Friday, November 20, 2015

ပြည်တွင်းစစ်မီးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် အတူ အဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြောင်း AA , MNDAA နှင့် TNLA တို့က ဆို


မြန်မာနိုင်ငံ၏ အစိုးရအဖြစ် တာဝန်ယူတော့မည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနှင့်အတူ နှစ်ပေါင်း ၇၀ နီးပါးကြာ ပြည်တွင်းစစ်မီးကို အဆုံးသတ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေး နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း လက်ရှိအစိုးရနှင့် NCA လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပင်လုံကတိက၀တ်၊ ပင်လုံစိတ်ဓာတ်တို့ကို အခြေခံပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် ဒေါ်အောင် ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လက်တွဲဖော်ဆောင်ရန် အသင့်ရှိသည်ဟု ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)တို့က ပူးတွဲထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် ထိုးစစ်တစ်ဖက်ဖွင့်ပြီး အခြားတစ်ဖက်တွင် ဟန်ပြ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည့် လက်ရှိ ဦးသိန်းစိန်အစိုးရ၏ မအောင်မြင် နိုင်သည့် မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွေးကောက် ပွဲ အနိုင်ရပါတီကြီးက အသေအချာ သုံးသပ်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ အဖွဲ့အစည်း များအားလုံးနှင့် လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက် အဖြေရှာသွားလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ယင်းကြေ ညာချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိ ဦးသိန်းစိန်အစိုးရသည် အနိုင်ရပါတီအား ချောမွေ့စွာ အာဏာလွှဲ ပြောင်းပေး မည်ဟု ဆိုနေသော်လည်း လက်တွေ့တွင် တိုင်းရင်းသားဒေ သများ၌ လေကြောင်း စစ်ဆင်ရေးအထိ ပြင်းထန်သည့် တိုက်ပွဲများဖန် တီးခြင်း၊ ပြည်တွင်းစစ်မီး ပိုမို တောက်လောင်စေရန် အတွက် တိုက်ပွဲအတု များ ဖန်တီးကာ EAOs တိုင်းရင်းသားအဖွဲ့များအား အပြစ်ဖို့ရန်စ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ နောက်တက်လာမည့် အစိုးရအတွက် နိုင်ငံရေးအခက်အခဲ များကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးသတိ အထူးအလေးထားရမည့် အချိန်ကာလ ဖြစ်သည် ဟုလည်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။တိုင်းရင်းသားဒေသ များတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ တိုက်ပွဲဖြစ်သည် များကို ပြောပါက တိုက်ပွဲမဖြစ်သည်များကိုလည်း ပြောရမည်ဖြစ် ကြောင်း ၊ ဥပမာအားဖြင့် မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီသည် NCA လက် မှတ်မထိုးသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ ကယားပြည်နယ်တွင် KNPP က လက်မှတ် မထိုးထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ ယခင်ပြည်ထောင်စုအဆင့် တစ်ဦးချင်း လက်မှတ်ထိုးထားသည်များကို အတိအကျ လိုက်နာခြင်းကြောင့် တိုက်ပွဲမဖြစ်ခြင်း ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က VOA သတင်းဌာနနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List