Saturday, October 25, 2014

လိပ်ကျွန်းလူသတ်မှု ပြန်သုံးသပ်ရန် ထိုင်းရဲကို ကော့စမွေခရိုင် ဥပဒေရုံး ညွှန်ကြားထား


မြန်မာနိုင်ငံသားနှစ်ဦးကို ဗြိတိန်စုံတွဲသတ်မှုဖြင့် တင်လာသည့်အမှု ပြန်လည် စစ်ဆေးရန် ကော့စမွေခရိုင် ဥပဒေရုံးက ထိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်သည်ဟု မြန်မာသံရုံး စုံစမ်းရေးအထူးအဖွဲ့ဝင် တရားလွှတ် တော်ရှေ့နေ ဦးအောင်မျိုးသန့်ကအောက်တိုဘာ ၂၄ ရက်တွင် မဇိ္ဈမကို ပြောသည်။

ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့၏ အောက်တိုဘာ ၂၇ ရက်တွင် ဥပဒေရုံးသို့ အမှုတွဲ တင်ပြမည့် အစီအစဉ် နှောင့်နှေးသွားမည်ဟု ၎င်းက သုံးသပ်သည်။ ယင်းသည် ထိုင်းရဲတပ်ဖွဲ့၏ သက်သေမခိုင်လုံ၍ဟု ဦးအောင်မျိုးသန့် က ဆိုသည်။

အဆိုပါအမှုကို ထိုင်းအစိုးရ ဥပဒေရုံးကလည်း ပယ်ချထားပြီး တစ်လအတွင်း အပြီးသတ်တင်ရန် စက်တင်ဘာ ၈ ရက်က ရဲတပ်ဖွဲ့ကို ပြောထားသည်။

မြန်မာသံရုံး အထူးအဖွဲ့ကလည်း ထိုင်းရှေ့နေများကောင်စီမှ ၁၆ ဦး၊ ထိုင်း လူ့အခွင့်အရေးကော်မရှင်တို့နှင့် ပူးပေါင်းကာအမှုနှင့် သက်ဆိုင်သည့် အချက်အလက်များ စုဆောင်းနေသည်ဟု ဦးအောင်မျိုးသန့် က ပြောသည်။

ထိုင်းရဲတို့က ခရိုင်တရားရုံးသို့ နောက် ဆုံးထား အမှုတွဲတင်မည့် တစ်ရက်တည်း၌ပင် မြန်မာအထူးအဖွဲ့၏ အချက်အလက်များကိုလည်း တင်ပြရန် သံရုံးက စီစဉ်နေသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင် (လိပ်ကျွန်း)တွင် စက်တင်ဘာလအတွင်း အသတ်ခံရသည့် ဗြိတိန်စုံတွဲကို မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ် သမား ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ ကျူးလွန်သည်ဟု ထိုင်းရဲတို့က ထုတ်ပြန်ကြေညာထားသည်။

စွပ်စွဲခံထားရသူတို့၏ မိဘများလည်း ရခိုင်လူမှုအဖွဲ့အစည်းများအကူအညီဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး အောက်တိုဘာ ၂၄ ရက်တွင် ကော့စမွေ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် သားများနှင့် တွေ့ဆုံကြသည်။

“ဒီနေ့ ကလေးနှစ်ယောက်ပြောတဲ့ ထွက်ဆိုချက်တွေ သူတို့လက်မှတ် မိဘတွေလက်မှတ်နဲ့ ညှင်းပမ်းလို့ ဝန်ခံလိုက်တယ်ဆိုတာနဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ပြောထားတဲ့အချက်တွေကို ကော့စမွေခရိုင် ဥပဒေရုံးကို တင်ခဲ့တယ်။ အဲဒီကနေ ဒီအမှုကို သေချာပြန်သုံးသပ်ဖို့ ထိုင်းရဲကို ညွှန်ကြားတယ်လို့ သိရတယ်” ဟု ဦးအောင်မျိုးသန့် က ဆိုသည်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ထိုင်းရဲတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို အရေးယူပေးရန် ထိုင်းအစိုးရထံသို့ တင်ပြထားသည်ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်အထိ ကျခံရနိုင်သည့် လူသတ်မှုဖြင့် ထိုင်းရဲတို့က အမှုဖွင့်ထားခြင်းဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List