Wednesday, October 22, 2014

Whitlamကို တရုတ်-သြစီ ဆက်ဆံရေးရဲ့ ဖခင်ကြီးလို့ တရုတ်တင်စား


အင်္ဂါနေ့တုန်းက ​ကွယ်လွန်သွားတဲ့ ​သြစတြေးလျ ​ဝန်ကြီးချုပ် ​Gough ​Whitlam ​ကို ​တရုတ်နိုင်ငံက  ​"the ​father ​of ​China-Australia ​relations"၊ ​တရုတ်-သြစတြေးလျ ​ဆက်ဆံရေးရဲ့ ​ဖခင်ကြီးလို့ ​တင်စားခေါ်ဝေါ် လိုက်ပါတယ်။

Gough ​Whitlam ​ဝန်ကြီးချုပ်အဖြစ် ​အမှုထမ်းဆောင်စဉ်ဟာ ​(Cold ​War) ​စစ်အေးကာလ ​အရှိန် ​မြှင့်နေတဲ့ ​အချိန်ဖြစ်ပြီး ​အနောက်တိုင်းနိုင်ငံတွေက ​တရုတ်ကို ​ဝိုင်းပယ်ထားတဲ့ ​အချိန်ဖြစ်ပါတယ်။

အဲဒီအချိန်မျိုးမှာ ​သြစတြေးလျ ​ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ​Gough ​Whitlam ​က ​တရုတ်နိုင်ငံကို ​လည်ပတ်ပြီး ​ရင်းနှီးမှု ​ရယူခဲ့ပါတယ်။

အဲဒီအတွက် ​တရုတ်ကလည်း ​ဝမ်းသာမဆုံး ​ဖြစ်နေပြီး ​Whitlam ​ဟာ ​တရုတ်နဲ့ ​သြစတြေးလျ ​နှစ်နိုင်ငံ ​ဆက်ဆံရေးရဲ့ ​ဖခင်ကြီး ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​ဝန်ကြီးချုပ် ​တရုတ်နိုင်ငံနဲ့ ​ရင်းနှီးမှု ​ရယူခဲ့တုန်းက ​ဝေဖန်မှုတွေ ​များပြားခဲ့ပေမယ့် ​နောက်ပိုင်း မှာ ​အမေရိကန် ​အစိုးရကပါ ​တရုတ်နဲ့ ​ရင်းနှီးမှု ​ရယူပြီးနောက် ​ဝေဖန်မှုတွေ ​လျှော့ချခဲ့ကြပါတယ်။

Gough ​Whitlam ​ရဲ့ ​ဆောင်ရွက်ချက်တွေကို ​လေ့လာရအောင်


သြစတြေးလျနိုင်ငံရဲ့ ​လူချစ်အများဆုံးနဲ့ ​လူမုန်းအများဆုံး ​နိုင်ငံရေးသမားဖြစ်သူ ​ဝန်ကြီးချုပ်ဟောင်း ​Gough ​Whitlam ​ဟာ ​အသက် ​၉၈ ​နှစ်အရွယ်မှာ ​ကွယ်လွန်သွားပါတယ်။

သူ့ကို ​မဲလ်ဘုန်းမြို့မှာ ​၁၉၁၆ ​ခုနှစ် ​ဇူလိုင်လ ​၁၁ ​ရက်နေ့မှာ ​မွေးဖွားခဲ့ပါတယ်။ ​နာမည်ရင်းက ​Edward ​Gough ​Whitlam ​ဖြစ်ပေမယ့် ​အများစုကတော့ ​Gough ​Whitlam ​လို့သာ ​သိကြပါတယ်။

ဥပဒေ ​ပညာဆည်းပူးဖို့အတွက် ​ဆစ်ဒနီမြို့ကို ​ပြောင်းခဲ့ပေမယ့် ​ဒုတိယကမ္ဘာစစ်ကြောင့် ​ကျောင်းမပြီး ​ခဲ့ပါဘူး။ ​အဲဒီနောက်မှာတော့ ​လေတပ်မှာ ​လုပ်အားပေး ​လုပ်ခဲ့ပါတယ်။

အဲဒီမှာပဲ ​ဘဝကြင်ဖော် ​မားဂရက်နဲ့ ​လက်ထပ်ပြီး ​သား ​၃ ​ယောက်၊ ​သမီး ​၁ ​ယောက် ​ထွန်းကားခဲ့ပါတယ်။

၁၉၄၅ ​ခုနှစ်မှာ ​လေဘာပါတီကို ​ဝင်ရောက်ပြီး ​၁၉၅၂ ​ခုနှစ်မှာ ​ပါလီမန် ​လွှတ်တော်အမတ် ​ဖြစ်လာပါတယ်။

အဟောအပြော ​ကောင်းတာကြောင့် ​၁၉၆၇ ​မှာ ​အတိုက်အခံ ​ခေါင်းဆောင် ​ဖြစ်လာပါတယ်။

၁၉၇၂ ​ခုနှစ်မှာတော့ ​ကွန်ဆာဗေးတစ်ပါတီရဲ့ ​၂၃ ​နှစ် ​လွှမ်းမိုးမှုကို ​အဆုံးသတ်ပြီး ​သူဟာ ​လေဘာ အစိုးရကို ​ဦးဆောင်တဲ့ ​ဝန်ကြီးချုပ် ​ဖြစ်လာပါတယ်။

ဒါပေမဲ့ ​နောက်ပိုင်းမှာ ​ဘုရင်ခံချုပ်က ​သူ့ကို ​ရာထူးကနေ ​ဖြုတ်ချတဲ့အထိ ​မသင့်မြတ်မှုတွေ ​ဖြစ်ခဲ့ပါတယ်။

Gough ​Whitlam ​အစိုးရတက်လာပြီး ​ပထမနှစ်အတွင်းမှာပဲ ​သြစတြေးလျနိုင်ငံ ကို ​ပြုပြင်ပြောင်းလဲစေတဲ့ ​ဥပဒေမူကြမ်း ​အခုပေါင်း ​၂၀၀ ​ကျော်ကို ​အတည်ပြုနိုင်ခဲ့ပြီး ​အဲဒီဥပဒေတွေကို ​အခုလက်ရှိအချိန်အထိ ​အသုံးပြုနေကြဆဲ ​ဖြစ်ပါတယ်။

သူ့ရဲ့ ​စွမ်းဆောင်နိုင်မှု ​တချို့ကတော့ ​ဗီယက်နမ်စစ်ကနေ ​သြစတြေးလျ ​စစ်သားတွေပြန်လည် ​ရုပ်သိမ်း လိုက်တာတွေ၊ ​စစ်မှုမထမ်းမနေရ ​ဥပဒေကို ​ပယ်ဖျက်လိုက်တာတွေ၊ ​အခမဲ့ ​ပညာသင်ကြားခွင့်နဲ့ ​အခမဲ့ ​ဆေးဝါးကုသခွင့်တွေကို ​တည်ထောင်ပြဌာန်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ​ဌာနေတိုင်းရင်းသားတွေရဲ့ ​မြေယာပိုင်ဆိုင်မှုကို ​အသိအမှတ်ပြုခဲ့သလို ​ယဉ်ကျေးမှုပေါင်းစု ​စုစည်းနေထိုင်ရေးနဲ့ ​အမျိုးသမီး ​အခွင့်အရေးတွေကိုလည်း ​မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ​သြစတြေးလျနိုင်ငံကို ​၂၃ ​နှစ်ကြာ ​ကွန်ဆာဗေးတစ်ပါတီက ​လွှမ်းမိုး ထားတာကြောင့် ​အစိုးရမှာ ​အတွေ့အကြုံနေတဲ့ ​လေဘာပါတီလက်ထက်အတွင်း ​အသုံးစားရိတ်တွေ ​မြှင့်တက်ခဲ့ပါတယ်။

အဲဒီအားနည်းချက်ကို ​အတိုက်အခံဘက်က ​အသုံးချနိုင်ခဲ့တာကြောင့် ​၁၉၇၇ ​ခုနှစ်မှာ ​ရှုံးနိမ့်ပြီး ​နောက် တစ်နှစ်မှာပဲ ​လွှတ်တော်အမတ်ကနေ ​အနားယူလိုက် ပါတယ်။

အဲဒီနောက်မှာတော့ ​ကမ္ဘာ့အမွေအနှစ် ​ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ​UNESCO ​ရဲ့ ​သံအမတ် ​ဖြစ်လာ ပါတယ်။

ABC

No comments:

Post a Comment

My Blog List