Wednesday, October 22, 2014

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် MJN တို့ တွေ့ဆုံခဲ့ပြီး Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားများ ထောင်ချခံရမှုအပေါ် သမ္မတထံ တင်ပြပေးမည်ဟု သိရ


လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) တွင် တွေ့ဆုံခဲ့ပြီး မွန်းတည့်နေဂျာနယ်မှ သတင်းသမားများအား ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်သည့်အပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ယင်းဖြစ်ရပ်အပေါ် နိုင်ငံတော်သမ္မတထံ တင်ပြပေး မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးရဲထွဋ်အား သတင်းမီဒီယာ များမှ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုလတ်တလော Bi မွန်းတည့်နေ ကိစ္စပေါ့နော်။ အဲဒီကိစ္စမှာ လောလောဆယ် တရားစီရင်ရေးမှာ လတ်တလော တရားခွင်အခြေအနေကို ရှင်းပြခဲ့တယ်။ ဝန်ကြီးကလည်း ဒီကိစ္စကို သမ္မတကို တင်ပြပေး မယ် ပြောထားတယ်။ အခုကွာဟချက်တွေ အကုန်လုံးကို ခြုံငုံပြီး သုံးသပ်ဖို့ကိုလည်း မီဒီယာတွေ ဘက်ကို ပြန်ပြီးတော့ ပြောသွားခဲ့တယ်။ အဓိကကတော့ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေမှာ မီဒီယာတွေ မြင်တဲ့အမြင်၊ တရားစီရင်ရေးက မြင်တဲ့အမြင်တွေကို ပြောသွားခဲ့တယ်။ ဝန်ကြီးအနေနဲ့ကလည်း ပြန်ပြီးတင်ပြပေးမယ်ဆို တဲ့ အတွက်ကြောင့် ကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ သမ္မတကို တင်ပြပေးမယ်လို့ ဝန်ကြီးကကတိပေးသွားတယ်” ဟု မြန်မာဂျာနယ် လစ်ကွန်ရက်၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ မရွှေမှုန်က ပြောကြားသည်။

ဦးရဲထွဋ်က “တရားစွဲတယ်ဆိုတာက နှစ်မျိုးရှိတာပေါ့နော်။ စွဲဆိုသူက တရား ဥပဒေအရ လုပ်တဲ့အခါမှာ ရှိတဲ့ဥပဒေထဲက သူသင့်တော်မယ်ထင်တဲ့ ဥပဒေနဲ့ စွဲလို့ရတာပေါ့နော်။ သူ့ကို ကျွန်တော်တို့က ဘယ်သူဖြစ်နေလို့ ဘယ်ဥပဒေနဲ့ စွဲပါဆိုပြီးတော့ ပြောလို့မရပါဘူး” ဟုဆိုသည်။

ကြားဖြတ်အစိုးရ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ကိုသာ ရေးသားဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားများအား ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ခြင်းမှာ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် သည်ဟု ယူဆကြောင်း သတင်းထောက်တစ်ဦးက မေးမြန်းရာ ဦးရဲထွဋ်က 

“တရားသူကြီးဆိုတာကတော့ဗျာ သူ့ရုံးရှေ့ရောက်လာတဲ့ သက်သေကိုပဲ သူစဉ်းစားရတာကိုး။ ဟုတ်တယ် မို့လား။ တစ်ကတော့ တရားရုံးကိုလာပြီးတော့ တရားလိုဘက်ကဖြစ်စေ၊ တရားခံဘက်ကဖြစ်စေ သက်သေ မတင်ဘူးဆိုရင် မြင်နေရင်တောင် ထည့်စဉ်းစားလို့ မရဘူး။ နှစ်ကတော့ဗျာ သူသည် ချမှတ်ထား တဲ့ဘောင် ထဲမှာ အနည်းဆုံး၊ အများဆုံးဆိုတဲ့ ဘောင်ထဲမှာ သူ့ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တာပေါ့။ ချမှတ်ခံရသူ ဘက်က အခွင့်အရေးက ဘာလဲဆိုတော့ သူ့ရဲ့ စီရင်ချက်ကို တောင်းကြည့်လို့ရတယ်။ တရားရုံးစီရင်ချက် သည် မည်သူမဆို မိတ္တူကူးလို့ရတယ်။ အဲဒီအထဲမှာ သူဘယ်အချက်ကြောင့် ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေတွေရှိတယ်။ အဲ့ဒီတော့ အဲဒါကိုထောက်ပြီးတော့ အထက်ရုံး အဆင့်ဆင့်ကို ခင်ဗျားတို့ တက်ခွင့် ရှိတာပေါ့။ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားတို့အနေနဲ့ မကြိုက်ဘူးဆိုရင် အထက်ရုံးအဆင့်ဆင့်ကို တက်ရမှာပေါ့။ အထက်ရုံး အဆင့်ဆင့်ကိုတက်ရင် အဲ့ဒါသည် စီရင်ထုံးဖြစ်သွားမယ်။ 

တရားသူကြီး ချတဲ့အပေါ်မှာ နည်းခြင်းများခြင်းသည် ခင်ဗျားရဲ့ ကိုယ်ပိုင်အယူ အဆပဲ။ သူ့ရဲ့အယူအဆကို ဘယ်မှာကြည့်လို့ ရမလဲဆိုရင် စီရင်ချက်မှာ ကြည့်လို့ရတယ်။ စီရင်ချက်ကိုကြည့်လို့ စောဒကတက်စရာရှိ ရင် အထက် တရားရုံးကိုတက်။ ဒါမှသာ တရားစီရင်ရေးမဏ္ဍိုင်မှာ သူ့လမ်းကြောင်းနဲ့သူ လုပ်လို့ရမယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ပြီးလုပ်လို့ရတာက တရားစီရင်ရေးပြီးမှ ဝင်လုပ်လို့ရတယ်။ ဥပဒေပြု မဏ္ဍိုင်က ဘာလုပ်လို့ရလဲဆိုရင် အဲဒီဥပဒေတွေက ခေတ်နဲ့မလျော်ညီတော့ဘူးဆိုရင် ပြင်ပေးလို့ရတယ်။ ဒီလိုမျိုးသွားတာဆိုတော့ ဒီလိုမျိုးတော့ ခင်ဗျားတို့ နားလည်ဖို့လိုမယ်” ဟု ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List