Friday, October 24, 2014

သူတို့အတွက် ဘယ်မှာလဲ ထီးတစ်လက်


ထိုင်းနိုင်ငံ ၊ ခိုတောင်ကျွန်းတွင် ဗြိတိသျှစုံတွဲ အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား
နှစ်ဦးကို တရားခံအဖြစ် ဖမ်းဆီးလိုက်သည့် သတင်းသည် အာဆီယံဒေသတွင်းသာမက ကမ္ဘာ့မီဒီယာ များတွင်ပါ ခေါင်းကြီးသတင်းဖြစ်ခဲ့ရာ ထိုင်း-မြန်မာ ဗြိတိသျှ သုံးနိုင်ငံခေါင်းဆောင်များ အကြား အပြန်အလှန် ဆွေးနွေးရသည်အထိ ပြဿနာကြီးထွားခဲ့ရသည်။ 

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ပေးပါ ရန်နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုလိုက် သလို ''အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိဖို့လိုပါတယ်''ဟု မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုင်းဒုတိယဝန်ကြီးချုပ် အား ပန်ကြားခဲ့သည်။ ထို့ပြင် မြန်မာလွှတ်တော်ကလည်း ထိုင်းလွှတ်တော် ကို သဝဏ်လွှာပေးပို့ ပြီး အမှုမှန်ပေါ် ပေါက်ရေးအတွက် ဖိအားပေးခဲ့ကြသည်။

တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တချို့နှင့် ပြည် တွင်းနိုင်ငံရေး အင်အားစု တချို့က ပြည်ပရောက် မြန်မာအလုပ် သမားအရေးတွင် နိုင်ငံတော်ဘက်မှပါဝင်လာခြင်းကို ထောက် ခံကြောင်း ကြိုဆိုကြောင်းနှင့် အစိုးရအနေဖြင့် မိမိနိုင်ငံသားအတွက် အကာအကွယ်ပေးရန် တာဝန်အပြည့်ရှိကြောင်း ၄င်းတို့၏သဘော ထားကို အသီးသီးပြောဆိုခဲ့ကြသည်။

''သမ္မတကြီးနဲ့ ကာချုပ်ကိုယ်တိုင် အမှုမှန်ပေါ်ပေါက် ရေးအတွက် တောင်းဆိုပေးတာဟာ အင်မတန်ကောင်း ပါ တယ်။ ကြိုလဲကြိုဆိုပါတယ်။ လွှတ်တော်ဘက်ကလဲ ထိုင်း လွှတ်တော်ကို သဝဏ်လွှာပေးပို့ထားတော့ ပိုပြီးအားရှိတာ ပေါ့။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဆီ သွားပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတာ့ အခုစွပ်စွဲခံထားရတဲ့ကလေး တွေက ကျွန်တော် တို့ ရခိုင်သားလေးတွေပါ။ ဒီလိုပုံစံနဲ့ ကျွန် တော်တို့ တိုင်းရင်းသားတွေ ထိုင်းတို့မလေးရှားတို့မှာ အပြု ကျင့်ခံနေရတာ များပါပြီ။ ဖြစ်တိုင်းလဲ အမှုမှန်ပေါ်ပေါက်တာ မရှိဘဲ ကိုယ့်နိုင်ငံသားတွေပဲခံ လိုက်ရတာ များတယ်''ဟု ဒေါက် တာအေးမောင်က ရန်ကုန်တိုင်းမ်သို့ ပြောကြားသည်။

အလားတူ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်နိုင်ဦး ကလည်း မြန်မာနိုင်ငံသည် လက်ရှိအာ ဆီယံဥက္ကဋ္ဌတာဝန် ယူထားသည့်အတွက် အာဆီယံဒေသ တွင်း ပြဿနာများကို ဖြေရှင်းရန် တာဝန်ရှိကြောင်းနှင့် ယခု လို မိမိနိုင်ငံသားနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် အမှုအခင်း ကိစ္စကို သမ္မတ ရော၊ ကာချုပ်ပါ ပါဝင်ဆောင်ရွက်ပေးခြင်း အတွက် တိုင်းရင်းသားကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောသည်။ 

သူက ''ထိုင်းနဲ့မလေးရှားမှာ ကျွန်တော်တို့ မွန်၊ ကရင်၊ ရှမ်း၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေအလုပ် လုပ်နေ တာ အများကြီးပါ။ အထူးသဖြင့် မွန်ပြည်နယ်က ထိုင်းနဲ့နီးတော့ အဲဒီမှာ မွန်တွေတော်တော်များပါတယ်။ ကျွန် တော်ကိုယ်တိုင် ၂ဝ၁၂ခုနှစ် သြဂုတ်လတုန်းက ထိုင်းကိုသွား ပြီး ကိုယ့်မွန် Communities တွေကို တွေ့ဆုံခဲ့တယ်။ အဲဒီ မှာ ကျွန်တော်တို့နိုင်ငံသားတွေ ဖိနှိပ်ခံရတာ၊ ခေါင်းပုံဖြတ် ခံရတာ တော်တော်ခံနေရ တာကို တွေ့ခဲ့ရတယ်။ ထိုင်းပုလိပ် တွေကလဲ အကျင့်ပျက်ခြစားမှုတွေများတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ကိုယ့်လူမျိုးတွေကို ပုံစံအမျိုးမျိုးနဲ့ အကွက်ဆင် အဖမ်းခံရတာ၊ အသတ်ခံရတာ ခဏခဏပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကာအကွယ်တော်တော်မဲ့နေ တယ်။ ဒါကြောင့် အခုလို လိပ်ကျွန်းကိစ္စမှာ နိုင်ငံတော်သမ္မတ ရော၊ ကာချုပ်ရော အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုပေးတာဟာ အာဆီယံနိုင်ငံ အကြား ဆက်ဆံရေးကောင်း မွန်အောင် လုပ်ဆောင်ခြင်းဖြစ်သလို ကိုယ့်နိုင်ငံသားအတွက် အကာအကွယ်
ပေးရာ ရောက်ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်'' ဟုဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံအခြေစိုက် လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် Founding For Education and Development ဒါရိုက်တာဦးထူးချစ်ကလည်း မြန်မာအစိုးရအဆက်ဆက် သည် ယခုကဲ့သို့ကိစ္စမျိုးတွင် အကူအညီပေး ခဲ့ ခြင်းမရှိသည့်အတွက် ခုလိုပါဝင်တောင်းဆိုလာခြင်းအား ထိုင်းအာဏာ ပိုင်များ အံ့အားသင့်သွားရကြောင်း ပြောကြားခဲ့သည်။

သို့သော် ပြည်တွင်းအလုပ်သမားအရေး ဆောင်ရွက် နေသည့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း)မှ မမာမာဦးကတော့ ထိုင်းလူသတ်မှုကိစ္စသည် နိုင်ငံ တကာနှင့် ပြည်တွင်းမီဒီယာများက ကျယ်ကျယ်လောင်လောင် ရေးသားလာခြင်းကြောင့်သာ အစိုးရအနေဖြင့် မနေသာ တော့ဘဲ ဝင်ရောက် ပြောဆိုခြင်းဖြစ်ကြောင်း သူမအမြင်ကို ပြောပြသည်။ အခြေအနေမှန်ကို ပြဿနာဖြစ်ပြီးမှဖြေရှင်းဖို့ ကြိုးစားခြင်း ထက် ပြဿနာမဖြစ်ခင်ကတည်းက နိုင်ငံတော် ဘက်က ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက် သင့်ကြောင်းလည်း သူမက ဆိုသည်။ 

''အခု သမ္မတနဲ့ကာချုပ်တို့က ထိုင်းလူသတ်မှုကိစ္စကို အမှုမှန်ပေါ်ဖို့တောင်းဆိုတာဟာ ကိုယ့်နိုင်ငံသားတွေ ကို ကာကွယ်စောင့်ရှောက်ချင်တဲ့စေတနာလို့ ကျွန်မ မယူဆ ဘူး။ နိုင်ငံတော်သမ္မတဟာ သူ့နိုင်ငံသားတွေ ရဲ့ဘဝလုံခြုံ ရေးနဲ့ အခွင့်အရေးတွေအတွက် သူ့မှာ တာဝန်ရှိပြီးသား။ ဖြစ်လာမှဖြေရှင်းတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ပေးရ မယ်။ နိုင်ငံတကာမှာ အလုပ်သမားဥပဒေတွေရှိတယ်။ အဲဒီ ဥပဒေတွေနဲ့အညီ ကိုယ့်နိုင်ငံသားကို အကာအကွယ်ပေးရ မှာက သမ္မတနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့အလုပ်ပဲ။ အခုလို ပြဿနာဖြစ်ပြီးမှ သဝဏ်လွှာပို့တာတို့ ထိုင်းဝန်ကြီး ချုပ်ကို ဖိတ်ခေါ်တာတို့ဟာ သဘာဝမကျဘူး''ဟု သူမ၏ အမြင်များကို ရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောပြသည်။ 

၁၉၈၈ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားအရေအတွက်သည် လေးသန်းခန့်ရှိပြီး ထိုထဲမှ ၁ဒသမ၇သန်းသည် အလုပ်လုပ်ခွင့်ပါမစ်ဖြင့် နေထိုင်သူများ ဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သား အရေး ဆောင်ရွက်နေ သည့်အဖွဲ့များက ခန့်မှန်းထားကြသည်။ ထို့ပြင် မလေးရှား နိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ သည် တရားဝင်ရော တရားမဝင်ပါ သန်းဂဏန်းအရေအတွက် ရှိနိုင်သည်ဟုဆိုသည်။ အလားတူ အိမ်နီးချင်း တရုတ်နိုင်ငံ သို့ ပုံစံအမျိုးမျိုးဖြင့်ရောက်ရှိနေသည့် အရေအတွက်မှာ လည်း သိန်းကျော်ရှိသည်ဟုဆိုသည်။ 

အဆိုပါ နိုင်ငံများတွင်ရောက်ရှိနေသူများတွင် တရားဝင် သွားရောက်သူများ ဖြစ်နေလင့်ကစား မတရားပြု ကျင့်ခံ ရခြင်းနှင့် အသတ်ခံရခြင်းသတင်းများ အမြဲလိုလိုကြားနေရ သော်လည်း အစိုးရဘက်မှ ဝင်ရောက် ဖြေရှင်းခဲ့သည့်အနေ အထားမှာ အလွန်နည်းပါးသည်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် ငါးဖမ်းလှေများပေါ်တွင် ခေါင်းပုံဖြတ်ခံနေရသော မြန်မာလုပ်သားအရေး၊ တရုတ်နိုင်ငံသို့ မြန်မာမိန်းကလေးငယ်များ တရုတ်မယား အဖြစ် ရောင်းစားခံနေရသောအရေး နှင့် မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အသတ်ခံနေ ရသောအရေးတို့မှာ မကြာခဏ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစာမျက်နှာများတွင် တွေ့နေရသည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများအတွက် အကာအကွယ်ပေးမည့် အဖွဲ့အစည်း များ ဖွဲ့စည်းပေးရန် လိုအပ်နေပါပြီ။ ဥပမာ- ထိုင်းနိုင်ငံကဲ့ သို့ မြန်မာလုပ်သားသုံးသန်းကျော် ရှိသည့်နိုင်ငံတွင် အလုပ် သမား သံအရာရှိတစ်ဦးတည်း ထားရှိခြင်းသည် အလုပ်သမား အရေးကို မည်သို့မျှ ဖြေရှင်းရာမရောက်နိုင်ကြောင်း မမာမာ ဦးက ရှင်းပြသည်။ 

''နိုင်ငံခြားတိုင်းပြည်မှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေ အတွက် တန်းတူအခွင့်အရေး ရှိဖို့ နှစ်နိုင်ငံအစိုးရမှာ တာဝန်ရှိတယ်။ လက်ရှိထိုင်းနိုင်ငံမှာ မြန် မာအလုပ်သမားရေးရာ သံကိုယ်စားလှယ် က တစ်ယောက်ပဲရှိတယ်။ ဟိုမှာရောက်နေတဲ့ တရားဝင်ရော၊ တရားမဝင်ရော သုံး၊လေးသန်းလောက်ရှိနေ တယ်။ ဒီသံကိုယ်စားလှယ်တစ် ယောက်တည်းနဲ့ ဒီသန်းနဲ့ချီတဲ့လူတွေရဲ့ပြဿနာတွေကို ဘာ လုပ်ပေးနိုင်မလဲ။ ဘာမှမလုပ်ပေးနိုင်တဲ့အတွက် သူလည်း ဘာမှမလုပ်ဘူးဆိုတာ ထင်ရှားနေတာပဲ''ဟု သူမကဆိုသည်။ 

ထိုကဲ့သို့ ထိုင်းနိုင်ငံတွင် အလုပ်သမားသံကိုယ်စားလှယ်တစ်ယောက် တည်းရှိနေခြင်းမှာ အခက်အခဲဖြစ်စေ သလို ပြည်တွင်းအလုပ်သမားဝန်ကြီးဌာန အနေဖြင့် နိုင်ငံရပ်ခြား တွင်ဖြစ်သော အရေးအခင်းကိစ္စများကို ဝင်ရောက်ဖြေရှင်း ရန် အဟန့်အတားများ စွာရှိနေသည်။ အလုပ်သမားညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ''အခု နိုင်ငံခြားမှာဖြစ် တော့ သံရုံးမှာ သံအမတ်ကြီးဦးဆောင်ပြီး မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက် ရေးအဖွဲ့တွေ ရှိပါတယ်။ တို့အနေနဲ့ ပြည်ပကိုသွားပြီး ကျော်လွန်ပြီးလုပ် လို့မရတာ လဲ အများကြီးရှိတယ်။ ငါတို့အလုပ်သမားဝန်ကြီး ဌာနက ကိုယ့်ပြည်တွင်းမှာပဲ ကိုယ်လုပ်ရတာ။ အမှန်တော့ ဟိုမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ လုပ် ရတာရှိတယ်။ တို့ဝန်ကြီးဌာနက ခက်တာက လေဘာသံဆို တာ တစ်ယောက်ပဲရှိတယ်''ဟု ရှင်းပြသည်။

အမှန်စင်စစ် ထိုင်းနှင့်မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ ပြောင်းလုပ်သားများ ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်ခံနေရ သည်မှာ ကာလရှည်ကြာနေပြီဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက် တွင် ထိုနိုင်ငံများရှိ မြန်မာသံရုံး များသည် ပတ်စ်ပို့ သက်တမ်းတိုးရန်နှင့် အခွန်စည်းကြပ်ရန်လောက်သာ လုပ်ကိုင်ကြသည်။ တခြားအလုပ် သမားအရေးနှင့်ပတ်သက်ပြီး ဝင်ရောက်ကူ ညီဆောင်ရွက်ပေးခြင်း မှာ မရှိသလောက်ရှားသည်။ ထို့ပြင် သတင်းမီဒီယာလက်လှမ်းမှု အားနည်းခြင်းကလည်း မြန်မာ အလုပ်သမားများကို ပို၍အဖိနှိပ်ခံ ဘဝဖြစ်စေ ခဲ့သည်။ ၂ဝ၁၄ ဇူလိုင်လတွင် မလေးရှားရောက်မြန်မာများအတွက် လူမှုရေး အကူအညီပေးနေသော (ကွာလာလမ်ပူနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း)အသတ်ခံရသောသတင်းသည် ပြည် တွင်းပြည်ပ တွင် လှုပ်ခတ်ခဲ့သော သတင်းတစ်ပုဒ်ဖြစ်ခဲ့ သည်။ တစ်ဆက်တည်းမှာပင် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ အရေး အခင်းဖြစ်ပွားပြီးနောက်ပိုင်း မလေးရှားတွင် အသတ်ခံရ သည့် မြန်မာလုပ်သားသည် ၂ဝအထိ ရှိနိုင်ကြောင်း သတင်း များက ဖော်ပြထားသည်။ ထိုသို့ ပြည်ပရောက်မြန်မာလုပ်သားများ အသတ်ခံနေ ရသောသတင်းကို အချိန်နှင့်တစ်ပြေး ညီ သိခွင့်ရလာခြင်းမှာ Social Media အားကောင်းလာခြင်း ကြောင့်သာ ဖြစ်သည်။ ယခင်က သတင်းဆက်သွယ်ရေး အားနည်းခြင်းကြောင့် မြန်မာလုပ်သားများ လူမသိ၊ သူမသိ အသတ်ခံရမှု၊ မတရားဖမ်းဆီးနှိပ်စက်ခံရမှု များစွာရှိခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ မကြာခဏ အသတ်ခံနေရသည့် ပီနန်ပြည်နယ်၊ ဘာတာဝတ်မြို့ နယ်၊ ဏမငေ စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်အရွယ် ကိုကိုလတ်က ''၂ဝ၁ဝ ပြည့်နှစ်တုန်းက ကျွန်တော် တို့အိမ်ကို ဂိုဏ်းစတားလူမိုက်တွေနေ တဲ့အိမ်ဆိုပြီး ဘီအမ် (ဂျလန်ဘာရူ) ဂွင်မှာ လှုပ်ရှားနေတဲ့ မလေးရှားနိုင်ငံသား အိန္ဒိယလူမိုက်တစ်ယောက်က ရဲကိုဖုန်းဆက်ပြီး လက်တို့လိုက် တယ်။ ည ၇နာရီလောက်တော့ အရပ်ဝတ်နဲ့ မလေးရဲတွေက ကျွန်တော်တို့အိမ်ကို လာဝိုင်းပြီးဖမ်းတယ်။ အိမ်သားဆယ် ယောက်စလုံးကို လက်ထိတ်ခတ်၊ ရိုက်နှက်ပြီး ဘီဘမ်ရဲစခန်း ကိုခေါ်သွားတယ်။ နောက် နေ့ စက်ရုံသူဌေးက ပတ်စ်ပို့နဲ့လာ ပြန်ရွေးမှ ကျွန်တော်တို့လွတ်သွားတယ်။ အဲဒီတစ်ညတော့ ရဲစခန်းမှာ အိပ်လိုက်ရတယ်။ ပြောချင်တာက သူတို့နိုင်ငံမှာ ကွန်ပလိန်းတက်ဖို့ ကိုယ့်မှာ ဘာအခွင့်အရေးမှမရှိဘူး။ ဖမ်း ရင်ခံပဲ။ ကိုယ့်သူဌေးကလာပြန် မရွေးရင် အချုပ်ထဲမှာဆက် နေသွားရုံပဲ။ သံရုံးကိုအားကိုးဖို့တော့ စိတ်မကူးနဲ့။ သံရုံးက ပတ်စ်ပို့သက်တမ်းတိုးဖို့နဲ့ အခွန်ဆောင်ငွေယူဖို့ပဲသိတယ်။ ကျန်တဲ့အပိုင်း ဘာမှအကူ အညီတောင်းလို့မရဘူး''ဟု ပြော ပြသည်။ 

ထိုင်းနိုင်ငံတွင် ၂ဝဝ၉ခုနှစ်မှစတင်ကာ မြန်မာ-ထိုင်း အစိုးရပူးပေါင်းကာ ရွှေ့ပြောင်းလုပ်သားများအတွက် ယာ ယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့သော်လည်း ခြစားသည့် နှစ်နိုင်ငံအာဏာပိုင်တချို့နှင့်ပူးပေါင်းပြီး ခေါင်းပုံဖြတ်သည့် ကြားပွဲစားများ တောင်းခံသည့်ငွေကြေးကို မတတ်နိုင်သော ကြောင့် ယာယီနိုင်ငံကူး လက်မှတ်လုပ်ကိုင် သူ နည်းပါးခဲ့သည်။ ထိုသို့ လက်မှတ်မရှိသော ကြောင့် မြန်မာလုပ်သားများမှာ ပုံစံ အမျိုးမျိုးဖြင့် ထပ်မံနှိပ်စက်ခံရပြန်သည်။ ထို့ကြောင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မိမိအကျယ်ချုပ်မှ လွတ်မြောက်ပြီး ပြည်ပထွက်ခွာခွင့်ရခဲ့လျှင် နော်ဝေ နိုင်ငံသို့ ဦးဆုံးသွားမည် ဟုပြောဆိုခဲ့ သော်လည်း ၂ဝ၁၂ခုနှစ် အကျယ်ချုပ်လွန်မြောက်ပြီး ချိန်တွင် ထိုင်းသို့ သွားရောက် ပြီး မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ပထမဦးဆုံးဆောင် ရွက်ခဲ့သည်။ 

ထိုစဉ်က သူမပြောခဲ့သည့်'' တစ်နေ့ ဒီကလူတွေအား လုံး အိမ်ပြန်ခွင့်ရနိုင် အောင် ကျွန်မကြိုးစားပါ့မယ်'' ဟူသည့် စကားသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းနှင့် ရွှေ့ ပြောင်းလုပ်သားများအတွက် အားဆေး တစ်ခွက် ဖြစ်ခဲ့ရသည်။ ယခင်က အလုပ်ရှင်ပေါ်မူတည်ပြီး တစ်ရက်လုပ်အားခ ဘတ် ၁ဝဝ၊ ၁၃ဝ၊ ၁၅ဝ အမျိုးမျိုးခံစားခွင့်ရနေရာမှ ဒေါ်အောင် ဆန်းစုကြည် လာရောက်လည်ပတ်ပြီး နောက်ပိုင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစတင်ကာ တစ်ရက် ဘတ်၃ဝဝ တစ် ပြေးညီခံစားခွင့်ရအောင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင်တစ်ဦး၏ တောင်း ဆိုချက်ကို ထိုင်းအစိုးရဘက်က ထိုကဲ့သို့  လိုက်လျော ဖြေ ရှင်းပေးသည်ကို ကြည့်ခြင်းအားဖြင့် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်သော နိုင်ငံတော်အစိုးရဘက် ကတောင်းဆိုပါက ရွှေ့ပြောင်း လုပ်သားများအတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အခြေ အနေများကို ရနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မဟာချိုင် တွင် ရှစ်နှစ်ကျော်ကြာအလုပ်လုပ်ကိုင်နေသည့် ဒိုက်ဦးမြို့မှ ကိုမောင်ကြီးက ပြောသည်။ 

သူက ''ဒေါ်အောင်ဆန်းစုကြည် ထိုင်း-မြန်မာနယ်စပ် က ဒုက္ခသည်စခန်းနဲ့ ရွှေ့ပြောင်းလုပ်သား တွေကို လာတွေ့ ပြီးနောက်ပိုင်းမှာ လုပ်ခလစာနဲ့ပတ်သက်ပြီး အခြေအနေ တော်တော်လေးကောင်းသွားတယ်။ အခု ကျွန်တော်တို့ဖြစ် စေချင်တာက သမ္မတကြီးကိုယ်တိုင် လာရောက်ပြီး ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေ လုပ်မယ်ဆိုရင် ကျွန်တော် တို့အတွက် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတွေရလိမ့်မယ်လို့ ယုံကြည် တယ်။ နောက်တစ်ခုက ဒီမှာ ကျွန်တော်တို့ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် တရားဝင်ဖြေရှင်းပေးလို့ရ တဲ့အဖွဲ့မျိုး ရှိစေချင်တယ်။ အဲဒီလို တရားဝင်အဖွဲ့မရှိတော့ ကျွန်တော်တို့ ဒီမှာ ကိုယ်ထူကိုယ်ထဖွဲ့ထားတဲ့ လူမှုကူညီမှု အသင်းလိုမျိုး မွန်အဖွဲ့၊ ကရင်အဖွဲ့၊ ရှမ်းအဖွဲ့တို့နဲ့ပဲ အ ဆင်ပြေသလို လုပ်ကိုင်နေရတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေကလဲ သာရေးနာရေးလောက်ပဲ လုပ်နိုင်တာပါ။ တကယ့် နိုင်ငံ နဲ့ချီတဲ့ပြဿနာမျိုးဆိုရင် လုပ်လို့မရတော့ဘူး''ဟုပြောသည်။ 

ကိုမောင်ကြီးပြောဆိုသကဲ့သို့ပင် ရွှေ့ပြောင်းလုပ်သား တို့၏ တန်းတူညီမျှခွင့်ရရှိရေး၊ လုံခြုံစိတ်ချရသည့်ဘဝ ရရှိ ရေးနှင့် ကျန်းမာရေး၊ လူမှုရေးတို့တွင် အကာအကွယ်ပေး နိုင်ရန် ဥပဒေတစ်ရပ် (ထီးတစ်လက်) လိုအပ်နေပြီဖြစ် ကြောင်းနှင့် မြန်မာအစိုးရမှ တရားဝင်ဖွဲ့စည်းပေးထား သည့် ''မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့''မျိုး ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ရှိသင့်ပြီဖြစ် ကြောင်း ၈၈မျိုးဆက် အလုပ်သမားအရေးဆောင်ရွက်နေ သူ မမာမာဦးက ထောက်ခံပြောဆိုသည်။ 

''မြန်မာအလုပ်သမားတွေအတွက် ကာကွယ်စောင့် ရှောက်တဲ့ဥပဒေကို မြန်မာအစိုးရက ထုတ်ပြန်ဖို့ လိုအပ် နေပြီ။ အဲဒီဥပဒေကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ အဲဒီနိုင်ငံတွေကိုရောက်နေတဲ့ မြန်မာလူမှုအဖွဲ့ အစည်း တွေ၊ အလုပ်သမားအရေးတွေ ကူညီဆောင်ရွက်ပေးနေ တဲ့ မြန်မာအဖွဲ့အစည်းတွေ၊ CSO တွေ၊ သံရုံးကိုယ်စား လှယ်တွေ၊ မြန်မာအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိ တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီနိုင်ငံတွေက အလုပ်သမားဝန်ကြီးဌာန ကိုယ်စားလှယ်တွေအားလုံး ကွန်ရက်ချိတ်ပြီးတော့ မြန်မာ နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့လိုမျိုး ဆောင် ရွက်ဖို့လိုအပ်နေပါပြီ။ အဲဒီလိုလုပ်မှ ၁။ မြန်မာအလုပ်သ မားတွေ တန်းတူညီမျှအခွင့်အရေးရမယ်၊ ၂။ လုံခြုံစိတ်ချ ရတဲ့ ဘဝလုံခြုံမှုရမယ်၊ ၃။ ကျန်းမာရေး၊ လူမှုရေးတွေကို ဒီအဖွဲ့အစည်းတွေက ဦးစီးဦးဆောင်လုပ်ပြီး ဆောင်ရွက် ပေးသွားနိုင်မယ်''ဟု သူမကရှင်းပြသည်။ 

မမာမာဦး၏ အကြံပြုချက်အတိုင်းပင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးတို့ ကလည်း ရွှေ့ပြောင်းလုပ်သားများဘဝ လုံခြုံမှုရှိစေရန် ဥပဒေအရ အကာအကွယ်ပေးနိုင်မည့်အဖွဲ့မျိုး ရှိသင့် ကြောင်း လက်ခံထားကြသည်။ ထို့ပြင် ထိုင်းနှင့်မလေးရှား နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေကြသူများနှင့် လူမှုကူညီ ရေး အသင်းအဖွဲ့များကလည်း တရားဝင်အကာအကွယ် ပေးနိုင်မည့် အဖွဲ့အစည်းမျိုးကို လိုလားတောင့်တနေကြသည်။ အမှန်စင်စစ် ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံ အတွက် တိုင်းပြည်ဘဏ္ဍာကို တစ်ဖက်တစ်လမ်းမှရှာဖွေ ပေးနေသူ များဖြစ်ပြီး ၄င်းတို့၏ဘဝလုံခြုံမှုရှိရန် လိုအပ် ကြောင်းကို ဒေါက်တာအောင်နိုင်ဦးက ''ဒီရွှေ့ပြောင်းအ လုပ်သမားတွေက နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ တိုင်းပြည်ဘဏ္ဍာ ရှာပေးနေတဲ့ နိုင်ငံသားတွေဖြစ်တယ်။ အခုလို သူတို့ဘဝလုံခြုံမှုမဲ့နေတဲ့ကိစ္စကိုတော့ နိုင်ငံတော် အစိုးရဘက်က ထိထိရောက်ရောက် အကာအကွယ်ပေးမယ့် အစီအမံမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အစိုးရဘက် ကလဲ ထိုင်းမှာအခြေချပြီး မြန်မာရွှေ့ပြောင်းအလုပ်သ မားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့ ထားသင့် တယ်။ ပြဿနာဖြစ်လာရင် အဲဒီအဖွဲ့တွေကတစ်ဆင့် တ ရားဝင်တိုင်ကြားလို့ရအောင် လုပ်ပေးစေချင်တယ်။ ဒီအ ဖွဲ့ထဲမှာ အစိုးရဘက်က ပြည်ထဲရေးတို့၊ အလုပ်သမားဝန် ကြီးဌာနတို့ပါသင့်တယ်။ ပြီးတော့ အသင်းအဖွဲ့ကလူတွေ နဲ့ ထိုင်းဘက်မှာ လုံးဝကျင်လည်နေတဲ့ လူမှုအဖွဲ့အစည်းက လူတွေလဲ ပါသင့်ပါတယ်''ဟု ဆိုသည်။ 

ထိုင်းနှင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးများသည် ယခုထက်ပိုပြီး နိုင်ငံသားအကျိုးကာကွယ်နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ ကိုယ့်နိုင်ငံသားမတရား ပြုကျင့်ခံရသည့် အမှုအခင်းကိစ္စများတွင် အမှုမှန်ပေါ် ပေါက်ရေးအတွက် အကာအကွယ်ပေးနိုင်မည်ဟု ဒေါက် တာအေးမောင်ကဆိုသည်။ ¤င်းကိုယ်တိုင် မလေးရှားတွင် ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခံရသည့်အရေးကို လေ့ လာရန် မလေးရှားသို့သွားရောက်စဉ် လုပ်ကြံခံခဲ့ရသည့် အကြောင်းပြောပြသည်။ ယင်းအခြေအနေကို စုံစမ်းဖော် ထုတ်ရန် မလေးရှားရဲတပ်ဖွဲ့၊ လွှတ်တော်နှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပို)အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ခဲ့ရသည်ဟုဆိုသည်။ ထို့ကြောင့် မြန်မာအလုပ် သမားအရေးတွင်လည်း ယခုကဲ့သို့ သက်ဆိုင်ရာအဖွဲ့အ စည်းပေါင်းစုံ အဘက်ဘက်မှ ပူးပေါင်းလုပ်ကိုင်သွားမှသာလျှင် ကိုယ့်နိုင်ငံသားများကို ကာကွယ်နိုင်မည်ဖြစ်သည်။ 

သို့သော် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည် တွင်းအလုပ်သမားအရေး ကိုသာ ဆောင်ရွက်နိုင်ပြီး နိုင်ငံ ခြားတွင်ဖြစ်သည့် အမှုအခင်းကိစ္စအတွက် နိုင်ငံခြားရေးဝန် ကြီးဌာနသာ ဆောင်ရွက်နိုင်ကြောင်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာန ညွှန်ချုပ်ဦးမျိုးအောင်က ဆိုသည်။

ယင်းက ''သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနှစ်ယောက်အတွက် အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုထားပါတယ်။ အနာ ဂတ်မှာ ဒီလိုပြဿနာမျိုး မပေါ်ပေါက်အောင် မြန်မာအလုပ် သမားဝန်ကြီးဌာနက ဘယ်လိုအစီအစဉ်တွေ လုပ်ဆောင် သွားမလဲဆိုတာက ပြောလို့မရဘူး။ လူတွေရဲ့ ကိုယ်ကျင့် တရားနဲ့ပဲဆိုင်တယ်။ သူတို့က တရားဝင်သွားတဲ့လူတွေ မဟုတ်ဘူး။ အခုတော့ လူကြီးတွေလဲ တောင်းဆိုပေးထား ပြီးပြီ။ သမ္မတကြီးကိုယ်တိုင်က တောင်းဆိုပေးထားပြီးပြီ။ နိုင်ငံတော်အပိုင်းက လုပ်ရမယ့်အပိုင်းက ပြည့်စုံသွားပြီ။ သို့သော်လည်း တစ်ဖက်က သူတို့ကိုယ်တိုင် ပါတယ်မပါဘူး ဆိုတာ သူတို့အသိဆုံးပဲ။ အလုပ်သမားဝန်ကြီးဌာနအနေ နဲ့က အလုပ်သမားတွေ လုပ်ခလစာမရရင် ဘယ်လိုလုပ် ပေးမလဲ။ သူတို့အခွင့်အရေးတွေရအောင် ဘယ်လိုလုပ် ပေးမယ်။ ဒါငါတို့ကဏ္ဍ။ အခုက နိုင်ငံသားအရေးနဲ့ပတ် သက်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ သံရုံးတွေကတစ်ဆင့် လုပ်ရတာရှိတယ်။ ဒါတွေကို ခွဲခြား သိဖို့လိုတယ်''ဟု ပြောဆိုခဲ့သည်။

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ အရေး အခင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာချိန်တွင် ပြည်တွင်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဖြေရှင်းရန် အခက်အခဲရှိနေသည်မှာ ထင်ရှားလှသည်။ လက်ရှိတွင် ပြဿနာအားလုံးကို နိုင်ငံခြားရေးဝန်ကြီးဌာန တစ်ခုတည်း ကသာ တာဝန်ယူဖြေရှင်းရမည့် အခြေအနေမျိုးဖြစ်နေသည်။ 

သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာန အောက်တွင် လုပ်ကိုင်နေသည့် သက်ဆိုင်ရာ သံရုံးများသည်လည်း ဝန် ထမ်းမလုံလောက်ခြင်းနှင့် သတင်းအချက်အလက် အပြည့် အစုံမရရှိခြင်းတို့ကြောင့် မြန်မာလုပ်သားများမှာ အကာ အကွယ်မဲ့အခြေအနေမျိုး ရောက်မှန်းမသိ ရောက်နေခဲ့ရ သည်။ ခိုတောင်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦးကို တရားခံအဖြစ် ထိုင်းရဲများက စွပ်စွဲလိုက်ခြင်းသည် မြန်မာ လုပ်သားများ ပြည်ပတွင် အကာအကွယ်မဲ့နေသောသရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သည့် ဖြစ်စဉ် တစ်ခုဟု ဆိုရတော့မည်။ ယင်းအခြေအနေတွင် နိုင်ငံ တော်အစိုးရဘက်က တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့ပါလျှင် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့နှစ်ဦးသည် ထိုင်းရဲတို့၏ ဥပဒေမဲ့ပြုကျင့်ခံရမည်မှာ မလွဲဧကန်ဖြစ်ပေ တော့မည်။ ထို့ကြောင့် အနာဂတ်တွင် အထက်ပါဖြစ်စဉ် မျိုး ထပ်မံပေါ်ပေါက်လာပါက မိမိနိုင်ငံသားများအား အချိန်မီအကာအကွယ်ပေးနိုင်ရန် တာဝန်ရှိသူများအနေ ဖြင့် ခိုင်မာသည့် ဥပဒေ တစ်ရပ်(သို့) အဖွဲ့အစည်းတစ်ခုကို အမြန်ဖော်ဆောင်သင့်ပြီဖြစ် ကြောင်း တိုက်တွန်းရေး သားလိုက်ရ ပါသည်။ 

မင်းညီ ရေးသားသည်
Yangon Media Group

No comments:

Post a Comment

My Blog List