Saturday, October 25, 2014

ကိုပါကြီးကို ဘယ်သူသတ်သလဲ



နိုင်ငံရေးနောက်ခံရှိသော အလွတ်သတင်းထောက် တစ်ဦးဖြစ်သူ ကိုပါကြီးကို စစ်တပ်က ပစ်သတ်လိုက်ခြင်း ဖြစ်သည်။ လက်နက်လုပြီး ထွက်ပြေးသော ကြောင့် အသေပစ်သတ်ရပါသည်ဟု စစ်တပ်က မရှင်းမလင်းထုတ်ပြန်သည်။စစ်အာဏာ ရှင်အောက် နှစ်ပေါင်းများစွာ နေခဲ့ရသူ ပြည်သူများက စစ်တပ်၏ ထိုကဲ့သို့ ပြောသည်ကို လက်ခံကြပါမည်လားဟုမေးခွန်း ထုတ်ကြည့်ရန် လိုနေသည်။
မဇ္ဈိမ၏ မေးမြန်းစုံစမ်းမှုများအရ ကိုပါကြီးသည် အလွတ်သတင်းထောက် ဖြစ်သည်။ ယခင်က သူသည်သုံးရောင်ခြယ် လူငယ်အဖွဲ့တွင် ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနား နေခဲ့ဖူးသူဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမိုးသီးဇွန်တို့နှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ ကိုမိုးသီးဇွန်က ကိုပါကြီးသည် လူရိုးလူအေးဖြစ်ပြီး စစ်တပ်က ထုတ်ပြန်သကဲ့သို့ မဖြစ်နိုင်ကြောင်း ၎င်း၏ဖေ့စ်ဘုတ် စာမျက်နှာတွင် ချေပထားသည်။

စစ်အာဏာရှင်များက အတင်းရော၊ အဓမ္မပါ အတည်ပြုပြဋ္ဌာန်းခဲ့သော ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ၌ပင် နိုင်ငံသား တစ်ဦးကို ယခုကဲ့သို့ တရားမဲ့ သတ်ဖြတ်ပစ်တာမျိုး မရသည့်ပြင် ၂၄ နာရီထက်ပိုပြီး ချုပ်နှောင်ထားမှုကို ခွင့်မပြုထားပါ။ ၂၀ဝ၈ အခြေခံဥပဒေ ပုဒ်မ ၃၇၆ တွင် "နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင် ခြင်း မပြုရ" ဟု ဖော်ပြထားသည်။ 



ဥပဒေနှင့် ညီရမည်၊ ဥပဒေက ခွင့်ပြုရမည်ဟု အတိအလင်း ရေးထားပါလျက် အခုတော့ စစ်တပ်က အညိုးအတေးနှင့် ဖမ်းဆီးစစ်ဆေး၊ နောက်ဆုံး သတ်ပစ်ခဲ့သည်။ စစ်တပ်ထုတ်ပြန်ချက်၌ပင် ယင်းအချက်များက ပေါ်လွင်နေသည်။

ကလို့ထူးဖောကရင်အစည်းအရုံး (KKO) မှ ဗိုလ်ကြီးအဆင့်ဟု ဖော်ပြသည်။ ပြေးသဖြင့် ပစ်ရပါသည်ဟု ဆင်ခြေပေးသည်၊ ကောင်းစွာ သင်္ဂြိုဟ်ခဲ့သည်ဟုပင် အမှတ်ယူထားသေးသည်။ စက်တင်ဘာ ၂၆ မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပဋိပက္ခ၊ စက်တင်ဘာ ၃၀ တွင် ဖမ်းခံခဲ့ရသူ ကိုပါကြီး၊ အောက်တိုဘာ ၄ တွင် သတ်ဖြတ်ခံရသူ ကိုပါကြီးဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ကျမှသာ သတင်း ထုတ်ပြန်၍ သိရတော့သည်။ ကိုပါကြီး၏ အမျိုးသမီးဖြစ်သူက မီဒီယာများထက်မှ အကြိမ်ကြိမ်အခါ ခါပြောဆိုမှ ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်း၊ သေပြီးနောက် သုံးပတ်ခန့်ကြာမှ သတင်းထုတ်ပြန်ခြင်းမှာ မဖြစ်မနေမှ လုပ်ဆောင်ခြင်းမျိုး ဖြစ်နေသည်။

မီဒီယာများ ယခုလောက် မလွတ်လပ်ပါက ကိုပါကြီးသတင်းမှာ စုန်းစမြုပ်စ ဖြစ်သွားမည့်သဘော ဖြစ်သည်။ ကိုပါကြီးလို လူပေါင်း ဘယ်လောက်များများ အခုလို အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရမည်နည်း။ မည်သူမျှ တပ်အပ် မပြောနိုင်ပါ။ ကိုပါကြီးသည် အလွတ်သတင်းထောက်ဖြစ်ကြောင်း များစွာသော သတင်းထောက်များက သက်သေပြုကြသည်။ ရိုးသားသော နိုင်ငံသား တစ်ဦး ဖြစ်ကြောင်းကိုလည်း သူ့လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်း မိတ်ဆွေများက ပြောကြသည်။ ဝမ်းနည်းကြသည်။

စစ်ဗိုလ်ချုပ်ဟောင်း/ သစ်များက ၎င်းတို့ စိတ်တိုင်းကျရေးစွဲ ပြဋ္ဌာန်း ကျင့်သုံး ထားသော ၂၀ဝ၈ အခြေခံဥပဒေပါ အခွင့် အရေးများကို လုံးဝအထိမခံ၊ အပြင်မခံဘဲ ရယူခံစားကြပြီး ပြည်သူတစ်ဦးတစ်ယောက်ချင်း အခွင့်အရေးကိုတော့ မျက်ကွယ်ပြုကာ ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်သည်က ကြားရနားဝ မသက်မသာ ဖြစ်ကြရသည်။

ကိုပါကြီးလို နောက်ထပ်အလှည့်ကျမည့်သူ ဘယ်သူဖြစ်မလဲ စိုးရိမ်နေရမည်။ စိုးတထိတ်ထိတ်နှင့် နေထိုင်ရသူ ပြည်သူများ ဖြစ်လာလိမ့်မည်။

စစ်အာဏာရှင်များသည် မြန်မာနိုင်ငံကို ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း ကိုပါကြီးဖြစ်ရပ်က သက်သေခံနေသည်။ ဘယ်လို ဖမ်းသည် မသိ၊ ဘယ်လို မေးမြန်းသည် မသိ၊ ဘယ်လို သေမည် မသိ၊ တရားမဲ့ လုပ်ချင်ရာလုပ်နေကြသည်များ ရှိနေ ဆဲဖြစ်သည်။ ကိုပါကြီး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးတို့၏ ထုတ်ပြန်ချက်များ၊ ဆန္ဒပြပွဲများလည်း ပြုလုပ်ကြမည်ဖြစ်သည်။ စစ်တပ်၏ အနိုင်ကျင့်မှုကို အဆက်မပြတ် ခံခဲ့ရသူများက ယခုအခါ ငြိမ်မနေကြတော့ဘဲ နိုင်သည့် ဘက်မှ တုံ့ပြန်ကြတော့မည်။

ဒီမိုကရေစီကူးပြောင်းရေးကို ဆောင်ရွက်နေပါသည်ဆိုသည့် သမ္မတ ဦးသိန်းစိန်ရော ဘာများပြောနိုင်ပါမည်နည်း။ ချက်ချင်း မပြောတောင် မိဘပြည်သူများခင်ဗျား လစဉ်မိန့်ခွန်းတွင် ယခုကိစ္စအား ပြည်သူများသို့ ရှင်းလင်းသင့်ပေသည်။

တရားဥပဒေစိုးမိုးသည့် နိုင်ငံ၊ လူတစ်ဦးချင်း အခွင့်အရေး တန်းတူညီမျှရသည့် တိုင်းပြည်ဖြစ်ပြီး ဥပဒေအထက်တွင် စစ်တပ် ရှိမနေသည့် ဖွဲ့စည်းပုံမျိုးဖြင့် ပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာ နေနိုင်ကြရန် မဇ္ဈိမက ဆန္ဒပြုသည်။

ကိုပါကြီးကို ဘယ်သူသတ်သလဲ၊ စစ်တပ်ဖြစ်စေ အစိုးရဖြစ်စေ ဥပဒေမဲ့ ဥပဒေထက် ကျော်လွန်ခဲ့သူများကို ပွင့်ပွင့်လင်း လင်း ထုတ်ဖော်ပြီး ရှင်းရှင်းလင်းလင်း ထင်သာမြင်သာ အရေးယူအပြစ်ပေးရန် မဇ္ဈိမက တောင်းဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List