Tuesday, January 28, 2014

မြစ်ဆုံစီမံကိန်းကိုပြည်သူ့ဆန္ဒအတိုင်းတုံ့ပြန်မည်ဟုKIA ဒု-စစ်ဦးစီးချုပ်ဆို

ကချင်ပြည်နယ်အတွင်း၌ အကြီးစားရင်းနှီးမြုပ်နှံမှုစီမံကိန်းများမရှိသော်လည်း မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒအတိုင်းဆောင် ရွက်သွားမည်ဟု ကချင်လွတ် မြောက်ရေး တပ်မတော်ဒုတိယစစ် ဦးစီးချုပ်ဗိုလ်ချုပ်ဆမ်လွတ်ဂွန်မော် က ပြောကြားလိုက်သည်။
မြစ်ဆုံစီမံကိန်းအား လက်ရှိ နိုင်ငံတော်သမ်္မတဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းထားသော် လည်း ပြန် လည်လုပ်ဆောင်ရန် ပြင်ဆင်မှုများရှိနေကြောင်းကို ၎င်းင်းတို့အနေဖြင့် ကြားသိထား သော်လည်း လာရောက်ညှိနှိုင်း တိုင်ပင်မှုမရှိဟူ၍လည်း ၎င်းက ဆိုသည်။

““အခုအစိုးရသဘောထားအရ ရပ်ဆိုင်းထားတယ်။ ဒါပေမဲ့နောင် အစိုးရလက်ထက်မှာ ပြန်လုပ်မ လား။ ဘာလားစောင့်ကြည့်မယ်။တကယ်လို့ပြန်လုပ်မယ်ဆိုရင်လည်း ပြည်သူ့သဘောထားအတိုင်း ပြည်သူနဲ့တိုင်ပင်ပြီး လုပ်သွားမှာ ပါ။ ပြည်သူက လက်မခံရင် ကျွန်တော်တို့လည်း လက်ခံမှာ မဟုတ်ပါဘူး””ဟု ဗိုလ်ချုပ်ဆမ် လွတ်ဂွန်မော်က ဆိုသည်။

ဇန်န၀ါရီလ(၂၅)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း(၁၆)ဖွဲ့မှ ခေါင်းဆောင် များ သဘောတူလက်မှတ်ရေး ထိုးခဲ့သည့် တစ်နိုင်ငံလုံးအပစ်ရပ် ရေးသဘောတူစာချုပ်မူကြမ်းတွင် တိုင်းရင်းသားဒေသများအတွင်း ပြည်တွင်းပြည်ပစီးပွားရေးရင်းနှီး မြုပ်နှံမှုများပြုလုပ်ရာ၌ အဆိုပါ ဒေသရှိတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများလုပ်ဆောင်ရမည် ဆိုသည့်အချက်ပါဝင်ရေးထိုးကြောင်း သိရသည်။

ထိုသို့ထည့်သွင်းရခြင်းမှာ လည်း တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ၏ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရန်နှင့် တိုင်းရင်း သားဒေသများရှိ သဘာဝသယံ ဇာတများကို ထိန်းသိမ်းရန်အတွက် ရည်ရွယ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျှံမှုန်းက ဆိုသည်။

““ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှု နယ်မြေအတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ နယ်မြေထဲမှာ အစိုးရကပဲဖြစ်ဖြစ်၊ နိုင်ငံခြားကပဲဖြစ်ဖြစ် အကြီးစားပရော့ဂျက်တွေလာထားတာ တစ်ခုခု လာလုပ်တာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ညှိနှိုင်းပြီးမှ လုပ် ဆောင်ဖို့ တင်ပြထားတာရှိပါတယ်”” ဟု ဒေါက်တာဆလိုင်းလျှံ မှုန်းက ဆိုသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကို ယခင်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအခြေစိုက်CPI ကုမ္ပဏီ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် ပြီး အစိုးရသစ်လက်ထက်နိုင်ငံ တော် သမ္မတဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းအတွင်းစီမံကိန်း ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါမြစ်ဆုံရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ လူထုနှင့် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများက တညီတစ်ညွတ်တည်းကန့်ကွက် ဆန္ဒပြခဲ့ကြပြီး လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီ အနေဖြင့် လုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် စမ်းသပ်လုပ်ဆောင်မှုများရှိနေသည်ဟု သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

မျိုးသူ (မြစ်မခ)
Hot News Journal

No comments:

Post a Comment

My Blog List