Saturday, October 25, 2014

မဲခေါင်မြစ်တွင် တည်ဆောက်မည့် လာအို ရေအားလျှပ်စစ်စီမံကိန်းများကို အိမ်နီးချင်းနိုင်ငံများက ကန့်ကွက်


လာအိုနိုင်ငံသည် အရှေ့တောင်အာရှ၏ လျှပ်စစ်အရင်းအမြစ်နိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန်အတွက် ရေအား လျှပ်စစ်ဆည်များစွာကို တည်ဆောက်လျက် ရှိသောကြောင့် ဒေသတွင်း ရေလုပ်ငန်းလုပ်ကိုင် သူများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၏ ဝေဖန်ကန့် ကွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မဲခေါင်မြစ်ပေါ်တွင် လာအိုနိုင်ငံက ပထမဆုံးတည်ဆောက်ခဲ့သည့် ဇာရာဘူရီဆည်နှင့်ပတ်သက်၍ ယခု အခါ အသေးစိတ်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့များက အဆိုပါ ဆည်ကြောင့် မဲခေါင်မြစ်၏ ရေထွက်ကုန်ပမာဏကိုလျော့ကျစေပြီး မြစ်ရေ အရည်အသွေးပိုင်းတွင်လည်း ထိခိုက်စေကြောင်း ပြောကြားထားသည်။

ဇာရာဘူရီဆည်အနီးရှိ  မြစ်တစ်လျှောက်တွင် နေထိုင်သော ထိုင်းငါးဖမ်းလုပ်သား များသည်လည်း အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ ကုန်ကျသည့် အဆိုပါ ဆည်စီမံကိန်းကို ရပ်ဆိုင်းရန် ထိုင်းနိုင်ငံ တရားရုံးတစ်ခုသို့ တရားဝင် တိုင်ကြားထားသည်။

“ အဓိက မေးချင်တာက ဒီဆည်ကြောင့် အကျိုးအမြတ်တွေကို ဘယ်သူရမလဲ၊ ပြည်သူတွေကရော လျှပ်စစ်ကို ပိုပြီး သက်သက်သာသာနဲ့ ရမှာလား ၊ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ လူမှုနေထိုင်မှု ဘ၀တွေကိုရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ပေးဆပ်လိုက်ရမှာပါ” ဟု ထိုင်းနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာတက်ကြွလှုပ်ရှားသူ ပရာရူဒီ ဒေါင်ရောင်းက ပြောသည်။

ယခုအခါ လာအိုနိုင်ငံတောင်ပိုင်း မဲခေါင်မြစ်ပေါ်တွင် ဒုတိမြောက်တည်ဆောက်မည့် ဒေါင်ရှာဟောင် ဆည်နှင့်ပတ်သက်၍ အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အစိုးရတို့က မေးခွန်းများ ထုတ်လျက်ရှိသည်။

လျှပ်စစ်သည် လာအိုနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်တစ်ခုဖြစ်ပြီး နိုင်ငံတွင်း လက်ရှိထုတ်လုပ်နေသော လျှပ်စစ်ပမာဏ၏ သုံးပုံ နှစ်ပုံကို ထိုင်းနိုင်ငံအပါအ၀င် အခြားသောအိမ်နီးချင်းနိုင်ငံများသို့ ရောင်းချပေး လျက်ရှိသည်။

လာမည့် ၁၅ နှစ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်မှုပမာဏကို အများအပြား တိုးမြှင့်သွားရန် စီစဉ်ထားပြီး လက်ရှိ ထုတ်လုပ်နေသည့် ပမာဏ ၃,၂၀၀ မဂ္ဂါဝပ်မှ ၁၂,၀၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားရန် လာအိုနိုင်ငံက ရည်ရွယ်ထား သည်။

ထိုကဲ့သို့ တိုးမြှင့်ထုတ်လုပ်ရန် လက်ရှိကာလမှ လာမည့် ၂၀၂၀ အတွင်း  ဆည်သစ်ပေါင်း ၃၀ ကျော်ကို တည်ဆောက်သွားရန်စီစဉ်ထားပြီး ယင်းဆည်များထဲမှ ၁၂ ခုကို မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ် သည်။

ရေအားလျှပ်စစ် ထုတ်လုပ်မှုစီမံကိန်းများကို  လာအိုအစိုးရက ရေရှည် စီးပွားရေးဆိုင်ရာ မဟာဗျူဟာချမှတ် မှုတွင် အရေးကြီးအစိတ်အပိုင်း တစ်ရပ်အဖြစ် ထည့်သွင်းထားသော်လည်း ယင်းတို့ထဲမှ အချို့သည် ပြည်ပနိုင်ငံများ၏ ဝေဖန်ကန့်ကွက်နေမှုများနှင့် ကြုံတွေ့နေရသည်။ အချို့သော ဆည်များသည် မဲခေါင်မြစ် တစ်လျောက် နေထိုင်ကြသူများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုများရှိလာနိုင်သည့် အပေါ် ဝေဖန် ခံနေရခြင်းဖြစ်သည်။ လာအိုအစိုးရက ဆည်စီမံကိန်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ လုပ်ဆောင်ရန် သွားရန် ဆန္ဒရှိသည်ဟု ပြောကြားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List