက်နဲ့ပဲ အဆုံးသတ်သွားပါပြီ။ သူ့လက်ထက်က မပြီးဆုံးသေးတဲ့ နိုင်ငံရေး၊ စီးပွားရေး ကောင်းမွေ ဆိုးမွေ များစွာကို နောက်အစိုးရက မဖြစ်မနေ လက်ပြောင်းလွှဲယူရပါတော့မယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ အောင်မြင်မှု ကြီးကြီးမားမားမရခဲ့ပေမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ခဲ့ခြင်း တစ်ခုတည်းကပဲ နိုင်ငံတကာရဲ့ထောက်ခံအားပေးမှုကို များစွာရရှိခဲ့ပါတယ်။ အကယ်၍ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ပြဿနာ တစ်စုံတစ်ရာမရှိဘဲ အေးအေးချမ်းချမ်း ထပ်မံလုပ်ဆောင် နိုင်ခဲ့မယ်ဆိုရင် သမ္မတအိမ်တော်က ထွက်တော်မူခန်းဟာ ဂုဏ်သိက္ခာရှိတဲ့ထွက်တော်မူခန်းလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကထိန်းချုပ်နိုင်သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားပြီး သူ့ရဲ့ အမိန့်ပေးမှုအောက်မှာ လှုပ်ရှားကြရတာပါ။ အထူးသဖြင့် ပြည်တွင်း တည်ငြိမ် အေးချမ်းရေးအတွက် အဓိကတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ ကို တိုက်ရိုက်ညွှန်ကြားနိုင်သူဟာ ပြည်ထဲရေးဝန်ကြီးဖြစ်နေပြီး အဲဒီပြည်ထဲရေးဝန်ကြီးကို တပ်ချုပ်ကြီးကပဲ တိုက်ရိုက် အမိန့်ပေးခွင့်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအလွန် ကြားကာလကို အေးအေးချမ်ချမ်း တည်တည်ငြိမ်ငြိမ် ဖြတ် သန်းနိုင်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ အဓိကစွမ်း ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦးကြားမှာ သီးသန့်ဆွေး နွေးရမယ့်ကိစ္စတွေလည်း အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် သမ္မတအပေါ်ကနေပြီး တိုင်းပြည်ကို စီမံအုပ် ချုပ်သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆနဲ့ပတ်သက်ပြီး တပ်မတော်က ဘယ်အတိုင်းအတာအထိ လက်ခံနိုင်မလဲဆိုတဲ့အချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ နိုင်ငံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဟာ သမ္မတဖြစ်နေပါတယ်။ အဲဒီသမ္မတကို တိုင်းပြည်ရဲ့ နေထူးနေ့မြတ် (ဥပမာ- လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနား) မျိုးမှာ တပ်ချုပ်က အလေးပြုရဖို့ ရှိပါတယ်။

နောက်တစ်ခုက သမ္မတဖြစ်ခွင့်မရှိတဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ လွှတ်တော်ထဲမှာ နေမလား၊ အစိုးရဖွဲ့ထဲ မှာနေမလားဆိုတာ ရွေးချယ်မှုတစ်ခုခုကို မဖြစ်မနေရွေး ချယ်ရပါတော့မယ်။ လွှတ်တော်နာယကရာထူးနဲ့ အတူ သူ့ရဲ့ NLD ကိုယ်စားလှယ်တွေကို ဦးဆောင်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့ ဥပဒေပြုရေး တွေကို လုပ်ကိုင်သွားမှာလား။ ဒါမှမဟုတ် အစိုးရအဖွဲ့ ထဲမှာနေပြီး တိုင်းပြည်ကိုဦးဆောင်သွားမလား။ အစိုးရ အဖွဲ့ကို ရွေးချယ်မယ်ဆိုရင် ဖွဲ့စည်းပုံအရ ပါတီလုပ်ငန်း စဉ်တွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ ထဲမှာနေပြီး တစ်ဖက် မှာလည်း လွှတ်တော်ထဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းတွေအတွက် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်ရိုက်ညွှန်ကြားမှုတွေ လုပ်နေဦး
မယ်ဆိုရင် ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်နေလို့ တပ်မတော် ဘက်က လက်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် လာမယ့် ငါးနှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ကို ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဦးဆောင်ခွင့်ရဖို့ဆိုရင် သူ့ကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)ကို လာမယ့်လွှတ်တော်အစပိုင်းအချိန်တွေမှာ အပြီးသတ် ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သဘောထားက သိပ်ပြီးအရေးပါနေပါ တယ်။ အစိုးရသစ်နဲ့ လက်တွဲလုပ်ကိုင်သွားမယ်လို့ တပ်ချုပ် ကြီးကပြောဆိုခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ဖို့အထိတော့ သဘော ထားကြီးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ် နေပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ - ''လေးပွင့်ဆိုင်တွေ့ဆုံမှုကနေ နိုင်ငံရေးသဘောတူညီချက်တစ်ခုရလိမ့် မယ်လို့ မျှော်လင့်တယ်။ အဲဒီသဘောတူ ညီချက်ပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမျိုး သားညီညွတ်ရေးကို ဦးတည်ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့လာ နိုင်တယ်''လို့ ဆိုပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ဟာ ဇန်နဝါရီ ၃ဝ ရက်မှာ အဆုံးသတ်မှာပါ။ အဲဒီနေ့မှာပဲ NLD ပါတီဦးဆောင်တဲ့ လွှတ်တော်တစ်ရပ် ပေါ်ထွက်လာဖို့ရှိပါတယ်။ လွှတ်တော်စတဲ့နေ့မှာ လွှတ်တော်နာယက၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ကို ရွေးချယ်ပြီး ကျန်ကိုယ်စားလှယ်တွေကလည်း ကျမ်းကျိန်ကြဖို့ ရှိပါ တယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားကိုယ်စားပြု ဒုသမ္မတ လောင်း အမည်စာရင်းသုံးဦးကို တင်သွင်းကြဖို့ ရှိပါတယ်။ အဲဒီလိုတင်သွင်းပြီး တစ်ပတ်အကြာ ၂ဝ၁၆ ဖေဖော်ဝါရီ ပထမပတ်ထဲမှာပဲ မြန်မာနိုင်ငံကိုဦးဆောင်မယ့် သမ္မတနဲ့ ဒုသမ္မတနှစ်ဦးပေါ် ထွက်လာမှာပါ။ အဲဒီသမ္မတနဲ့ ဒုသမ္မတ နှစ်ဦးက လွှတ်တော်ကိုယ်စားလှယ်ထဲကရော၊ ပြင်ပ တတ်သိပညာရှင်တွေကိုရော ဝန်ကြီး၊ ဒုဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်စတဲ့ အစိုးရအဖွဲ့ တာဝန်အသီး သီးကို အမည်စာရင်းတင်သွင်းပြီး ကျမ်းသစ္စာ ကျိန်ဆိုကြဖို့ ရှိပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ၂ဝ၁၆ ခုနှစ် မတ်လကုန်ပိုင်းလောက်မှာ အဆင်သင့်ဖြစ်နေပြီး တိုင်းပြည် တာဝန်ကို စတင်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ၂ဝ၁၆ ဇန်နဝါရီ ၃ဝ ရက်၊ ညနေပိုင်းကစပြီး လွှတ်တော်သစ်က အသက်ဝင်လာမှာပါ။ ဒါပေမဲ့ သမ္မတ တင်မြှောက်ဖို့၊ အစိုးရကျမ်းကျိန်ဖို့၊လွှတ်တော်အထိုင်ကျဖို့ပြင်ဆင် ရင်း အနည်းဆုံး အချိန်သုံးလလောက် ကုန်ဆုံးသွား ဖို့ရှိနေပါတယ်။ ဧပြီလအတွင်းမှာလည်း သင်္ကြန်ပိတ်ရက် ရှိနေလို့ လွှတ်တော်က များစွာ အလုပ်လုပ်နိုင်မှာမဟုတ်ပါ ဘူး။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ''NLD ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ မေလဆန်းပိုင်းလောက်မှ အစော ဆုံးလုပ်နိုင်လိ့မ်မယ်လို့ထင်တယ်''လို့ ဆိုပါတယ်။

အဲဒီလို အစိုးရနဲ့လွှတ်တော် နှစ်ရပ်စလုံး အခြေကျသွားတဲ့ မေလဆန်းပိုင်းမှာ မဖြစ်မနေလုပ်ရမှာက ပုဒ်မ ၅၉ (စ)ပြင်ဆင်ရေးပါပဲ။ တကယ်လို့ အဲဒီအချိန်မှာ အကြောင်းကြောင်းကြောင့် ၅၉ (စ)ကို ပြင်ဆင်နိုင်ခြင်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအဖြစ်ကို ရောက်ရှိလာခဲ့ခြင်း မရှိဘူး ဆိုရင် မြန်မာနိုင်ငံဟာ ရုပ်သေးသမ္မတနိုင်ငံအဖြစ် ကမ္ဘာ့ အလယ်မှာ ရှက်ဖွယ် ရပ်တည်သွားရတော့မှာ ဖြစ်သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်လည်း ရုပ်သေးသမ္မတကို အလေးပြုရမယ့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။

အဲဒီအနေ အထားတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် လာမယ့် ကြီးလေး ကြီးရဲ့ တွေ့ဆုံပွဲတွေမှာ ခေါင်းဆောင်တစ်ဦးချင်းစီက (Win Win Policy ) သူနိုင် ကိုယ်နိုင် နိုင်ငံရေး ကစားကွက် ဖြစ်အောင် အလျှော့အတင်းနဲ့ ဆွေးနွေး ညှိနှိုင်းသွားကြဖို့ တော့ လိုပါတယ်။

Yangon Times Journal

No comments:

Post a Comment

My Blog List