Wednesday, October 22, 2014

ကျောက်စိမ်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၂၀,၀၀၀ ကျော်ရရှိ



အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၆,၉၈၂ တွဲကို ရောင်းချခဲ့ပြီး ရောင်းချရမှုပမာဏ ကျပ်သန်းပေါင်း ၁၂၆,၈၀၃(ကျပ် ၁၂၆ ဘီလီယံကျော်) ရရှိသည်ဟု မြန်မာ့ကျောက် မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော်၌ အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာရောင်းချပွဲတွင် နိုင်ငံသား လုပ်ငန်းရှင်များ အတွက် ကျပ်ငွေဖြင့် သီးသန့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ကျောက်မျက်ပြပွဲတွင် အလေးချိန် ၁၈ တန်ရှိသော နိုင်ငံပိုင်ကျောက်စိမ်းအတွဲ ၁၅ တွဲကို အခြေခံဈေး ကျပ် ၁၈ သန်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီပေါင်း ၅၀ မှ အလေးချိန် ၃,၃၁၇ တန်ရှိသော ကျောက်စိမ်းအတွဲ ၁,၆၉၇ တွဲကို အခြေခံဈေး ကျပ် ၂,၂၇၁ သန်းတို့ဖြင့် သတ်မှတ်ရောင်းချခဲ့သည်။

ပုဂ္ဂလိကကုမ္ပဏီ ၂၃၀ မှ အလေးချိန် ၄,၂၄၀ တန်ချိန်ရှိသော ကျောက်စိမ်း အတွဲပေါင်း ၄,၉၂၄ တွဲ ရောင်းချ ခဲ့ပြီး အခြေခံဈေး ကျပ် ၁၃,၇၇၆ သန်း သတ်မှတ်ခဲ့သည်။ ကျောက်စိမ်းအရောင်းဆိုင် ၆၁ ခုမှ အလေးချိန် ၂၈၆ တန်ရှိသော ကျောက်စိမ်းအတွဲ ၃၄၆ တွဲကို အခြေခံဈေး ကျပ်သန်း ၂,၄၀၀ သတ်မှတ်ရောင်းချခဲ့ သည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် စုစုပေါင်း ကုမ္ပဏီ ၃၄၁ ခုမှ အလေးချိန် ၇,၈၆၃ တန်ရှိသော ကျောက် စိမ်းအတွဲ ၆,၉၈၂ တွဲကို အခြေခံဈေး စုစုပေါင်း ကျပ်သန်း ၁၈,၄၆၆ သတ်မှတ်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်းအသားကျောက်မျက်များ နှင့် ကျောက်မျက်ရိုင်းများရောင်းချပွဲတွင် ကျောက်စိမ်းအတွဲများအပြင် ကျောက်မျက် အတွဲ ၁၃၅ တွဲကိုလည်း ထည့်သွင်းရောင်းချခဲ့ပြီး စုစုပေါင်း ကျောက်စိမ်း၊ ကျောက်မျက် အတွဲ ပေါင်း ၇,၀၀၀ ကျော်ကို ရောင်းချခဲ့သည်။

ရောင်းချခဲ့ပြီးဖြစ်သော ကျောက်စိမ်း အတွဲများ၏ တန်ဖိုးငွေ ၁၀ ရာခိုင်နှုန်းကို အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး တန်ဖိုးငွေ၏ ၉၀ ရာခိုင်နှုန်းကို ၂၀၁၅ ဇန်န၀ါရီ ၁၈ ရက် အထိ နောက်ဆုံးထားပေး သွင်းရန် သတ်မှတ်ထားသည်။

သတ္တုတွင်းဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်မျက် ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပရောင်းချ ခဲ့ခြင်းဖြစ်သည်။

ကျပ်ငွေဖြင့် ရောင်းချသော တန်ဖိုးနည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချ ပွဲကို ၂၀၁၄ ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် မြန်မာကျပ်ငွေဖြင့် ဒုတိယ အကြိမ်မြောက်ရောင်းချသည့် ကျောက်မျက်ပြပွဲ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List