Friday, October 24, 2014

တာလီဘန်အန္တရာယ်ကြောင့် မာလာလာအတွက် ပါကစ္စတန်တွင် နိုဘယ်လ်ဆု ဂုဏ်ပြုအခမ်းအနား ကျင်းပမပေးနိုင်


ပါကစ္စတန်နိုင်ငံမှ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်သူ မာလာလာ သည် နိုင်ငံတွင် တာလီဘန်များ အုပ်စိုးစဉ်အတွင်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို ရဲရင့်စွာ လုပ်ဆောင်ခဲ့မှုများကြောင့် ၂၀၁၄ ခုနှစ်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ချီးမြှင့်သော ဆုများစွာကို လက်ခံရရှိထားသော်လည်း သူမအတွက် ပါကစ္စတန် အစိုးရက ဂုဏ်ပြုအခမ်းအနား ကျင်းပမပေးခြင်းသည် စစ်သွေးကြွများက အကြမ်း ဖက်တိုက်ခိုက်လာမှုများပြုလုပ်လာမည်ကို စိုးရိမ်နေရခြင်းကြောင့် ဖြစ်သည်ဟု သတင်းများထွက်ပေါ် လာခဲ့သည်။

“ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက သူမကို ဂုဏ်ပြုချီးမြှင့်ပေးတဲ့ အခမ်းအနားတွေ ကျင်းပပေး လိုက်မယ်ဆိုရင် တာလီဘန်တွေက လက်တုန့်ပြန်မှုတွေ ပြုလုပ်လာနိုင်မှုအပေါ် စိုးရိမ်မှုတွေရှိနေပါတယ်” ဟု နိုင်ငံရှိ ဘာချာခန် ပညာရေးဖောင်ဒေးရှင်းမှ အကြီးအကဲ ဒေါက်တာ ခါဒင်ဟူစိန် ကပြောသည်။

မိမိတို့ဖောင်ဒေးရှင်းအနေဖြင့် ၎င်းတို့ တတ်နိုင်သည့်အတိုင်းအတာတစ်ခုဖြင့် သူမအတွက် ဂုဏ်ပြုပွဲ တစ်ချို့ပြုလုပ်ပေးထားနိုင်သော်လည်း အစိုးရက ကမကထပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပပေးနိုင်ခြင်းမရှိခဲ့ဟု ဒေါက်တာ ခါဒင်က ပြောသည်။

ထို့ပြင် မာလာလာအား ဂုဏ်ပြုသည့် တရားဝင်အခမ်းအနားမျိုး ကျင်းပပေးနိုင်ခြင်းမရှိလျင် နိုင်ငံသည် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်တန်းတူရည်တူဖြစ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို ဆုံးရှုံးရမည်ဟု ၎င်းက ထပ်မံပြောကြားသည်။

မိမိတို့နိုင်ငံသည် စစ်သွေးကြွများ၏ အကြမ်းဖက်မှု ပုံရိပ်များကြောင့် ကမ္ဘာ့အလယ်တွင် အထီးကျန်ရပ် တည်နေရပြီး ယခုကဲ့သို့ မာလာလာ နိုင်ငံတကာတွင် ထင်ပေါ်ကျော်ကြားလာမှုကို ကောင်းစွာအသုံးချ သွားနိုင်သည်ဟု ခါဒင်က ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ လူမျိုးစုဒေသတွေမှာ စစ်သွေးကြွတွေကြောင့် ပျက်ဆီးသွားတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်လည်ပြုပြင်တာတွေ၊ အသစ်ဆောက်လုပ်တာတွေကို ပြုလုပ်နိုင်ပါတယ်၊ ဒါပေမယ့် အစိုးရအနေနဲ့ မာလာလာကို သူမနဲ့ ထိုက်တန်တဲ့ အဆောင်အယောင်ချီးမြှင့်မှုတွေကို အရင်လုပ်ရဦးမှာပါ” ဟု ဒေါက်တာ ခါဒင်က ပြောကြားခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List