Tuesday, October 21, 2014

နိုင်ငံရေး ရန်ပုံငွေများ အလွဲသုံးစားလုပ်မှုဖြင့် ဂျပန် အမျိုးသမီး ဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်




ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံအတွင်း ကျားမတန်းတူညီတူ အခွင့်အရေး စံမူနာအဖြစ် အမျိုးသမီးများကို အစိုးရ အဖွဲ့ ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် စက်မှုဝန်ကြီး ယူကိုအိုဘူချီ နုတ်ထွက်ပြီးနောက် တရားရေးဝန်ကြီး မီဒိုရီမာဆူရှီမာသည်လည်း အောက်တိုဘာ ၂၀ ရက်တွင် နုတ်ထွက်သွားရာ အသစ်ခန့်အပ်လိုက်သည့် အမျိုးသမီး ငါးဦး အနက်နှစ်ဦး နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယူကိုအိုဘူချီ နိုင်ငံရေးရန်ပုံငွေများဖြင့် မဲဝယ်ခြင်း၊ မိတ်ကပ်ဝယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီး နောက်အောက်တိုဘာ ၂၀ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။



မာဆူရှီမာသည် နိုင်ငံရေးရန်ပုံငွေများဖြင့် တန်ဖိုးနည်းသောအိမ်သုံးပန်ကာများပေါ် တွင် မိမိအမည်နှင့် ပုံကို တပ်ကာ ဝေငှခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်ကာများအနက်မှ တစ်လုံးအား ယန်းငွေ ၂၁၀၀ (အမေရိကန်ဒေါ်လာ ၂၀) ဖြင့် အောက်တို ဘာ ၂၀ ရက်က အင်တာနက်တွင် လေလံတင် ရောင်းချမှု ပေါ်ပေါက်ခဲ့သည်။

ယူကိုအိုဘူချီသည် ဝန်ကြီးချုပ်ဟောင်း ကယ်အီဇိုအိုဘူချီ၏ သမီးဖြစ်ပြီး နောင်တွင် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ရေပန်းစား လျက်ရှိသည်။ ရှင်ဇိုအာဘေးက စက်တင်ဘာလအတွင်း တင်မြှောက်ခဲ့သည့် အမျိုးသမီး ဝန်ကြီးငါးဦးအနက် ယူကိုအိုဘူချီသည် အထင်ရှားဆုံး အမျိုးသမီး ဖြစ်သည်။

သူမ နုတ်ထွက်မှုသည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အာဏာရရှိလာခဲ့သည့် နောက်ပိုင်း ရာထူးမှနှုတ်ထွက်သည့် ပထမဆုံး ဝန်ကြီးဖြစ်သည်။

သို့သော် ၂၀၁၂ ခုနှစ်အတွင်းက သူမတာဝန်ယူခဲ့ရသည့် ပါတီနိုင်ငံရေးရန်ပုံငွေအဖွဲ့သည် အလှပြင်ပစ္စည်းများနှင့် အခြား အသုံးအဆောင် ပစ္စည်းများကဲ့သို့ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များတွင် ယန်း ၁၀ သန်း (အမေရိကန် ဒေါ်လာ ၉၅၀၀၀) အထိ ကုန်တိုက်များတွင် သုံးစွဲခဲ့ကြောင်း သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူမ၏ နိုင်ငံရေးအဖွဲ့သည် ဂျပန်နိုင်ငံအလယ်ပိုင်း ရွေးကောက်ပွဲ မဲဆန္ဒနယ်အတွင်းမှ ဒေသခံများကို တိုကျိုမြို့တွင် ပြုလုပ်သည့် ဖျော်ဖြေပွဲတစ်ခုသို့ ဖိတ်ကာ လက်မှတ်များကို လျော့ဈေးများဖြင့် ပေးခဲ့ခြင်းသည် မဲဝယ်သည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အတိုက်အခံလွှတ်တော် အမတ်များက ထောက်ပြခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List