Friday, January 31, 2014

လာမည့် ခြောက်လနှင့်ရှစ်လကြားတွင် ပြည်ပအော်ပရေတာ များကပေးသော မိုဘိုင်းဖုန်းဝန်ဆောင်မှုများ သုံးနိုင်မည်


ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများကို ၀န်ဆောင်မှုပေးမည့် ပြည်ပအော်ပရေတာများ ဖြစ်သော တယ်လီနောနှင့်အူရီးဒူးက ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် လုပ်ငန်းလိုင်စင် လက်မှတ်များကို ဇန်န၀ါရီ ၃၀ ရက်က ရေးထိုးလိုက်ပြီဖြစ်ရာ လာမည့်ခြောက်လနှင့် ရှစ်လကြားတွင် ပြည်ပအော်ပရေတာများကပေးသော မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။ 


အူရီးဒူးအနေဖြင့် လာမည့်ခြောက်လအတွင်းတွင် ၀န်ဆောင်မှုပေးမည်ဟု တရားဝင်ပြောကြားထားပြီး တယ်လီနောအနေဖြင့် လာမည့်ရှစ်လအတွင်း ၀န်ဆောင်မှုစတင်ပေးမည်ဟု တရားဝင်ပြောကြားထား သောကြောင့် ယခုနှစ်အတွင်းတွင်ပင် ပြည်ပအော်ပရေတာများ၏ ၀န်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ် သည်။ 

ယင်းအော်ပရေတာများက ဇန်န၀ါရီ ၃၀ တွင် နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ 

ယင်းသို့ လိုင်စင်များချထားပေးခြင်းနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်သက်က “မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးအကြိမ် ဆက်သွယ်ရေးလိုင်စင် ထုတ်ပေး နိုင်တာဖြစ်တာကြောင့် သမိုင်းမှတ်တိုင်ကောင်း တစ်ခုလို့ပြောရမှာပါ။ ၀န်ဆောင်မှုကောင်းကောင်းပေး နိုင်အောင်လည်း လက်ရှိတည်ဆဲဥပဒေနည်းဥပဒေနဲ့အညီ ပြည်သူတွေကို ဈေးနှုန်းချိုသာစွာနဲ့ 3G ကွန် ယက် ဖြန့်ကြက်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးမှာပါ။ သူတို့ရဲ့တာဝါတိုင် မြေနေရာအတွက် လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တက်နိုင်သလောက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။ 

အူရီးဒူး 

အူရီးဒူးအနေဖြင့် 3G ကွန်ရက်ကို စတင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး နောက်ငါးနှစ်အတွင်း နိုင်ငံ လူဦးရေ ၉၇ ရာခိုင်နှုန်းအထိ မိုဘိုင်းဝန်ဆောင်မှုပေးနိုင်မည်ဟု တရားဝင်သတင်းထုတ်ပြန်ထားသည်။  

အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က “ဆက်သွယ်ရေး မိုဘိုင်းတာဝါတိုင်တွေ လည်း ခုဆောက်ပြီးတာတွေရှိနေပါပြီ။”ဟု နေပြည်တော်တွင် လက်မှတ်ရေးထိုးပြီးနောက် ပြောသည်။

တယ်လီနော
  
တယ်လီနောအနေဖြင့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်းကို မိုဘိုင်းဖုန်းကွန်ရက် လွှမ်း ခြုံနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မိုဘိုင်းဖုန်းများကို 2G နှင့် 3G ကွန်ရက်များပေါ်တွင် ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။ တယ်လီနောအနေဖြင့် လိုင်စင်ကြေးအပါအ၀င်လုပ်ငန်းအသုံးစရိတ် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အသုံးပြုမည်ဟုလည်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ 

လိုင်စင်ချထားပေးခြင်းနှင့် ပတ်သက်ပြီး တယ်လီနော၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က “ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကွန်ရက်ကို အမြန်တည်ဆောက်နိုင်ဖို့ ပြည်သူအားလုံး ကျွန်တော် တို့ဝန်ဆောင်မှု အလွယ်တကူရနိုင်ဖို့ ဖြန့်ချိရေးစနစ်ကို တည်ထောင်နိုင်ဖို့ အပြည့်အ၀အာရုံစိုက်ထား ပါတယ်”ဟု ဆိုသည်။ 

ယင်းသို့ ဆက်သွယ်ရေး အော်ပရေတာများ လုပ်ငန်းစတင်လုပ်ကိုင်ခြင်းနှင့် ပတ်သက်ပြီး လူကြီးမင်း မိုဘိုင်းမှ ဒါရိုက်တာဦးကိုကိုအောင်က “ဈေးကွက်ကပိုရောင်းကောင်းမယ်သုံးမယ့်သူကလည်း လွယ် လွယ်ကူကူ စိတ်ကြိုက်ဝယ်လို့ရမယ့် အခြေအနေပဲ။ ရန်ကုန်ကတော့ 3G smart phoneပိုသုံးကြမယ် ထင်တယ်” ဟု သူ၏အမြင်ကို ပြောသည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့ကလည်း ပြည်တွင်းအော်ပရေတာများအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်။ယင်းသို့ ချထားပေးခြင်းကြောင့် မိုဘိုင်းဖုန်း ဟန်းဆက်ဈေးကွက် ပြောင်း လဲနိုင်ခြင်းကိုလည်း Mr.Fone မိုဘိုင်းမှအထွေထွေမန်နေဂျာ ကိုထက်လင်းက “အခုလို ဖုန်းကတ်တွေ ချပေးတဲ့ လကုန်ခါနီးမှဖြစ်တဲ့ ဟန်းဆက်ဈေးကွက် အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ ကတ်ရတဲ့ အပေါ်မူတည်ပြီးဖြစ်တဲ့ ဈေးကွက်မဖြစ်နိုင်တော့ဘူးပေါ့။ ပြည်သူတွေအတွက်တော့ ၀န်ဆောင်မှု ကောင်းကောင်းရနိုင်မယ် ထင်ပါတယ်”ဟု ပြောသည်။ 

Mizzima - News in Burmese

No comments:

Post a Comment

My Blog List