Wednesday, November 18, 2015

လက်ရှိကတော့အနိုင်ရပါတီနဲ့အစိုးရကြားတွေ့ဆုံမှုကတော့ မဖြစ်မနေလုပ်ရမှာပဲ ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း


ရှစ်လေးလုံးအရေးတော်ပုံတွင် အရေးပါသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယခင်အစိုးရလက်ထက်တစ်လျှောက်လုံးနီးပါး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးမှာ ဦးကိုကို ကြီးဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပါတီက ရွေးချယ်ခြင်းမပြုသဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးကို လက်လွှတ်ခဲ့ရသည်။ လက်ရှိတွင် အရပ်ဘက်လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်နေသော ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးအား ကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာကိစ္စရပ်များကို 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
နိုင်ငံတကာမှာတော့ အနိုင်ရပါတီတစ်ခုရဲ့ ခေါင်းဆောင်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်သူဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ အပြတ်အသတ်အနိုင်ရရှိထားပေမယ့် ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်ကြောင့် သမ္မတဖြစ်ခွင့်မရတော့ ပါတီကတင်မယ့်သမ္မတဟာ ပါတီမူဝါဒတွေကို လိုက်နာရမယ်ဆိုတဲ့ ပြောကြားချက်အပေါ် ဝေဖန်မှုတချို့ရှိပါတယ်။ ဦးကိုကိုကြီးက ဒါကို ဘယ်လိုများ သုံးသပ်ပြောကြားလိုပါသလဲ။

ဒီမိုကရေစီမှာတော့ မဲဆန္ဒပေးတဲ့ရလဒ်ပေါ်မူတည်ပြီးတော့ အနိုင်ရပါတီက ယေဘုယျအားဖြင့် သက်တမ်းကာလတစ်ခုအတွက် နိုင်ငံကို ဦးဆောင်ခွင့်ရသွားတယ်။ လူထုက မဲပေးရွေးချယ်လိုက်တာဆိုတာကလည်း ပါတီကို ဦးဆောင်တဲ့သူကို ယုံကြည်လို့ပေါ့။ ဒီမိုကရေစီရင့်ကျက်တဲ့နိုင်ငံတွေမှာ အဲဒီပါတီရဲ့မူဝါဒတွေကို ကိုယ်အနိုင်ရရင် ဘာတွေဦးစားပေးဆောင်ရွက်မလဲဆိုတာ ချပြပြီးမဲဆွယ်စည်းရုံးကြတယ်။ ရွေးကောက်ပွဲအနိုင်ရရင် အနိုင်ရပါတီရဲ့ မူဝါဒဟာ တရားဝင်ဖော်ဆောင်ခွင့်ရသွားပြီ။

အဲဒီပါတီက တင်လိုက်တဲ့ သမ္မတကလည်း သူ့ပါတီရဲ့မူဝါဒတွေကို လုပ်လို့ရသွားပြီ။ ပုံသဏ္ဌာန်အရကိုက ပါတီအကြီးအကဲက သူကိုယ်တိုင်ဦးဆောင်ပြီးတော့ ဆုံးဖြတ်ချမှတ်ထားတဲ့ မူဝါဒတွေကို ရွေးချယ်ခံလိုက်ရတဲ့နိုင်ငံ့အကြီးအကဲက အကောင်အထည် ဖော်ခွင့်ရသွားတာပါ။ တချို့လည်း ကျွန်တော်တို့ ငယ်ငယ်ကတည်းက စာထဲမှာတောင် သင်ခဲ့ဖူးတာပဲ။ ရင်ခွင်ပိုက်အစိုးရဆိုတာ။ ဘုရင်အကြီးအကဲအားဖြင့် ကတော့ သူပဲ။ မှူးကြီးမတ်ရာတွေက ဝိုင်းပြီး ဆွေးနွေးဆုံးဖြတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်သွားတယ်ဆိုတာလည်း အရင်ဘုရင်စနစ်တွေတုန်းက ရှိတာပဲ။ အာဏာရှင်စနစ်တွေမှာလည်း ရှိတာပဲ။ အခု ကျွန်တော်တို့က ဒီမိုကရေစီကိုသွားနေတော့ တက်လာတဲ့သူကို သူကိုယ်တိုင်ဆုံးဖြတ်အုပ်ချုပ်တဲ့သူတော့ ဖြစ်စေချင်တာပေါ့။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊တပ်ချုပ်၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံခွင့်တောင်းထားပါတယ်။ တွေ့ဆုံမှုတွေကနေ ဘယ်လိုရလဒ်မျိုးဖြစ်နိုင်ပါသလဲ။ ဥပမာဒေါ်အောင်ဆန်းစုကြည် ဒီလာမယ့် လွှတ်တော်သစ်သက်တမ်းအတွင်းမှာ သမ္မတဖြစ်ခွင့်ရတဲ့အထိ ညှိနှိုင်းနိုင်မလား။

အရင်က လေးလေးနက်နက် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ မတွေ့ဘူး။ လက်ရှိအစိုးရ၊ လက်ရှိလွှတ်တော်ကနေ အစိုးရသစ်၊လွှတ်တော်အသစ်ကို ပုံစံပြောင်းရမယ့်အချိန်မှာတော့လေးနက်တဲ့ဆွေးနွေးမှုတွေ ဖြစ်လာဖို့ မျှော်လင့်တယ်။ တစ်ခုက ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးတော့ အစိုးရဖွဲ့ရေး ညှိနှိုင်းကြတာကတော့ တစ်မျိုးပေါ့။ ဒါတွေက တစ်ဖက်နဲ့တစ်ဖက် လုပ်ကြတဲ့ဟာတွေ။ကျွန်တော်က ဒီထက်ပိုလေးနက်စေချင်တာက တိုင်းပြည်ရဲ့ အခြေအနေကို မတူညီတဲ့အမြင်တွေ၊ ချဉ်းကပ်ပုံတွေရှိတယ်။ အဲဒီဟာတွေအထိရောက်အောင် လေးလေးနက်နက်ဆွေးနွေးနိုင်မှ သိမ်မွေ့ပြီးချောမွေ့တဲ့ အသွင်ကူးပြောင်းရေးဖြစ်မယ်လို့ ယုံကြည်တယ်။

အထူးသဖြင့် အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒ၊ ဆင်းရဲချမ်းသာကွာဟမှု၊ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး ဒီကိစ္စမျိုးတွေမှာ တစ်ခုမှလေးလေးနက်နက် သူ့အမြင်ကိုယ့်အမြင် ညှိနှိုင်းနိုင်ခဲ့တာ မရှိခဲ့ဘူး။ နှစ်ဖက်အမြင်နဲ့ အဖြေရှာတာမျိုး လုပ်စေချင်တယ်။ အနိုင်ရပါတီနဲ့ အစိုးရချည်းပဲ မဟုတ်ဘူး။ တိုင်းရင်းသားတွေ၊ ဖွံ့ဖြိုးလာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲမဝင်ပေမယ့် နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့တဲ့ ပါတီတွေ။ ဒါတွေနဲ့ပါ ဆွေးနွေးရမယ်။ လက်ရှိကတော့ အနိုင်ရပါတီနဲ့ အစိုးရကြား တွေ့ဆုံမှုကတော့ မဖြစ်မနေလုပ်ရမှာပဲ။

၈၈ အနေနဲ့ ပါတီထောင်ဖို့ စဉ်းစားတဲ့အခါ ဘယ်လိုပုံစံနဲ့ ပါတီအင်အားကို စုစည်းသွားမှာပါလဲ။

ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတာက ၈၈ မျိုးဆက်လို့ပြောတဲ့အခါ ၈၈ (ငြိမ်း/ပွင့်) တစ်ခုတည်းမဟုတ်ဘူး။ ၈၈ မျိုးဆက်အဓိပ္ပာယ်က တော်တော်ကျယ်ပြန့်တယ်။ နိုင်ငံအနှံ့က ပုဂ္ဂိုလ်တွေ၊ နိုင်ငံပြင်ပရောက်ပုဂ္ဂိုလ်တွေ၊၈၈ မျိုးဆက်တွေကို တတ်နိုင်သမျှစုစည်းပြီးတော့ ၉၆ မျိုးဆက်တွေ၊ ၉၈ မျိုးဆက်တွေအထိ စုစည်းပြီးတော့ နိုင်ငံရေးပါတီတစ်ခုအဖြစ်နဲ့ ရပ်တည်သွားဖို့ ရည်ရွယ်တယ်။ ငြိမ်း/ပွင့်ကတော့ အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ဆက်နေချင်တဲ့ ခေါင်းဆောင်တွေက ဆက်နေတယ်။ ပါတီနိုင်ငံရေးပုံစံ ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရဲဘော်တွေကို စုစည်းပြီး ရေရှည်အတွက် ဆောင်ရွက်သွားမှာပါ။

NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့အချိန်မှာပဲ အခုရှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်မျက်နှာတွေ ဖွင့်နေတာက ငြိမ်းချမ်းရေးမှာ ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲ။ ဦးကိုကိုကြီးက သက်သေအဖြစ် ပါဝင်ထားတော့ ဒီတိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ ဘယ်လိုစောင့်ကြည့်တိုက်တွန်းသွားမလဲ။

တိုင်းရင်းသားတန်းတူညီမျှရေးပြဿနာဟာ နိုင်ငံရေးပြဿနာ။ ဒါကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ထပ်ခါတလဲလဲ တိုက်တွန်းတောင်းဆိုတယ်။ အခု NCA လက်မှတ်ထိုးတဲ့အချိန်မှာ မရေးထိုးတဲ့အဖွဲ့တွေကို ထိုးစစ်မဆင်ဖို့အစိုးရကို ပြောဆိုတိုက်တွန်းပါတယ်။ လောလောဆယ် စစ်ဘေးဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိဖို့ အထူးသဖြင့် ဆောင်းရာသီရောက်တော့မှာမို့ လိုအပ်တဲ့စောင်၊ အမိုးအကာတွေရှိဖို့ အားလုံးဝိုင်းဝန်းကြိုးစားဖို့လိုတယ်။

အပစ်အခတ်ရပ်စဲ ရေးလုပ်ထားတဲ့နေရာတွေမှာ စောင့်ကြည့်လေ့လာတဲ့စနစ်တစ်ရပ် ထူထောင်ဖို့ ကျွန်တော်တို့ လေ့လာနေပါတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အပစ်ရပ်လုပ်လိုက်ပြီဆိုရင်တော့နောက်ကစောင့်ကြည့်လေ့လာတဲ့ စနစ်ကိုပါ တစ်ပါတည်းလုပ်ရမှာ။ အခုက လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ လက်မှတ်ရေးထိုးထားတဲ့ ဒေသတွေလိုမျိုး ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူလူထုကို ဂုဏ်ပြုကျေးဇူးတင်စကား ပြောချင်တာများရှိပါသလား။

ကျွန်တော်က ကျွန်တော့် ပြည်သူတွေနဲ့ပတ်သက်ရင် အမြဲတမ်းဂုဏ်ယူတန်ဖိုးထားတဲ့သူတစ်ယောက်ပါ။ နိုင်ငံတကာရောက်တိုင်းလည်း ပြည်သူတွေရဲ့အခန်းကဏ္ဍကို ဂုဏ်ပြုချီးကျူးလေ့ရှိပါတယ်။ အခုလည်းပဲ နိုင်ငံတကာရွေးကောက်ပွဲဖြစ်စဉ်တွေကိုကြည့်ရင် ရွေးကောက်ပွဲအကြမ်းဖက်မှုဆိုတာအနည်းနဲ့အများရှိတယ်။ ဘယ်နှယောက်သေတယ်၊ ဘယ်နှယောက်အဖမ်းခံရတယ် အစရှိသဖြင့် ဖြစ်ကြတယ်။

ကျွန်တော်တို့နိုင်ငံမှာ ထောင်ချောက်တွေ အများကြီးရှိတဲ့ကြားထဲကနေ အဲဒါတွေကို သတိကြီးစွာထားပြီး ရွေးကောက်ပွဲအကြမ်းဖက်မှုဆိုတာ မကြားရသလောက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့စနစ်တကျ ဒီရွေးကောက်ပွဲနေ့မှာဖြတ်သန်းခဲ့တဲ့၊ နောက်ကိုယ့်ရဲ့ဆန္ဒကို သတ္တိရှိရှိနဲ့ မဲပေးဖော်ထုတ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတကာအလယ်မှာ လက်မထောင်နိုင်တဲ့ ဂုဏ်ယူမှုမျိုးပါ။ ကျွန်တော်တို့ ပြည်သူဟာ တချို့ကပြောသလို ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူး၊ ဒီနိုင်ငံမှာ ဒီပြည်သူတွေကို စည်းကမ်းစနစ်တကျဖြစ်အောင် ထိန်းကျောင်းပြီးမှ တဖြည်းဖြည်းချင်း ဒီမိုကရေစီကို ခွံ့ကျွေးရမယ်ဆိုတဲအတွေးမျိုးပြော ဆိုနေကြတဲ့သူတွေအတွက်တော့ ကျွန်တော်တို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ဘယ်လောက်ထိုက်တန်တဲ့ ပြည်သူတွေဖြစ်တယ်ဆိုတာကို ဒီရွေးကောက်ပွဲမှာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြသခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း မဲပေးခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံး၊ နောက်စေတနာ့ဝန်ထမ်း ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေ၊ အောင်နိုင်ရေးအတွက် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကျရာနေရာကနေ တစ်နိုင်ငံလုံးအနှံ့ ဆောင်ရွက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ၈၈ နယ် ကွန်ရက်တွေ သူတို့ကိုလည်း ကျွန်တော်ကျေးဇူးတင်စကားပြောရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဲရုံဝန်ထမ်းတွေ၊ များသောအားဖြင့် ကျောင်းဆရာ၊ဆရာမတွေ သူတို့ဟာ မဲပေးမှုကို မသမာမှုတွေ မဖြစ်ပေါ်အောင် အတတ်နိုင်ဆုံး ကာကွယ်ခဲ့ကြတယ်၊ စောင့်ရှောက်ခဲ့ကြတယ်။ အဲဒါတွေကလည်း အလေးအနက်ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ နောက်ဆုံး ဒီရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ နိုင်ငံတော်သမ္မတအပါအဝင် လက်ရှိအစိုးရအဖွဲ့ဝင်တွေ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေအားလုံးလည်းပဲ ရွေးကောက်ပွဲကို အခုအချိန်ထိ အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တာကို ကျွန်တော်တို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

အထူးအားဖြင့်ကတော့ တစ်လျှောက်လုံး စစ်အုပ်ချုပ်ရေး အောက်မှာနေခဲ့ရတဲ့ တိုင်းပြည်ကို အခုလို ဒီမိုကရေစီရွေးကောက်ပွဲတစ်ခုနဲ့ အစိုးရအဖွဲ့ပြောင်းလဲနိုင်အောင် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး လာမယ့်အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းဆွေးနွေးရမယ့် တပ်မတော်ခေါင်းဆောင်တွေ၊ အကြီးအကဲတွေကိုလည်း ကြိုတင်ပြီး အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အားလုံးကို ပြန်ချုပ်ပြောရရင်တော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာ အင်မတန်မှ ကြီးမားပါတယ်။ သူတို့ရဲ့အခန်းကဏ္ဍဟာ နိုင်ငံ့အပြောင်းအလဲအတွက် အဓိကတွန်းအားလည်း ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

လာမယ့် အစိုးရသက်တမ်းမှာ NLD အစိုးရတက်လာခဲ့ရင် အဲဒီ အစိုးရသစ်အပေါ်မှာ ဘာများအကြံပြုချင်ပါသလဲ။

ရှစ်လေးလုံးအရေးတော်ပုံပေါ့။ တစ်ပါတီအာဏာရှင်စနစ်ကို စတင်တွန်းလှန်တာကစပြီး လူထုက စစ်စစ်မှန်မှန် ရွေးကောက်တဲ့ အစိုးရမျိုး တစ်ခါမှ မကြုံရသေးဘူး။ အာဏာသိမ်းစစ်အစိုးရနဲ့ ကြုံရတယ်။ စစ်အစိုးရက ကြီးမှူးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖားတစ်ပိုင်း ငါးတစ်ပိုင်းအစိုးရ နဲ့ ကြုံခဲ့ရတယ်။ အခုက ပထမဆုံးအကြိမ် လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ်တစ်ရပ်နဲ့ ကြုံရတော့မယ်၊ ခံစားရတော့မယ်လို့ စိတ်ထဲမှာ တွေးမိပါတယ်။ အဓိကကတော့ တိုင်းပြည်မှာ အကွဲအပြဲတွေ အင်မတန်များတယ်။

ဘာကြောင့်လဲဆိုတော့ အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံထားရတော့ လူတွေက လွတ်လပ်စွာပြောခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်မရတော့ ရုတ်တရက်ကြည့်ရင် တည်ငြိမ်နေသလို ထင်ရတယ်။ နည်းနည်းလေး ပွင့်လင်းလာတဲ့ အခါကျတော့ နဂိုပြောခွင့်ဆိုခွင့်မရတဲ့ ပြဿနာတွေ၊ ပြောကြ၊ ရေးကြ၊ ဆန္ဒထုတ်ဖော်ကြတဲ့အခါမှာ အထူးသဖြင့်ဆိုရင် နယ်ပယ်အသီးသီးမှာ အကွဲအပြဲတွေရှိတယ်။ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး။ ဒါဟာ ထင်ရှားတဲ့ အကွဲအပြဲတစ်ခုပေါ့။

နောက်တစ်ခါ တိုင်းရင်းသားတွေနဲ့ လူများစုတိုင်းရင်းသားဖြစ်တဲ့ ဗမာတွေနဲ့ကြားထဲမှာရှိတဲ့ တန်းတူညီမျှရေး ပြဿနာပေါ့။ နောက် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတဲ့ ပြဿနာ။ ပြောရရင်တော့ အများကြီးပေါ့။ မြေသိမ်းခံရတဲ့ပြဿနာ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားပဋိပက္ခ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဒီလိုအကွဲအပြဲတွေကို ပြန်ပြီး စုစည်းနိုင်ဖို့ဟာ လာမယ့်အစိုးရသစ်အတွက် အရေးအကြီးဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ မြင်ပါတယ်။

အနိုင်ရပါတီ အစိုးရဖွဲ့ခဲ့ရင် ဒီအစိုးရဆောင်ရွက်ချက်တွေဟာ ပြည်သူ့ဆန္ဒနဲ့ ထင်ဟပ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါသလဲ။

ပြည်သူတွေ ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးက နှစ်မျိုးရှိတာပေါ့။ တစ်ခုကတော့ လမ်းပေါ်ထွက်တာပေါ့။ ရွေးကောက်ပွဲနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့တဲ့ ကာလတွေတုန်းက လူတွေဟာ လမ်းပေါ်ထွက်ပြီးတော့ တောင်းဆိုခဲ့ကြရတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲနည်းလမ်းနဲ့ မဲပေးတဲ့နည်းပေါ့။ ပြည်သူတွေဟာ လိုအပ်တဲ့အချိန်တိုင်းမှာ လိုအပ်တဲ့ ပုံသဏ္ဌာန်တွေအတွက် သူတို့ဟာ တာဝန်ကျေခဲ့ပြီးပါပြီ။

လူထုရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ကတော့ အနိုင်ရပါတီခေါင်းဆောင်တွေအပါအဝင် အရေးပါတဲ့ ခေါင်းဆောင်တွေ အထူးသဖြင့်တော့ အစိုးရပိုင်း၊ တပ်မတော်ပိုင်း၊ လွှတ်တော်ပိုင်း၊နောက်ကျွန်တော်တို့နိုင်ငံအတွက် အဓိကအရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ အဲဒီပုဂ္ဂိုလ်တွေအားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုက တိုင်းပြည်ကို အသိမ်မွေ့ဆုံးနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော်တော့ မျှော်လင့်ပါတယ်။

ဦးကိုကိုကြီးအနေနဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မဝင်ဖြစ်ခဲ့ဘူး။ လာမယ့် ရွေးကောက်ပွဲ အလွန်ကာလမှာ ဦးကိုကိုကြီးအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ရှိမလဲလို့ ပြည်သူတွေကမေးရင် ဘယ်လိုပြောချင်သလဲ။

ရွေးကောက်ပွဲဆိုတာက နည်းလမ်းတစ်ခုပဲ။ ဒီရွေးကောက်ပွဲတွေ မရှိခင်တုန်းကလည်း နိုင်ငံရေးလုပ်လာခဲ့တယ်။ ရှစ်လေးလုံး လှုပ်ရှားမှုတစ်လျှောက်လုံးမှာ နိုင်ငံအတွက် ပြုပြင်ပြောင်းလဲဖို့ တစ်လျှောက်လုံး ကြိုးစားခဲ့တယ်။ အခုအချိန်မှာလည်းပဲ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ မြေယာပြဿနာ၊ အလုပ်သမားပြဿနာ၊ တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ဆောင်ရွက်နေတာတွေရှိပါတယ်။ တစ်ဖက်မှာဆိုရင်လည်းပဲ သုတေသန ဝါသနာပါတဲ့ လူငယ်တွေနဲ့ စုစည်းပြီးတော့ လွှတ်တော်လေ့လာစောင့်ကြည့်ရေး သုတေသနအဖွဲ့မှာဆိုရင်လည်း အကြံပေးတစ်ယောက်အဖြစ်နဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ကျွန်တော်တို့မှာက လုပ်စရာတွေ အများကြီးပါ။ တိုင်းပြည်မှာလည်း လိုအပ်ချက်တွေ အများကြီးပါ။ အဲဒီအတွက်ကို ကျွန်တော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမှာပါ။

၁၉၉၀ ရွေးကောက်ပွဲလိုမဖြစ်အောင် နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

အဓိကကတော့ ပြည်သူလူထုရဲ့ အပိုင်းပေါ့။ ပြည်သူလူထုက လက်ရှိအခြေအနေကို ငြီးငွေ့နေပြီ။ သူတို့အပြောင်းအလဲကို ပြင်းပြင်းပြပြ လိုချင်တယ်ဆိုတာကို ရွေးကောက်ပွဲနည်းလမ်းနဲ့ ဖော်ပြလိုက်တယ်လို့ကျွန်တော်တော့ အဲဒီလိုပဲမြင်တယ်။ ဒါကြောင့်မို့လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ပြတ်ပြတ်သားသား မဲပေးလိုက်ခြင်းဟာ တိုင်းပြည်အတွက် အပြောင်းအလဲတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်၊ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပြသရာရောက်ပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲရလဒ်ကို စီမံခန့်ခွဲတဲ့အပိုင်းက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ ဖြစ်သွားပြီ။ အဓိကက ရွေးကောက်ပွဲက ဦးဆောင်ကျင်းပခဲ့တဲ့ လက်ရှိအစိုးရ၊ တပ်မတော်အကြီးအကဲတွေ၊ လက်ရှိလွှတ်တော်၊ နောက်အနိုင်ရပါတီရဲ့ ခေါင်းဆောင်တွေပေါ့။ သူတို့က အနာဂတ်ကို ဆက်ပြီးပုံဖော်သွားကြရမယ့်သူတွေဖြစ်တော့ ကျွန်တော်တို့ကတော့ တိုက်တွန်းချင်တာပဲရှိတာပေါ့။ တိုင်းပြည်က အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် အများကြီးနောက်ကျကျန်ခဲ့ပြီ။ အဲဒီလိုအခြေအနေမျိုးမှာ အနိမ့်ဆုံးအဆင့်တော့ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ ရေရှည်မျှော်လင့်ချက်တွေထားပြီးတော့ ကာလအပိုင်းအခြားတွေအလိုက် မဟာဗျူဟာတွေ၊ စီမံချက်တွေ ချမှတ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

7Day News Journal

No comments:

Post a Comment

My Blog List