Friday, November 20, 2015

ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ပေါ်ထွက်လာမည်လော


ပြည်သူလူထုအားလုံး သို့လော သို့လော ဖြစ်နေကြသည်။ကျွန်တော်တို့ လည်း မြန်မာနိုင်ငံ၏ သမ္မတအသစ် ဘယ်သူဖြစ်နိုင်မလဲ ဆွေးနွေးငြင်းခုံ နေကြရသည်။ လက်ရှိ တရားဝင် ကြေငြာချက်များအရ လွှတ်တော် သုံးရပ်စလုံးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထိန်းချုပ်ခွင့် ရရှိသွားပြီးဖြစ်သည်။ လက်စောင်းထက် အပါအ၀င် ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မဲအများဆုံးနိုင်မည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသားပါတီများလည်း အထိုက်အလျောက် မဲများရကြမည်။ အထူးသဖြင့် တိုင်းရင်းသားပါတီများက အမျိုးသား လွှတ်တော်ကို ထိန်းချုပ်နိုင်မည်ဟု တွက်ဆချက်များ မှားယွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးတွင် ပါတီငယ်များကို မဲပေးမည့်အစား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ မဲပေးရန်နှင့် လူကိုမကြည့်ပဲ ပါတီကိုကြည့် မဲပေးရန်ဟူသော မဟာဗျူဟာ အောင်မြင်ခဲ့သည်။
ထိုကြောင့် ယခုအခါ ရွေးကောက်ပွဲ ရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အနိုင်ရထားသည့် အရေအတွက်အရ လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်ရုံသာမက အစိုးရအဖွဲ့ကိုလည်း စိတ်ကြိုက်ဖွဲ့စည်း နိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် အစိုးရ သတင်းစာများကပါ ရေးသားဖော်ပြခဲ့ကြသည်။

လက်ရှိအစိုးရမှ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရအဖွဲ့အား ၂၀၁၆ခု မတ်လ ၃၁ရက်နေ့ နောက်ဆုံးထား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာလွှဲပြောင်းပေးရ မည်ဖြစ်ရာ အနာဂတ် မြန်မာနိုင်ငံကို ဦးဆောင်မည့် သမ္မတ မည်သူဖြစ် မည်ကို မြန်မာနိုင်ငံသား အားလုံးနှင့် နိုင်ငံတကာကပါ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ မဖြစ်နိုင်တော့သည့် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးမီ စပ်ကြားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီမှ ရွေးချယ်သည့် သမ္မတကသာ နောက်ငါးနှစ် သက်တမ်းကို စီမံအုပ်ချုပ်သွားရမည် ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဖက်ဖက်က စဉ်းစားပြီး ရွေးချယ်တင်မြှောက်မည့် သမ္မတ ဖြစ်ဖွယ်ရှိသော လူပုဂ္ဂိုလ်များ၏ အကြောင်းများလည်း လက်ရှိနိုင်ငံရေး နယ်ပယ်တွင် ကောလာဟလ သတင်းစကားများ ပျံ့နှံ့လျက်ရှိသည်။ ရေရာသေချာမှု မရှိသေးသော သမ္မတလောင်းများ အမည်စာရင်းနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူ များကြားတွင် ၀ိဝါဒကွဲပြားစရာများ ရှိနေသော်လည်း အောက်ဖော်ပြပါ လူပုဂ္ဂိုလ် ၇ဦးသည် သမ္မတအဖြစ် စဉ်းစားနိုင်သော အခြေအနေ၊ အချက် အလက်များဖြင့် နီးစပ်နေသည့်အတွက် မြန်မာ့အရေး စိတ်ဝင်စားသူများ လေ့လာအကဲဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။

ထိုလူပုဂ္ဂိုလ် ၇ဦးမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ၀င်ဆန့်သော (၁) စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်၊ (၂) ဒေါက်တာသန့်မြင့်ဦး၊ (၃) ဒီချုပ်ပါတီအား ဆယ်စုနှစ် သုံးစုနီးပါး ဦးဆောင်လာခဲ့ပြီး စစ်ရေး အမြင်ဖြင့်လည်း ပြည့်စုံသော အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ (၄) အငြိမ်းစားဗိုလ်ကြီး ၀င်းထိန်၊ ပါတီအား သစ္စာရှိပြီး တတ်သိပညာရှင်များထဲ တွင် ပါဝင်သော (၅) ဒေါက်တာ တင်မျိုးဝင်း၊ (၆) ဦးထင်ကျော်နှင့် (၇) သုံးခွပြည်သူ့လွှတ်တော် အမတ် ဒေါ်စုစုလွင်တို့ ဖြစ်သည်။ ဖော်ပြပါ ထိုပုဂ္ဂိုလ် ၇ဦးအနက် ၅ဦးမှာ ဒီချုပ်ပါတီဝင်များဖြစ်ပြီး ၂ ဦးမှာ အပြင် လောကမှ ပညာရှင်များ ဖြစ်နေသည်။ ထိုပုဂ္ဂိုလ်များ၏ ဘ၀ဖြတ်သန်းမှုနှင့် အရည်အသွေးများကို တတ်နိုင်သမျှ စုစည်းဖော်ပြလိုက်ပါသည်။

(၁) ဒေါက်တာအောင်ထွန်းသက်

မြန်မာ့ပညာရေး လောကတွင် ထင်ရှားသော ဒေါက်တာ အောင်ထွန်းသက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေး တက္ကသိုလ်မှ B.Comဘွဲ့ရရှိခဲ့ပြီး Brighton တက္ကသိုလ်၊ Warwick တက္ကသိုလ်၊ Manchester တက္ကသိုလ်နှင့် Marburg တက္ကသိုလ်များမှ Ph.Dဘွဲ့ အပါအ၀င် စီးပွားရေးဘွဲ့လွန် ပညာများကို ရရှိခဲ့သည်။ ၁၉၆၆မှ ၁၉၉၂ခုနှစ်အထိ မြန်မာနိုင်ငံ၌ အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၀မှ ၂၀၀၀ခုနှစ်အတွင်း ယူနီဆက် အပါအ၀င် အဖွဲ့အစည်းများစွာ၌ အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ခုနှစ်အထိ အီတလီနိုင်ငံ တူရင်မြို့ရှိ ကုလသမဂ္ဂ ၀န်ထမ်းများ ကောလိပ်တွင် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ လောလောဆယ်တွင် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ကုလသမဂ္ဂ ဌာနေရုံး၏ ၀ါရင့်အကြံပေး အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ဒေါက်တာ အောင်ထွန်းသက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများ တွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘဲ မြန်မာနိုင်ငံအား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ပြုသော အချိန်တွင် မြန်မာနိုင်ငံ၌ Workshop များ၊ Seminar များတွင် ထင်ရှားကျော်ကြားလာခြင်း ဖြစ်သည်။ ဒေါက်တာ အောင်ထွန်းသက်သည် Academic ဆန်ပြီး နိုင်ငံရေးနှင့် ပတ်သက်၍ သဘောထားမှာ ပျော့ပြောင်းပြီး လစ်ဘရယ်ဆန်သော မူဝါဒရှိသည်။ သူ၏ အားကောင်းချက်မှာ မြန်မာနိုင်ငံသားများကို Capacity Building လုပ်ရန် စိတ်အားထက်သန်ခြင်း ဖြစ်သည်။

သို့သော် ဒေါက်တာ အောင်ထွန်းသက်သည် လက်ရှိအစိုးရနှင့် သော်လည်း ကောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် သော်လည်းကောင်း နီးကပ် သော ဆက်ဆံရေး ရှိသည့်အပြင် ယခုအစိုးရ လက်ထက် စီးပွားရေး စီမံကိန်းများ ထူးထူးခြားခြား အောင်မြင်မှု မရှိခြင်းကြောင့် သမ္မတဖြစ်ခွင့် ရာခိုင်နှုန်း အတော်နည်းပါးလျက်ရှိသည်။

(၂) ဒေါက်တာ သန့်မြင့်ဦး

မြန်မာနိုင်ငံ၏ သမိုင်းတွင် ဂုဏ်သတင်း ကျော်ကြားသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်သည်။ ၁၉၆၆ခု ဇန်န၀ါရီ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့သည့်အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းခဲ့သော ခေါင်းဆောင်များ၏ မျိုးဆက်များထဲတွင် အငယ်ဆုံးဟု ဆိုနိုင်သည်။ ဒေါက်တာ သန့်မြင့်ဦး၏ဖခင် ဦးတင်မြင့်ဦးမှာ အမေရိကန် ပြည်ထောင်စု ကော်နက်တီကက်ပြည်နယ်၊ Fairfield တက္ကသိုလ်မှ သင်္ချာ ပါမောက္ခ ဖြစ်သည်။ ဒေါက်တာ သန့်မြင့်ဦးမှာ ကင်းဘရစ် တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ၁၉၉၆ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Foreign Policy မဂ္ဂဇင်းတွင် ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်း၌ ဒေါက်တာသန့်မြင့်ဦး အမည်အား ဖော်ပြခြင်း ခံခဲ့ရပြီး Prospect မဂ္ဂဇင်းတွင် ၂၀၁၄ခုနှစ် ကမ္ဘာ့တွေးခေါ်ရှင် ၅၀ထဲ၌ ပါဝင်ခဲ့သည်။ Yangon Heritage Trust၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။

ဒေါက်တာသန့်မြင့်ဦး အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားရုန်းကန်မှု သမိုင်းတစ် လျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် မရှိသည့်အပြင် သမ္မတဖြစ်ရန် သတ်မှတ်ထားချက်နှင့် ကွဲလွဲနိုင်ခြေရှိသောကြောင့် သမ္မတအဖြစ် ရေပန်းစားသည့် စာရင်းမှ ပယ်ဖျက်ရပေလိမ့်မည်။

(၃) အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး

အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၏ လက်ထက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ခြင်း၊ ဘ၀သက်တမ်းတစ်လျှောက် ရိုးသားနှိမ့်ချစွာ နေထိုင်ခြင်း၊ ၁၉၈၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဒီချုပ်ပါတီတွင် တစိုက်မတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သစ္စာစောင့်သိခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူရဦးတင်ဦးအား သမ္မတအဖြစ် ရွေးချယ်လျှင် တစ်နိုင်ငံလုံးမှ အံ့သြမည် မဟုတ်ပေ။ ထို့ပြင် နိုင်ငံတော် သမ္မတအဖြစ် သတ်မှတ်ရာတွင် အရေးကြီးဆုံး အချက်ဖြစ်သော စစ်ရေးအမြင်လည်းရှိသူ တစ်ဦးဖြစ်သည်။ သို့သော် သူရဦးတင်ဦး၏ အသက်မှာ ၈၉နှစ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း တတိယအပတ် သင်တန်းဆင်းဖြစ်ပြီး ၁၉၄၆ခုနှစ် မှစတင်၍ တပ်မတော်တွင် ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ခုနှစ် မတ်လ ၆ရက်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာထူးမှ အတင်းအဓမ္မ အနားပေးခြင်း ခံခဲ့ရပြီး ၁၉၇၇ခုနှစ်တွင် ထောင်ဒဏ်ခုနှစ်နှစ် အပြစ်ပေးခြင်းခံခဲ့ရသည်။ ၁၉၈၈ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ တပ်မတော် အစိုးရ လက်ထက်အတွင်း အင်းစိန်ထောင်၌ လည်းကောင်း၊ နေအိမ်အကျယ်ချုပ်ဖြင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူရဦးတင်ဦးအား နိုင်ငံတော်၏ အမြင့်မားဆုံးဖြစ်သည့် သမ္မတရာထူးအား အပ်နှင်းရန် အတွက် အသက်အရွယ်သည် ကြီးစွာသော အဟန့်အတား ဖြစ်နေသည်။

(၄) အငြိမ်းစား ဗိုလ်ကြီးဝင်းထိန်

စစ်တက္ကသိုလ် အပတ်စဉ် ၅မှ ဆင်းသော တပ်မတော် အရာရှိ တစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ်တွင် အောင်စစ်သည်ဆု၊ စာပေထူးချွန်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆု ၃ဆုလုံးကို ရရှိခဲ့သူဖြစ်သည်။ ဗိုလ်ကြီး ၀င်းထိန်သည်လည်း သူရ ဦးတင်ဦးကဲ့သို့ ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော် လုပ်ကြံမှု၌ ပတ်သက်ခဲ့၍ တပ်မတော်မှ ထုတ်ပယ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။ ၁၉၈၈ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၁၉၉၅မှ ၉၆အထိ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ခုနှစ်တွင် ABCသတင်းဌာနနှင့် ရုပ်သံအင်တာဗျူး ပြုလုပ်ခဲ့သည့်အတွက် ဒုတိယအကြိမ် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြန်သည်။ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ မိတီ်္ထလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံခြင်း မရှိပေ။ သမ္မတဖြစ်ရန် ရေပန်းစားမှု စာရင်းတွင် ပါဝင်နေသော်လည်း အသက်အရွယ်အရ ၇၄ နှစ် ရှိနေပြီဖြစ်သည့် အတွက် သမ္မတ တာဝန် ပေးရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် များစွာစဉ်းစားရပေလိမ့်မည်။

(၅) ဒေါက်တာတင်မျိုးဝင်း

အသက် ၆၄နှစ် ရှိပြီဖြစ်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းသည် ဒီချုပ် အနိုင်ရရှိပြီးသည့်နောက် သမ္မတ ဖြစ်လာနိုင်သည်ဟူသော သတင်းများ တောမီးပမာ ပျံ့နှံ့ခဲ့သည်။ ဒေါက်တာတင်မျိုးဝင်းသည် ဒီချုပ်တွင် ပါတီစတင်ထောင်စဉ် ကတည်းက ကျောင်းသားများ လှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီ SCSမှ ကူးပြောင်းရောက်ရှိလာသူ တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်လည်းဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် တပ်မတော် ထောက်လှမ်းရေး၏ အပြစ်ရှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၁/၉၂ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ်အတွင်း အိမ်ထဲသို့ ၀င်ထွက်ခွင့်ရသူ သုံးဦးအနက် တစ်ဦးဖြစ်သည်။ ထိုသုံးဦးမှာ စာရေးဆရာ ဦးသိန်းဖေမြင့်၏သား ဦးခွန်သာမြင့်၊ စာရေးဆရာ မင်းသုဝဏ်၏သား ဦးထင်ကျော်နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ ဖြစ်သည်။ ဒေါက်တာ တင်မျိုးဝင်း၏ ထူးခြားချက်မှာ ဒီချုပ်ပါတီ၏ ရွေးကောက်ပွဲတိုင်း ပါဝင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ ပါတီ၏ ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ သမ္မတအဖြစ် ရေပန်းစားမှုနှင့် ပတ်သက်၍ အစောပိုင်း ကာလတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးပါက လုပ်မည်ဟု ပြောဆိုသော်လည်း နောက်ပိုင်းတွင် မည်သည့် မီဒီယာ၏ မေးမြန်းမှုကိုမှ ဖြေကြားမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထား သူဖြစ်သည်။

(၆) ဦးထင်ကျော်

ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံးနှင့် ယုံကြည်စိတ်အချရဆုံး လူနည်းစုထဲတွင် ဦးထင်ကျော်လည်း တစ်ဦး အပါအ၀င် ဖြစ်သည်။ ဦးထင်ကျော်သည် မြန်မာနိုင်ငံ၏ ဂန္တ၀င် စာရေးဆရာကြီး ၁၉၉၀ ဒီချုပ်ရွေးကောက်ခံ ကိုယ်စားလှယ် ဆရာ မင်းသုဝဏ်၏ သားဖြစ်သည်။ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ် တစ်လ တစ်ရက်တိတိ ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း (ဒဂုံ-၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ခုနှစ်တွင် စီးပွားရေး တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး မဟာစီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန် ကွန်ပျူတာဌာန၏ ပထမဆုံး ပညာတော်သင်အဖြစ် အင်္ဂလန်သို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ ၁၉၉၂ခုနှစ်တွင် ၀န်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ်ပါတီသို့ ရောက်ရှိသွားသည်။ ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်း အမည်ဖြင့် စာပေများလည်း ရေးသားခဲ့သည်။ လက်ရှိသမ္မတ ဖြစ်နိုင်သူထဲတွင် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်ချရသောလူ အဖြစ်လည်းကောင်း၊ မိသားစု မျိုးရိုးသမိုင်းကြောင့် လည်းကောင်း၊ ရိုးသားဖြောင့်မတ်သော စိတ်ထား ရှိ၍လည်းကောင်း စသည့် အရည်အချင်းများကြောင့် အများဆုံး ထင်ကြေးပေးခံရသူ တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ဦးထင်ကျော်သည် နိုင်ငံရေးအရ ဆွေးနွေးဝေဖန်မှုများ၊ ဟောပြောမှုများ၊ ဒီချုပ်ပါတီ၏ နိုင်ငံရေး ပေါ်လစီများနှင့် ထဲထဲဝင်ဝင် မရှိခြင်းကြောင့် နိုင်ငံရေး အကဲခတ်သမားများက ဖြစ်နိုင်ခြေ မရှိဟု သုံးသပ်ထားသည်။

(၇) ဒေါ်စုစုလွင်

ဒေါ်စုစုလွင်သည် ဒီချုပ်ပါတီ စတင်ထူထောင်စဉ်က ပါဝင်ခဲ့သော ဗိုလ်မှူးကြီး မောင်လွင်၏ သမီးဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင်သည် ဗိုလ်မှူးချုပ် အောင်ရွှေ (ဒီချုပ်ဥက္ကဋ္ဌဟောင်း)၊ ဗိုလ်မှူးကြီး ကြည်မောင် (ကွယ်လွန်)၊ ဗိုလ်မှူးကြီး ကျော်စိုး (ကွယ်လွန်)၊ ဗိုလ်မှူးကြီး မြဟန်တို့နှင့် အတူတူဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင်၏ မျိုးရိုးသည် ပညာတတ် မျိုးရိုးများဖြစ်ပြီး အစ်ကို အကြီးဆုံး ဦးကျော်မှာ ထိုခေတ်က လုပ်သားများကောလိပ် ကျောင်းအုပ်ကြီး ဖြစ်သည်။ ညီဖြစ်သူ ဗိုလ်မှူးကြီး မောင်ချိုမှာ ဦးနေ၀င်း လက်ထက် သက်တမ်းရင့် စက်မှု(၁)၀န်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အခြားတစ်ဦးမှာ စီးပွားရေး တက္ကသိုလ်မှ ဒေါက်တာမောင်ရှိန် ဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင် ကိုယ်တိုင်လည်း မဆလခေတ်တွင် ဗဟိုကော်မတီဝင်၊ ဒုဝန်ကြီးမှစ၍ ဒုတိယ ၀န်ကြီးချုပ် အဖြစ် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒီချုပ် စတင်ဖွဲ့စည်းစဉ်က ဗိုလ်မှူးကြီး မောင်လွင်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီချုပ်ပါတီထဲသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ပါတီ၏ အာဏာအရှိဆုံး ဖြစ်သော အလုပ်အမှုဆောင်ထဲတွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ သမီးဖြစ်သူ ဒေါ်စုစုလွင်မှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဆရာ မင်းသုဝဏ်၏ သားဖြစ်သူ ဦးထင်ကျော်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၉၀မှ စတင်ကာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တွင် ပညာရေးစီမံကိန်း အရာရှိအဖြစ် ၂၀၀၅ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သင်တန်းနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်သည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၂၀၁၁ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပါတီ၏ အရေးပါသောသူ ဖြစ်လာခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားသောအခါ ပါတီရပ်တည်ရေးအတွက် အပြည့်အ၀ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဒီချုပ်ပါတီက ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သောအခါ မိဘများ၏ ဇာတိမြို့ဖြစ်သော သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲ၌လည်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြတ်ပြတ်သားသား အရွေးချယ်ခံရပြန်သည်။ ဒေါ်စုစုလွင်အား နိုင်ငံရေး နယ်ပယ်တွင် သတိပြုမိသူ နည်းပါးသော်လည်း ယခုအခါ ဒီချုပ်က ရွေးချယ်မည့် သမ္မတဖြစ်နိုင်သူ ရေပန်းစားမှုထဲတွင် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်စုစုစုလွင်သည် ရန်ကုန် တက္ကသိုလ်လောကမှ ပညာတတ် တစ်ယောက်ဖြစ်ခြင်း၊ မိဘမျိုးရိုးမှာ ကောင်းသတင်းဂုဏ်ရှိပြီး နိုင်ငံတော် အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ခြင်း၊ ဒေါ်စုစုလွင်နှင့် ခင်ပွန်းဖြစ်သူ ဦးထင်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် သစ္စာစောင့်သိသူများဖြစ်ခြင်း၊ မာန်မာနထောင်လွှားမှု မရှိခြင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရွေးချယ်မည့် သမ္မတလောင်း စာရင်းများထဲတွင် ဒေါ်စုစုလွင်မှာ အဖြစ်နိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဝေဖန်သုံးသပ် ရေးသားလိုက်ပါသည်။

လက်စောင်းထက်
Tomorrow

No comments:

Post a Comment

My Blog List