Wednesday, October 22, 2014

ပြောမှားဆိုမှား ရှိပါက ပြည်သူကို ဝန်ချတောင်းပန်ကြောင်း ရာထူးမှမဆင်းမီ အင်ဒိုနီးရှားသမ္မတ ကြေညာ



ရာထူးသက်တမ်း ကုန်ဆုံးသွားသည့် အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုက သမ္မတ သက်တမ်းအတွင်း ပြည်သူများ စိတ်လက်မချမ်းမသာ ဖြစ်အောင် လုပ်ခဲ့သည်များ ရှိပါက တောင်းပန်ပါကြောင်း ၎င်း၏ Twitter စာမျက်နှာ မှတစ်ဆင့် ပြည်သူကို ပြောကြားခဲ့ကြောင်း Straits Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ချစ်လှစွာသော ဒီတိုင်းပြည်ကို ဆယ်နှစ်တာ ခေါင်းဆောင်နေတဲ့အချိန်မှာ အင်ဒိုနီးရှား ပြည်သူတွေကို စိတ်လက်မချမ်း မသာ ဖြစ်အောင် လုပ်မှားကိုင်မှား၊ ပြောမှားဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြ ထားသည်။

ယင်းစာသား၏ အောက်တွင် SBY ဟု ရေးသားထားပြီး ဆူဆီလို ဘန်ဘန်းယူဒိုယိုနိုဟု အဓိပ္ပာယ်ရကာ သမ္မတ၏ လူမှု ကွန်ရက် မီဒီယာအဖွဲ့မှ ရေးသားခြင်း မဟုတ်ဘဲ သမ္မတထံမှ တိုက်ရိုက်လာသည်ဟု ယူဆရသည်ဟု Jakarta Globe သတင်းစာက ရေးသားထားသည်။

အသစ်ရွေးကောက် တင်မြှောက်ခံထားရသော သမ္မတသစ် ဂျိုကိုဝီဒိုဒိုက တနင်္လာနေ့ အောက်တိုဘာ ၂၀ တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။

၎င်းသည် အာဏာရှင် ဆူဟာတို ကာလ ထိပ်သီးများနှင့် ဆက်စပ်ခြင်း မရှိသည့် ပထမဆုံး အင်ဒိုနီးရှားသမ္မတ ဖြစ်လာ မည်ဖြစ်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ကဏ္ဍများစွာ၏ စိန်ခေါ်မှုများလည်း ကြုံနေရသည်။ ရာထူးလက်ခံ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အပြီးတွင် ရောင်စုံအခမ်းအနားများ ပြုလုပ်မည်ဖြစ်ပြီး သမ္မတ၏ အကြိုက်ဆုံး ဂီတအမျိုးအစား ဖြစ်သည့် ဟဲဗီးမက်တယ်များဖြင့် ပွဲပိတ်သွားမည်ဟု မျှော်လင့်ကြသည်။

စကားကို ညင်သာစွာ ပြောဆိုလေ့ ရှိသော နိုင်ငံရေးသမားဖြစ်သူ ဝီဒိုဒိုသည် မြစ်ကမ်းနံဘေး လူဆင်းရဲ ရပ်ကွက်လေးတွင် ကြီးပြင်းလာပြီး သမ္မတအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။ ယခင်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန် တိုနှင့် အသည်း အသန် ယှဉ်ပြိုင်ခဲ့ရပြီးမှ သမ္မတအဖြစ် ရွေးကောက်ခံရသည့် မစ္စတာ ဝီဒိုဒိုကို မီဒီယာများက ဂျိုကိုဝီဟု နာမည်အတို ကောက် ခေါ်ကြသည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ကာ ကမ္ဘာ့ လူဦးရေ အများဆုံး အစ္စလာမ် ဘာသာဝင် အများစုရှိရာ နိုင်ငံလည်းဖြစ်ပြီး အရှေ့တောင်အာရှ၏ အကောင်းဆုံး ဒီမိုကရေစီဟုလည်း အကဲဖြတ်ခြင်း ခံရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List