Tuesday, October 21, 2014

အင်ဒိုနီးရှား၏ ခုနစ်ဦးမြောက် သမ္မတအဖြစ် ဂျိုကိုဝီ ကျမ်းသစ္စာကျိန်ဆို


အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတသစ် ဖြစ်လာသည့် ဂျိုကို ၀ီဒိုဒို နှင့် ဒုတိယသမ္မတဖြစ်သည့် ဂျူးဆပ်ဖ်ကယ်လာ တို့သည် ငါးနှစ် သမ္မတ သက်တမ်းအတွက် အောက်တိုဘာ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှား ပြည်သူ့အတိုင်ပင်ခံ ညီလာခံ (MPR) ရှေ့မှောက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ သတ္တမမြောက် သမ္မတအဖြစ် ယခုကဲ့သို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

ဂျိုကိုဝီက မိမိနှင့် ဒုသမ္မတ ကယ်လာတို့သည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ကတိပြုခဲ့သည်။

“ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအဖြစ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်မှာဖြစ်ပြီး ကျွန်တော့်ရဲ့ ကတိက၀တ်တွေကို သစ္စာရှိရှိနဲ့ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဂျိုကိုဝီက ပြောကြားသည်။ ထို့ပြင် ဂျိုကိုဝီသည် ယင်းကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာသော အင်ဒိုနီးရှား သမ္မတဟောင်း များ ဖြစ်ကြသည့် ဘာဟာရူဒင် ဂျူးဆက်ဖ် ဟာဘိုင်ဘီ၊ မာဂါဝတီ ဆိုခါနိုပူထရီနှင့် ဆူဆီလိုဘန်ဘန်း ယွီဟို ယိုနိုတို့ကိုလည်း နှုတ်ခွန်းဆက်စကား ပြောကြားသွားခဲ့သည်။

ဂျိုကိုဝီဒိုဒိုခေါ် ဂျိုဝီက အင်အားကြီးမားသည့် နိုင်ငံတစ်ခု ဖြစ်လာရေးအတွက် ညီညွတ်စွာ ပူးပေါင်းဆောင် ရွက်သွားကြရန်နှင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေပါက အင်ဒိုနီးရှားအနေဖြင့် တိုးတက်ကြီးမားသည့် နိုင်ငံဖြစ် လာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂျိုကိုဝီသည် ဇူလိုင် ၉ ရက် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏အဓိက ပြိုင်ဘက်ဖြစ်ခဲ့သည့် ပရာဘိုဝို ဆူဘီ အန်တိုကိုလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

“ ကျွန်တော် လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကျွန်တော့် မိတ်ဆွေ ပရာဘိုဝို ဆူဘီအန်တိုပါ” ဟု ဂျိုကိုဝီက ပြောကြားသွားသည်။ ဂျိုကိုဝီက ၎င်း၏အမည်ကို ထုတ်ဖော်ပြောကြားစဉ်တစ်ခဏ၌ ပရာဘိုဝိုက မတ်တပ် ထရပ်ခဲ့ပြီး နှုတ်ဆက်ခဲ့ရာ တက်ရောက်လာသူများကလက်ခုပ်သြဘာပေး၍ ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့၊ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလတန်ဟာဆာနယ်ဘော်ကီအန် တို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆူအိုဖူကူဒါတို့လည်း တက်ရောက် ခဲ့ကြသည်။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အထိမ်းအမှတ်အဖြစ် ညပိုင်းတွင် ရော့ခ်တေးဂီတ၀ိုင်းများ၏ ဖြေဖျော်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ရဲနှင့်စစ်တပ်ဖွဲ့ဝင် ၂၄၀၀၀ ခန့် လုံခြုံရေးချထားကြောင်း သိရသည်။

သမ္မတဂျိုကိုဝီဒိုဒို၏ ကိုယ်ရေးအကျဉ်း

- ၁၉၆၁ ခုနှစ်တွင် ဆိုလိုမြို့၌ မွေးဖွားသည်

- မိဘများက သစ်သား အရောင်းအ၀ယ်လုပ်သည်။

-နိုင်ငံရေးနယ်ပယ်သို့ PDI-P ပါတီဝင်အဖြစ် ရောက်ရှိပြီး ၂၀၀၅ ခုနှစ်တွင် ဆိုလိုမြို့တော်ဝန်အဖြစ် ရွေးချယ် ခံရသည်။

- ဆိုလိုမြို့တော်ဝန်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းဖြင့် ဒုတိယအကြိမ် ရွေးချယ်ခံရသည်။

- ဂျကာတာမြို့တော်ဝန်အဖြစ် ၂၀၁၂ ခုနှစ်တွင် ရွေးချယ်ခံရသည်။

- ဗျူရိုကရေစီစနစ်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် e-governance ကို အကောင်အထည်ဖော် ရန် ကတိပြုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List