Friday, November 20, 2015

အာဏာသုံးရပ် စစ်မှန်သော ကိုယ်စားလှယ်တွေလက်ထဲ ရောက်ဖို့လိုတယ်


ရွေးကောက်ပွဲရလဒ်ကတော့ ထွက်လာပါပြီ။ ပြည်သူတွေက ရွေးချယ်သင့်သူ တွေကို ရွေးချယ်ပေးလိုက်ပြီ။ သို့သော် အားရပါးရ လက်ခုပ်မတီးနိုင်သေး။ ပြည်သူက ရွေးချယ်လိုက်သော ကိုယ်စားလှယ်တွေ လက်ထဲ အာဏာ အသီးသီး ရောက်ဖို့က ပိုအရေးကြီးသည်။ လက်ခုပ်တီးဖို့ နေနေသာသာ အသက်တောင် ပြင်းပြင်းမရှူနိုင်ဘဲ သတင်းတွေ စောင့်ဖတ်နေရသည်။ ပထမအဆင့်အဖြစ် ကိုယ်စားလှယ် အသစ်များဖြင့် လွှတ်တော် ခေါ်ယူနိုင်ဖို့လိုသည်။ ထိုအခါမှသာ ဥပဒေပြုရေး အာဏာ ပြည်သူတွေ လက်ထဲ ရောက်သည်ဟု ပြောနိုင်သည်။ ပြောင်းလဲဖို့ စတင်သောအချိန် လည်း ဖြစ်ပါလိမ့်မည်။
ရှေ့ဆက်ရမည့် ခရီးအဝေးကြီး ကျန်နေသေးသည်။ နောက်ထပ်အာဏာ နှစ်ရပ် အတွက် ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များနှင့် အပေးအယူတွေ လုပ်ရမည်။ ပြည်သူကပေးသော တာဝန်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော အခြေခံဥပဒေပါ အချက်များကို ပြင်ဆင်ရန်အတွက် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရဦးမည်။ တစ်ချိန်တည်းမှာပင် အဘက်ဘက်တွင် နိမ့်ကျနေသော ပြည်သူလူထု၏ ဘဝအတွက် ရေရှည်ရေတို စီမံကိန်းများကို အကောင်အထည် ဖော်ရဦးမည်။

နိုဝင်ဘာ ၈ ရက်နေ့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ ဖြစ်ခဲ့လေပြီ။ တစ်နိုင်ငံလုံး တက်တက် ကြွကြွ မဲပေးခဲ့ကြသည်။ ၁၉၈၈ ပြည်သူ့အရေး တော်ပုံမှ စတင် သန္ဓေတည်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ ၂၇ နှစ်အတွင်း ဒုတိယအကြိမ်မြောက် အောင်ပွဲပင်တည်း။ လူကိုမကြည့်နှင့် ပါတီကိုသာကြည့်၍ မဲပေးရန် နှိုးဆော်ခဲ့သော လူထုခေါင်းဆောင်၏အောင်ပွဲ လည်း ဖြစ်သည်။

တစ်နိုင်ငံလုံးနီးပါး တညီတညွတ်တည်း စုပေါင်းကာ တစ်ပြိုင်နက် မဲပေးခဲ့ သော ပြည်သူ့အောင်ပွဲ အစစ်အမှန်လည်း ဖြစ်ပြန်သည်။

မတရား ဖိနှိပ်ချုပ်ချယ်တတ်သော တရားလက်လွတ် ရန်ငြိုးကြီးတတ်သော စစ်အာဏာရှင် အစိုးရ အဆက်ဆက် မည်မျှပင် နှိပ်ကွပ်ခဲ့ပါစေ ဖီးနစ်ငှက်လိုမီးတောက်ထဲက တစ်ဖန် ပိုမိုလင်းလက် တောက်ပစွာ ပျံတက်နိုင်သကဲ့သို့ ပြည်သူ့ထောက်ခံမှုရမြဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်၏ ရွေးကောက်ပွဲ အောင်ပွဲမှာ ပါတီ၏ အောင်ပွဲထက် ပြည်သူများ၏ အောင်ပွဲဟုပြောလျှင် ပိုမှန်မည် ထင်ပါသည်။ ခေါင်းဆောင် မည်မျှပင်ကောင်းကောင်း ပြည်သူများ၏ ထောက်ခံမှုနှင့် ခေါင်းဆောင်ခြင်းကို နာခံမှုမရှိလျှင် ဤကဲ့သို့သော ရလဒ်ကောင်းကို ရရှိနိုင်မည် မဟုတ်ပါချေ။

ခေတ်သစ် ရွေးကောက်ပွဲမှ တန်ဖိုးကောင်းများစွာကို ပြည်သူတွေ ရရှိခဲ့ကြသည်။ ခေတ်သစ် ရွေးကောက်ပွဲဟု ဆိုရခြင်းမှာ မိုဘိုင်းဖုန်းနှင့် အင်တာနက် နည်းပညာ ကို လူတိုင်းနီးပါး လက်ပွန်းတတီးနေနိုင်သော ကာလတွင် ပေါ်ပေါက်ခဲ့သော ကြောင့် ဆိုရခြင်းဖြစ်၏။ ညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ လေးစားလိုက် နာခြင်း၊ ကိုယ်ချင်းစာတရားဖြင့် မေတ္တာ ထားနိုင်ခြင်း အစရှိသော စိတ်ဓာတ်ရေးရာ ခွန်အားပေါင်းများစွာကို ခေတ်သစ်ရွေးကောက်ပွဲကနေ ရခဲ့ကြသည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် လက်အောက်တွင် အမုန်း တရားများစွာဖြင့် ကြီးပြင်း လူလားမြောက်ခဲ့သူတွေ အားလုံး ရွေးကောက်ပွဲ နီးကပ်လာသော ရက်ပိုင်းမှစ၍ ရွေးကောက်ပွဲလွန်ကာလ မဲရေတွက်ဆဲ ရက်တွေအချိန်တွေ အထိ တန်ဖိုး မဖြတ်နိုင်သော ဒီမိုကရေစီ အလေ့အကျင့်ကို ရခဲ့လေသည်။

အမြဲလိုလို အရှုံးနှင့်သာ ရင်းနှီးခဲ့ရသော မြန်မာဘောလုံးအသင်း ရံဖန်ရံခါအောင်ပွဲအနည်းငယ် ရခဲ့လျှင်တောင် အတိုင်းအထက်အလွန် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့သည့် မြန်မာပြည်သူများ လူထုခေါင်းဆောင်နှင့် သက်ဆိုင်ရာ မြို့နယ်ရပ်ကျေးအဆင့် ပါတီရုံးများ၏ မေတ္တာရပ်ခံချက်ကို လိုက်နာရန် အင်မတန် ခက်ခဲပါသည်။ သို့သော် အမှန်တကယ် လိုက်နာခဲ့သည့်အခါ
တစ်နိုင်ငံလုံး အံ့ဩမှင်တက်ရသည်။

မိမိမဲပေးခဲ့သော ပါတီ မိမိမြို့နယ်တွင် အောင်ပွဲရသည်ကို အားရပါးရ အောင်ပွဲခံ၍ မရ။ မိမိ ချစ်မြတ်နိုးသော ပါတီ တစ်နိုင်ငံလုံးတွင် အောင်ပွဲတွေ တစ်ခုပြီးတစ်ခု ရနေသည်ကို မြင်နေကြားနေရသော်လည်း ဝမ်းမြောက် ဝမ်းသာ အော်ဟစ်ကခုန်ခွင့် မရ။ မြန်မာနိုင်ငံသားတွေ စည်းကမ်းရှိကြောင်း၊ ညီညွတ် ကြောင်း ပြသနိုင်ခဲ့ပြီဖြစ်သည်။ ဒီမိုကရေစီနှင့် ထိုက်တန်ကြောင်း တိတ်ဆိတ် ငြိမ်သက်စွာဖြင့် နိုင်ငံသားတိုင်း မိမိဘာသာမိမိ ရင်တွင်းပီတိဖြင့် ကျေနပ်ခဲ့ကြ သည်မှာ ဘာနှင့်မှ လဲမရနိုင်သော ရွေးကောက်ပွဲခံစားမှု အဖြစ် မှတ်တမ်းတင် ကြရတော့မည်။

ဒုတိယအကြိမ် လွှတ်တော်အရပ်ရပ်အတွက် အထွေထွေ ရွေးကောက်ပွဲကြီး သည် ယခင် ၂၀၁၀ တုန်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရွေးကောက်ပွဲနှင့် အသွင်သဏ္ဍန် အရရော အနှစ်သာရပိုင်းမှာပါ လုံးဝ တူညီခြင်း မရှိပါ။ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ခဲ့ခြင်း မရှိသည့် ဖြစ်ရပ်တစ်ခုတည်းကြောင့် မဟုတ်။ ၂၀၁၀ ရွေးကောက်ပွဲသည် နအဖ စစ်အစိုးရ အာဏာစက်အတွင်းမှ ကျင်းပခဲ့သော ရွေးကောက်ပွဲသာ ဖြစ် သည်။ တစ်နည်း ဆိုရသော် စစ်အာဏာရှင်များ ကိုယ်တိုင် စိတ်ကြိုက် နှစ်ပေါင်းများစွာ အချိန်ယူ ရေးဆွဲထားခဲ့သော တစ်ပိုင်းတစ်စ ဒီမိုကရေစီ အခြေခံဥပဒေကို အသက်ဝင် အောင် ဖုတ်သွင်းပေးသည့် ရွေးကောက်ပွဲ အမျိုးအစား ဖြစ်သည်။

ပြိုင်ဘက်မရှိသော ရွေးကောက်ပွဲမျိုး ဖြစ်အောင် အတင်းအကျပ် ပုံသွင်းကာ အာဏာရှင်စိတ်ကြိုက် လူယုံတော်များကို ဝင်အပြိုင်ခိုင်းခြင်းလည်း ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေသည် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် အဆင်သင့်ပြင် ထားသော နိုင်ငံရေးအခင်းအကျင်း ဖြစ်သော်လည်း သူ့ချည်းသက်သက် ဘာမှလုပ်မရနိုင် သေးပါ။ အာဏာစက် အားလုံးမှာ နအဖလက်အောက် မှာသာ ရှိနေသေးသည်။

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မြန်မာ့သမိုင်း အပြောင်းအလဲဖြစ် သည်ဟု တွင်တွင်ပြောကာ ဝါဒဖြန့်ချိခဲ့သူ စစ်အာဏာရှင်ကြီး ကိုယ်တိုင် ရွေးကောက်ပွဲ ပြီးသော်လည်း နောက်ဆုံးအချိန်အထိ ဘယ်သူ ဘယ်နေရာ ရာထူးပါဝါ ခွဲဝေမှုကို ထုတ်မပြောသေး။ လွှတ်တော်နိုင်ငံရေး၊ သမ္မတ အုပ်ချုပ်သော စီမံခန့်ခွဲရေးနှင့် မျိုးဆက်သစ် တပ်မတော်ထိပ်တန်း ခေါင်းဆောင်မှု လွှဲပြောင်းရေးကို လှျို့ဝှက် စီမံပြီးစီးမှသာ လွှတ်တော်ကို ခေါ်ယူစေ သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ၂၀၁၁ ခုနှစ် နှစ်ဆန်း၌ နေပြည်တော် အရပ်ရှိ လွှတ်တော်ကြီးတွင် ကြံ့ခိုင်ရေးပါတီအမတ်များ ညီညာဖြဖြ စည်းဝေးသော အခါတွင်မှ အခြေခံဥပဒေက စတင်အသက်ဝင်ခဲ့သည်။ ထိုအချိန်ရောက်မှ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အာဏာကို လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

တစ်ဆင့်ချင်း အာဏာခွဲဝေမှုတို့ကို စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်းတွေ့နိုင်ပါသည်။ အာဏာကိုခွဲဝေထားသော်လည်း လွှဲပြောင်းမည့် အချိန်နှင့် ပုံစံကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပါ။ သည်အတွက် စာဖတ်သူကြီးကို ကြံဖန် ချီးကျူးလျှင်လည်း ရနိုင်ပါသည်။ အလွန်ရိုးရှင်းသော ကြေညာချက် တစ်စောင် ဖြင့်သာ နိုင်ငံတော်အာဏာ အရပ်ရပ်ကို လွှဲပြောင်းပေးခဲ့သည်ကို တွေ့ရသည်။ ၃၀.၃.၂၀၁၁ နအဖကြေညာချက်အမှတ် ၇/၂၀၁၁ ဖြင့် နအဖစစ်အာဏာရှင်အဖွဲ့ မှ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရကိုယ်စား လှယ်များ စုပေါင်းထားသော လွှတ်တော်သို့ အခြေခံဥပဒေအရ ယနေ့စ၍ လွှဲပြောင်းပေးလိုက်သည် ဟူ၍သာ လိုရင်းတိုရှင်း ရေးသားထားသည်။

ဒါကို စည်းဝါးကိုက်ထားသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဖတ်ကြား ကြေညာသွားခဲ့သည်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အလွမ်းလည်း မသယ်ခဲ့။ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အုပ်ချုပ်သွားဖို့ အစိုးရသစ်နှင့် လွှတ်တော် ကိုလည်း ဩဝါဒစကားများ မမှာကြားခဲ့။ ထိုအချိန်မှစ၍ နိုင်ငံတော်ပိုင် သတင်း မီဒီယာများအပေါ်က အာရှတိုက်၏ အဆိုးဝါးဆုံး အာဏာရှင်ကြီး ပျောက်ချင်း မလှ ပျောက်ကွယ်သွားခဲ့သည်မှာ ယနေ့ဆိုလျှင် ငါးနှစ်နီးပါးပင် ပြည့်တော့မည်။

ရုတ်တရက်တော့ လူတွေတော်တော်များက အုပ်ချုပ်ရေးပိုင်းတွင်သာ တရားဝင် လက်လွှတ်သွားသော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဆက်ရှိ နေဦးမည်ဟု ထင်ထားကြသေးသည်။ သို့သော်လည်း အလှပဆုံး ကစားပြသွား သည်ဟု ပြောရမည်။ ဆိုင်းမပါဘုံမဆင့်ဘဲ အာဏာရှင်ကနေ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးအဖြစ် ပြောင်းသွားတာ ဘယ်သူမှမသိလိုက်၊ နိုင်ငံတော်သမ္မတ ကျမ်းကျိန်သောရက် ၂၀၁၁ မတ်လ ၃၀ ရက်နေ့၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လွှတ်တော်သို့ လာရောက် သောအခါတွင်မှ ဗိုလ်ချုပ်မှူးကြီးအသစ် ပြောင်းသွားသည်ကို အားလုံးက သိလိုက်ရသည်။

ပြောစရာတစ်ခုတော့ ရှိသည်။ ရာနှုန်းပြည့် ပြည်သူရွေးချယ်သော အစိုးရနှင့် လွှတ်တော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်ဟူ၍ကား မဆိုနိုင်။ အာဏာရှင် လက်အောက်ရှိ သစ္စာခံများအတွင်းမှ စိတ်ကြိုက်ယုံကြည်ရသည့် လက်ရွေးစင် လူအနည်းငယ်ကို အာဏာဖြန့်ဝေ သွားခဲ့ခြင်းသာ ဖြစ်သည်။

ရှေ့ဆက်ရမည့် ခရီးက ရှည်လျှားလွန်းသည်။ ၂၀၁၁ မတ်လ ၃၀ ရက်ကဗိုလ်ချုပ်မှူးကြီး၏ စာတစ်စောင်တည်းနှင့် အာဏာ သုံးရပ်ကို လွှဲပြောင်း ပေးသလို လုပ်သွားနိုင်လျှင်တော့ အားလုံးအတွက် သား ရွှေအိုးထမ်းသည့် ကိန်း ဆိုက်နိုင် မည်ဖြစ်သည်မှာ အမှန်ပင်။ နောက်ဆုံးရက်တွင် သမိုင်းမှတ် တမ်းကောင်းကို ရေးထိုးသွားနိုင်မည့် အခွင့်အရေးသည် လက်ရှိ တပ်မတော်၊ သမ္မတနှင့် ကြံ့ခိုင်ရေး လွှတ်တော်အပေါ်တွင် ညီမျှစွာတည်ရှိနေသည်။

သေချာသည်ကတော့ ၂၀၁၁ ခုနှစ် လွန်ခဲ့သော ငါးနစ်နီးပါးကာလနှင့် အခြေအနေချင်းက လုံးဝမတူနိုင်။ လက်ရှိအာဏာပိုင်နေသူတွေ အားလုံးက အမှန်ကို အမှန်အတိုင်း လက်ခံပေးဖို့လိုသည်။ နိုင်ငံသားအများစုက အပြောင်းအလဲ လုပ်ပေးမည့်အဖွဲ့ကို စုပြုံမဲပေးခဲ့လိုက်ပြီ။ မဲပေးခွင့်ရှိသူရော မရှိသူများပါ ပါဝင်သည့် တိုင်းသူပြည်သား အားလုံးကလည်း အောင်ပွဲမခံ နိုင်ဘဲ အာဏာသုံးရပ် လူထုခေါင်းဆောင်လက်ထဲ ရောက်မရောက်ကိုပဲ စောင့်ကြည့် နေကြသည်။ ပြောင်းလဲချိန် တန်တာကတော့ သေချာသွား ခဲ့ပြီးပြီ။ စတင် ပြောင်းလဲမည့် အချိန်ကိုသာ အားလုံးဝိုင်းဝန်း စောင့်ကြည့် နေကြသည်။

အပြောင်းအလဲကို သံသယဖြစ်စေမည့် စကားတွေ၊ အပြုအမူတွေကိုတော့ ပြည်သူအားလုံး နှင့် နှစ်ဖက်စလုံးက ရှောင်ကြဉ်သွားရမည်မှာ လက်ရှိ အမျိုးသားရေးပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ ပြောင်းစရာရှိသည်ကို လူဟောင်းတွေကနေ မြန်မြန်ဆန်ဆန် စတင်ပြောင်းလဲလိုက်ပါတော့။

လှမျိုးထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List