Wednesday, October 22, 2014

တရားသူကြီးများ အမှန်တရားဘက်ရပ်တည်ချိန် တန်ပါပြီ


ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ နိုင်ငံတစ်ခုမှာ အဓိကမဏ္ဍိုင်ကြီးများဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များဟာ အရေးပါတဲ့ မဏ္ဍိုင်ကြီးများဖြစ်ပြီး ယင်းတို့အနက် တရားစီရင် ရေး မဏ္ဍိုင်ဟာလည်း ဒီမိုကရေစီ စနစ် တည်ဆောက်နေတဲ့ နိုင်ငံများအတွက် အလွန်အရေးပါတဲ့နေရာက ပါဝင်နေ ပါတယ်။

တရားရေးမဏ္ဍိုင်ရဲ့ ဂုဏ်သိက္ခာ

အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်များဟာ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလို တရားစီရင်ရေး မဏ္ဍိုင်မှာလည်း ကြီးမားတဲ့တာဝန်တွေ ရှိနေပါတယ်။ အထူးသဖြင့် အာဏာ ရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံအတွက် တရားစီရင်ရေးမဏ္ဍိုင်ဟာ အထူးအား ကောင်းဖို့ လိုအပ်လှပါတယ်။ အခြားအာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း အရင်က တရားစီရင်ရေးကဏ္ဍမှာ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ အမြစ်တွယ်နေခဲ့ခြင်းဟာ ယနေ့လို အပြောင်းအလဲတွေ လုပ်နေတဲ့အချိန်မှာ တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်အားကောင်းလာရေး ဆောင်ရွက်မှုများအတွက် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ တကယ်လည်း အာဏာရှင်ခေတ်ကာလတုန်း က တရားစီရင်ရေးကဏ္ဍမှာ တရားရုံးများရဲ့ လွတ်လပ်စွာ တရားစီရင်ခွင့်ကို ထိခိုက်စေတဲ့ အထက်ကလာ သော ချိပ်ပိတ်အမိန့်တွေ၊ စီရင်ချက်တွေ ရှိခဲ့တယ်ဆိုတာ ယနေ့ထုတ်ဝေပြီးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများရဲ့ ဘ၀အတွေ့အကြုံကို ရေးသားထားတဲ့ စာအုပ်တွေမှာ အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ 

အဲဒီလို တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေဟာ အာဏာရှင်ခေတ်မှာ တရားရေးမဏ္ဍိုင်ရဲ့ ဂုဏ်သိက္ခာကို ကိုင်လှုပ်ခဲ့တဲ့ ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက် ဖက်မှု အကျိုးဆက်ကြောင့်လည်း အများပြည်သူတွေရဲ့ တရားစီရင်ရေး စနစ်အပေါ် ယုံကြည်မှုကို လျော့စေ ခဲ့တာ ဖြစ်ပါတယ်။

စိန်ခေါ်မှုများ ရှိနေဆဲ

ယနေ့အချိန်မှာတော့ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပါပြီ။ မဏ္ဍိုင်ကြီးသုံးရပ် တည်ရှိနေပြီဖြစ် သလို မဏ္ဍိုင်သုံးရပ် သီးခြားဆီရပ်တည်ဆောင်ရွက်ဖို့ စည်းမျဉ်းသတ်မှတ်ချက်တွေလည်း ချထားပြီးဖြစ်ပါ တယ်။ ဒီအတွက် မဏ္ဍိုင်အသီးသီးဟာ တစ်ခုနဲ့တစ်ခု လွှမ်းမိုးမှုမရှိစေဘဲ အပြန်အလှန် အထောက်အပံ့ ပြုပေးခြင်း (check and balance) ကို ဆောင်ရွက်နိုင်ကြပြီလို့ ဆိုနိုင်ပါပြီ။ ဒီအချက်တွေဟာ အချိန်က ၀င်ရောက်စွက်ဖက်ခြင်း ခံခဲ့ရတဲ့ တရားစီရင်ရေး မဏ္ဍိုင်အတွက်တော့ ရုန်းထွက်နိုင်တဲ့ အခွင့်အလမ်းတစ်ခု လို့ ဆိုနိုင်ပါတယ်။ ရုန်းထွက်ခွင့် ရှိနေပြီဆိုပေမယ့် ယနေ့တရားစီရင်ရေးကို လေ့လာကြည့်ပြန်တော့ စိန်ခေါ်မှုများ ရှိနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်သို့ တင်သွင်းခဲ့တဲ့ ပထမဆုံး အစီရင်ခံစာမှာတော့ တရားရေးမဏ္ဍိုင်ရဲ့ ယိမ်းယိုင်နေတဲ့ အခြေအနေများကို ထောက်ပြထားခဲ့တာ တွေ့ခဲ့ရပါတယ်။ 

အဲဒီအစီရင်ခံစာရဲ့ လေ့လာတွေ့ရှိချက်များတွင် ဥပဒေအချို့ရဲ့ အားနည်းချက်များကြောင့် အများပြည်သူ နစ်နာမှုရှိခြင်း၊ ရဲအရာရှိများ အနေဖြင့် လူသတ်မှု၊ ဖောက်ထွင်းမှုများအား မှန်ကန်မြန်ဆန်စွာ မဖော် ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ တရားရုံးတွင် အမှုလိုက်ပါ ဆောင်ရွက်ကြတဲ့ ဥပဒေအရာရှိများ၊ ရှေ့နေများကလည်း မိမိတို့ရဲ့ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန်လိုခြင်း၊ တရားသူကြီး များအနေဖြင့် ယိမ်းယိုင်နေသော တရားရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်ရန် အဂတိတရားလေးပါး ကင်းစွာဖြင့် လုပ်ရန်လိုခြင်း၊ ဥပဒေကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများရဲ့ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူပြီး လိုရာဆွဲဆုံးဖြတ်ခြင်းမပြုရန် လိုအပ်နေခြင်း၊ အချို့တရားရုံးများဟာ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနဲ့ မညီခြင်းကဲ့သို့သော အချက်များ ရှိနေတယ်လို့ ထောက်ပြထားကြောင်း အစီရင်ခံစာကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

စွဲကပ်နေသော အလေ့အကျင့် စရိုက်များ

အဲဒီအစီရင်ခံစာရဲ့ သုံးသပ်ချက်အပိုင်းမှာတော့ တွေ့ရှိချက်များအပေါ် ပြန်လည်သုံးသပ်ရာတွင် တရား ဥပဒေစိုးမိုးရေး အပေါ်တွင် အာဏာပိုင်များရဲ့ ဖိအားပေးမှုများ၊ ၀င်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း အောင်မြင်စေရန်ဆိုပါက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ရန်လိုပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် အောင်မြင်မှာမဟုတ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ဗဟိုက ပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန်ပြောကြားနေသော်လည်း အဆင့်ဆင့်သော

ယနေ့နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီမို့ ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ လိုက် ပါပြောင်းလဲကြဖို့ လိုအပ်လာပါပြီ။ တစ်ချိန်တုန်းကလို နီးရာဓားကြောက်ပြီး စီရင်ခဲ့ရတဲ့ အဖြစ်တွေ နောက်ထပ်မဖြစ်ပေါ်စေဖို့ ရုန်းထွက်ကြဖို့ အချိန်တန်ပါပြီ . . . . .

အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာ များ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် ရှိနေသေးတယ်လို့ ဖော်ပြထားခဲ့ကြောင်း မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။ အဆိုပါ အစီရင်ခံစာပါ အချက်အလက်တွေအရ ဆိုရင်တော့ တရားစီရင်ရေး ကဏ္ဍ ဟာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲမှာ ရုန်းကန်လှုပ်ရှားနေရဆဲဆိုတာ မြင်တွေ့နိုင် ကြမှာ ဖြစ်ပါတယ်။

တရားသူကြီးများအပေါ် တိုင်စာများ

ဒီလို ရုန်းကန်နေရမှုနဲ့ ဆက်စပ်ပြီး အများပြည်သူတွေရဲ့ မကျေနပ်မှုတွေ ရှိနေကြောင်းကိုလည်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက လက်ခံရရှိတဲ့ တိုင်စာများက သက်သေခံနေပါတယ်။ တိုင်စာများနဲ့ ပတ်သက်ပြီး အဆိုပါကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ သူရဦးအောင်ကိုက ၂၀၁၄ ခုနှစ် အစောပိုင်းက ပုဂ္ဂလိကမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ရာမှာ ယင်းတို့ကော်မတီထံသို့ ပြည်သူတွေက ပေးပို့တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်သော တိုင်ကြားစာတွေဟာ တရားသူကြီးတွေရဲ့ တရားမျှတမှုမရှိဘဲ အကျင့်ပျက်လာဘ်စားမှုများ လုပ်ကိုင်နေတဲ့ ဖြစ်ရပ်များကို တိုင်ကြားထားတဲ့ တိုင်စာတွေ ဖြစ်နေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ၎င်းတိုင်ကြားစာတွေမှာ ပါရှိတဲ့ အချက်တွေမှာတော့ တရားစီရင်ရေးကဏ္ဍတွင် ငွေများတရားနိုင် ဖြစ်နေခြင်း၊ မတရားစီရင်ခြင်းခံရခြင်း အပါအ၀င် ဥပဒေအရာရှိများက ဥပဒေကို အလွဲသုံးစားပြုမှုများနဲ့ တရားသူကြီးများနဲ့ ရဲများပေါင်းပြီး မတရားလုပ်ရပ်တွေ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုများရှိခဲ့ကာ တရားရေးဆိုင်ရာ လာဘ်ပေးလာဘ်ယူ အမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပြီး မန္တလေးက ဒုတိယအများဆုံး တိုင်ကြားလာတယ်လို့ သူရဦးအောင်ကို ပြောကြားချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါသေးတယ်။

တန်းတူညီမျှတဲ့ အခွင့်အရေး

တရားစီရင်ရေး အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို လွှတ်တော်ကော်မတီတွေက ထောက်ပြမှုတွေ ရှိခဲ့ သလို ယနေ့အချိန်အထိလည်း တရားစီရင်ရေးမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ထောက်ပြဝေ ဖန်မှုတွေကတော့ မီဒီယာတွေမှာပါ ရှိနေဆဲပါ။ တကယ်တော့ အထက်မှာဖော်ပြခဲ့တဲ့ လွှတ်တော်ကော် မတီတွေရဲ့ ထောက်ပြချက်တွေဟာ ကောင်းမွန်တဲ့ တရားစီရင်ရေးဖြစ်စေဖို့ ထောက်ပြချက်တွေပဲ ဖြစ်ပါတယ်။ တကယ်လည်း တရားရေးမဏ္ဍိုင်အတွက် တရားမျှတစွာ တရားစီရင်ရေး၊ လွတ်လပ်စွာ တရားစီရင်နိုင်ရေးဟာ အသက်တမျှ အရေးကြီးလှပါတယ်။ တရားရုံးတွေရဲ့ စီရင်မှုတွေဟာလည်း တစ်ပြေးညီဖြစ်နေဖို့ လိုအပ်ပါတယ်။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီက ထောက်ပြချက်မှာ ပါခဲ့သလို ဥပဒေကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများရဲ့ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူပြီး လိုရာဆွဲဆုံးဖြတ်ခြင်းများ ရှိခဲ့မယ်ဆိုရင်တော့ တရားရုံးများရဲ့ စီရင်မှုတွေဟာ ပြစ်ဒဏ်ကျခံရသူတွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးကို ဆုံးရှုံးသွားစေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အမှုတစ်ခုမှာ လူသတ်မှုနဲ့ ထောင်ဒဏ်ခုနစ်နှစ်သာ ပြစ်ဒဏ်သတ်မှတ်ခံရချိန်မှာ လူသတ်မှုလောက် အပြစ်မကြီးဘူးလို့ အများယူဆတဲ့ အခြားတစ်မှုမှာတော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်မှုမျိုးဟာ အများပြည်သူတွေရဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့်လည်း ပွင့်လင်းလာပြီး မီဒီယာလွတ်လပ်ခွင့် ယခင်ကထက် ရလာချိန်မှာ မီဒီယာတွေရဲ့ ရေးသားမှုအချို့အပေါ် တရားစွဲဆိုမှုတွေမှာ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်နေတဲ့အပေါ် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်မှုတွေ ရှိနေသလားဆိုတာ မီဒီယာသမားတွေက မေးခွန်းထုတ် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

တကယ်တော့ အခြားမဏ္ဍိုင်များနည်းတူ အာဏာရှင်ခေတ်မှာ အချိန်အတော်ကြာအောင် ဖြတ်သန်းခဲ့ကြ ရတဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စွဲခဲ့တဲ့ အမှုအကျင့်ဟောင်းတွေကို စွန့်ပစ်ပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါ တယ်။ ယနေ့နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီမို့ ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ လိုက်ပါပြောင်းလဲကြဖို့ လိုအပ်လာပါပြီ။ တစ်ချိန်တုန်းကလို နီးရာဓားကြောက်ပြီး စီရင်ခဲ့ရတဲ့ အဖြစ်တွေ နောက်ထပ်မဖြစ်ပေါ်စေဖို့ ရုန်းထွက်ကြဖို့ အချိန်တန်ပါပြီ။ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေများအတိုင်း တိတိကျကျ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေလေးစားသော၊ ပြည်သူတွေ အားကိုးယုံကြည်သော တရားရုံးများအဖြစ် ရောက်ရှိပြီး ပြည်သူတိုင်း ချစ်ခင်လေးစား နှစ်သက်ရတဲ့ တရားဥပဒေရဲ့ ဘက်တော်သားစစ်စစ်တွေဖြစ်ကြဖို့ အများပြည်သူတွေက မျှော်လင့်နေကြ ပါပြီ။ အထူးသဖြင့် တရားစီရင်ရေးမှာ အဓိကကျတဲ့ တရားသူကြီးတွေဟာ အများလိုလားတဲ့ အမှန်တရားရဲ့ ဘက်တော်သားအဖြစ် ရပ်တည်ဆောင်ရွက်ခြင်းဖြင့် တရားစီရင်ရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဒီအတွက် ပြစ်ဒဏ်ကျသင့်သူ ထောင်သောင်းချီကို ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်ခြင်းထက် ပြစ်ဒဏ်ချမှတ်ဖို့ မသင့်သူတစ်ဦးကို ပြစ်ဒဏ်ချမှတ်မိခြင်း၊ ထိုက်သင့်တဲ့ပြစ်ဒဏ်ထက် ပိုပြီးချမှတ်မိခြင်းတွေဟာ ယနေ့အပြောင်းအလဲတွေ ပြုလုပ်နေတဲ့နိုင်ငံမှာ ရှိကိုမရှိသင့်တော့တဲ့ အကြောင်းအရာများ ဖြစ်ပါကြောင်း တရားမျှတမှုကို လိုလားနေကြတဲ့ အများပြည်သူကိုယ်စား ရေးသားတင်ပြလိုက် ရပါတယ်။

(ဆောင်းပါးရှင် - သစ်ထွဋ်)
Eleven Media Group

No comments:

Post a Comment

My Blog List