Friday, October 24, 2014

တောင်ကြီး တန်ဆောင်တိုင်လာ နိုင်ငံခြားသား ခရီးသွားများကို ဝင်ကြေးကောက်ခံမည်မဟုတ်


အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ လာ ရောက် လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဝင်ကြေးကောက်ခံတော့မည် မဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

တန်ဆောင်တိုင်ပွဲတော် လာသည့် နိုင်ငံခြားသား ခရီးသွားများကို ၂၀၁၀ မှ ၂၀၁၂ အထိ  ကင်မရာကြေးနှင့် ဧည့်ဝင်ကြေးများ ကောက်ခံခဲ့သော်လည်း ပြည်နယ် အစိုးရက ယခုနှစ်တွင် ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

၎င်းက “ ဘာလို့လဲ ဆိုတော့ လာလည်ကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို စိတ်အနှောက်ယှက် မဖြစ်စေဖို့ပဲဖြစ်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နှစ်က ဝင်ကြေး ကောက်ခံရာတွင် ကင်မရာကြေး ကျပ် ၁၀၀၀ နှင့် ဧည့်ဝင်ကြေး ၃ ဒေါ်လာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း တောင်ကြီးမြို့ပေါ်ရှိ၊ ဟိုတယ်များ၊ အခန်းခဈေးနှုန်း များနှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ကန့်သတ်ချုပ်ခြယ်ထားခြင်း မရှိဟု ဆိုသည်။

“အခန်းခ ဈေးနှုန်းတွေနဲ့ပတ်သတ်ပြီး ဝန်ကြီးဌာန အနေနဲ့ ကန့်သတ်ချုပ်ခြယ် ထားတာ မရှိပါဘူး၊ ဈေးကွက် စီးပွားရေးစနစ်အရ ယှဉ်ပြိုင်နိုင်တယ်၊ အဓိက ကတော့ လာရောက်လည်းခိုတဲ့ ဧည့်သည်တွေအပေါ်မှာ ဝန်ဆောင်မှုကောင်းဖို့ ညွန်ကြားထားတာပဲရှိတယ်" ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ဟိုတယ်ကြီးအလုံး ၂၀ နှင့် တည်းခိုခန်း ၃၁ လုံး ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်းတွင်မူ အဆိုပါ ဟိုတယ် များမှာ လုံလောက်မှု မရှိဘဲ ရွှေညောင်နှင့် အေးသာယာ မြို့သစ်များရှိ ဟိုတယ်၊ တည်းခိုခန်း များတွင်လည်း ဧည့်သည်အပြည့်ရှိပြီး ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များအထိ ဧည့်သည်ပြည့်လေ့ရှိသည်ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းအပြင် တန်ဆောင်တိုင်ပွဲတော် ကျင်းပသည့် မီးပုံးပျံကွင်း လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်  နိုင်ငံခြားသားများ တင်ဆောင်သည့် မော်တော်ယာဉ်များအနက် မှန်လုံယာဉ်ကြီးများအား မီးပုံးပျံကွင်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုပဲ ယာဉ်ငယ်များကို သာဝင်ခွင့်ပြုမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက် နေ့စွဲဖြင့် တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List