Thursday, January 30, 2014

ဂျာမနီသမ္မတ ပထမဆုံးအကြိမ် မြန်မာနိုင်ငံလာမည်



မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဂျာမန်-မြန်မာ စီးပွားရေးဖိုရမ်အတွက် ဂျာမနီနိုင်ငံ သမ္မတ Mr.Joachim Gauck သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အခြေစိုက် DW Akademie မှမြန်မာနိုင်ငံ ဆိုင်ရာ အစီအစဉ် မန်နေဂျာ Mr.Patrick Benning က The Voice သို့ ပြောကြားသည်။

အဆိုပါ ခရီးစဉ်တွင် ၎င်း၏ဇနီး သတင်းစာ ဆရာမဖြစ်သူ Ms.Daniela Schadt လည်း လိုက်ပါမည် ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

ယင်းဂျာမနီသမ္မတ မြန်မာသို့ လာရောက်ရန် ရှိသော်လည်း ခရီးစဉ် အသေးစိတ်ကိုမူ မသိရှိသေးကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဂျာမနီ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း (DIHK)၊ မြန်မာနိုင်ငံရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျာမန် ကုန်သည်များနှင့် စက်မှုလက်မှု ကိုယ်စားလှယ်အဖွဲ့ (AHK)တို့ ပူးပေါင်း ကျင်းပသော ပထမဆုံး စီးပွားရေးဖိုရမ်ကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း AHK က ထုတ်ပြန်ထားသည်။

အဆိုပါ ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး အခြေအနေနှင့် ဂျာမန် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး အခွင့်အလမ်းများ အကြောင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနှင့် ဂျာမနီတို့သည် ၁၉၅၄ ခုနှစ်တွင် သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး ဂျာမနီအစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့များ မြန်မာသို့ တောက်လျှောက် အကူအညီ ပေးခဲ့သည်။ 

ပါလီမန် ဒီမိုကရေစီစနစ်ကျင့်သုံးသော ဂျာမနီတွင် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်ပြီး အဓိပတိ (ကောင် ဆယ်လာ) သည် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List