Saturday, October 25, 2014

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တစ်ရက်လျှင် ကုဗပေ ၃၉၉ သန်း ထုတ်လုပ်နေ ပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ ၁၇ သန်းခန့်သာ ရရှိကာ ကျန်ကုဗပေ ၃၇၉ သန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေ


မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက် စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များအား ၂ဝ၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း၊ ယင်းသို့တင်ပို့ရာတွင် စုစုပေါင်းထွက်ရှိမှုပမာဏ တစ်ရက် လျှင် ကုဗပေ ၃၉၉ သန်းထုတ်လုပ်နေပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ ၁၇ သန်းသာ ရရှိထားပြီး ကျန်သည့် ကုဗပေ ၃၇၉ သန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း အောက်တိုဘာ ၂၃ ရက်တွင်ပြုလုပ်သော 2nd Myanmar Electric Power Conventionမှ ရရှိသော အချက်အလက်များအရ သိရသည်။

အဆိုပါ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင်မူ မြန်မာနိုင်ငံအနေဖြင့် သဘာဝ ဓာတ်ငွေ့ အမြောက်အမြားထုတ် လုပ်မှု များနေသော်လည်း ပြည်ပတင်ပို့မှု များနေသည့်အတွက် ပြည်တွင်းသုံးစွဲရေးတွင် အကျပ်အတည်း ရှိနေကြောင်း ဆွေးနွေးခဲ့ကြသည်။

“တစ်ယောက်နဲ့ တစ်ယောက်က အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်နေတဲ့အတွက် စာချုပ်ချုပ်ထား ပေမယ့်လည်း ဥပမာ-Total ဆိုရင် စာချုပ်အရ သူပေးရမယ့် ပမာဏက150 mmcfd လောက်ပဲရှိတယ်။ ဒါပေမဲ့ အခု Total က 250mmcfd လောက်အထိ ပေးပါ့မယ်လို့ပြောတယ်။ ပိုထုတ်ပြီးပေးတဲ့ သဘောပါ။ PTTEPတို့ ဘာတို့ လည်း အဲဒီသဘောပဲ လုပ်မယ်ထင်ပါတယ်” ဟုSmart Electronic Group of Companies မှ Managing Directorဦးကျော်ကျော်လှိုင်က ပြောကြား သည်။

မြန်မာ့ကမ်းလွန်တွင် လက်ရှိသဘာဝဓာတ်ငွေ့ ထုတ်ယူနေသော ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းအား ၂ဝဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ထုတ်လုပ်ရောင်းချခဲ့ကြောင်း သိရသည်။

“အမှန်တကယ်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက တစ်နေ့ထုတ်ယူမယ့် ပမာဏက ကုဗပေသန်း ၅ဝဝ လျာထားတာ။ အဲဒီမှာ မြန်မာနိုင်ငံအတွက် လျာထားတာက ၂၅ ရာ ခိုင်နှုန်းဆိုတော့ ကုဗပေသန်း ၁ဝဝ လောက်ရမယ်။ အခုက ၅ဝဝ အထိ မထုတ်နိုင်သေးလို့ ၁၇ ပဲရတာပါ” ဟု ဘူမိအင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။ 

ယင်းသဘော တူညီချက်အရ လက်ရှိအချိန်တွင် ၃၉၉ ထုတ်ယူနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ၂၅ ရာခိုင်နှုန်းရရှိရန် လျာထားထားသည်ဆိုပါက အနည်းဆုံးကုဗပေ သန်း ၈ဝ ခန့် ရရှိသင့်ကြောင်း သိရသည်။

အလားတူ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းအားTotal ကုမ္ပဏီမှ ရှာဖွေထုတ်ယူနေပြီး စုစုပေါင်းထွက်ရှိမှု ပမာဏ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၉၁ဝ ရှိပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေ ၁၁၉ သန်းကို ပြည်တွင်းသုံးစွဲရန်အတွက် ပေးထားကြောင်း၊ ယင်းလုပ်ကွက်အား ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း သိရသည်။

ထို့အတူ တနင်္သာရီကမ်းလွန်တွင်ရှိသော ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း ယင်းသဘာဝဓာတ်ငွေ့သိုက်မှ တစ်နေ့ လျှင် ကုဗပေသန်းပေါင်း ၃၃ဝ တင်ပို့နေကြောင်း၊ ရဲတံခွန်မှ ပြည်တွင်းသုံးစွဲမှုအတွက် ရယူထား ခြင်း မတွေ့ရကြောင်း၊ အလားတူ ဇောတိက သဘာဝဓာတ်ငွေ့သိုက်အား ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်မှ စတင်တင်ပို့ခဲ့ကြောင်း သိရသည်။

ပြည်တွင်းလုပ်ကွက်များကိုမူMOGE မှလုပ်ဆောင်နေပြီး စုစုပေါင်းပမာဏ ကုဗပေ ၆၃ သန်းထွက်ရှိကာ ယင်းပမာဏအားလုံးအား ပြည်တွင်းသုံးစွဲမှုအတွက် အသုံးပြုနေကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအနေအထားကို ကြည့်ပါက ကမ်းလွန်နှင့် ကုန်းတွင်းလုပ် ကွက်များမှ စုစုပေါင်းထွက်ရှိသည့် ပမာဏကုဗပေ ၂ဝ၅၈ သန်းရှိပြီး ပြည်ပသို့ တင်ပို့မှု ၁၆၉၉ သန်းနှင့် ပြည်တွင်းသုံးစွဲမှု ကုဗပေသန်း ၃၃၉ သန်း ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ အခု Gas ရနေတာက ကုဗပေသန်းပေါင်း ၃၅ဝ ကနေ ၄ဝဝ ကြားလောက်ရနေတယ်။ ဒါပေမဲ့ ပြည်တွင်းလိုအပ်ချက်က ဒါ့ထက်များနေတဲ့ အတွက်ကြောင့်မို့ နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ အတိုးအလျှော့ ပြန်ပြီးလုပ်နိုင်မယ် ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာပါ။ ဒါပေမဲ့ စာချုပ်တွေ ကလည်း နှစ်ရှည်စာချုပ်တွေ ဖြစ်နေတယ်” ဟု Parami Energy Group of Companies မှSenior Project Managerဦးတင်မောင်ထွန်းက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List