Thursday, January 30, 2014

မြန်မာနိုင်ငံအတွင်း၌ လူကုန်ကူးမှု မြင့်တက်လာခဲ့ပြီး အများစုမှာ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရ




မြန်မာနိုင်ငံအတွင်း၌ လူကုန်ကူးမှုဖြစ်စဉ် မြင့်တက်လာခဲ့ပြီး အများစုမှာ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက The Daily Eleven သို့ ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် ပြီးခဲ့သော ၂၀၁၂ ခုနှစ်အတွင်းက ပြည်တွင်း၌ လူကုန်ကူးခံရမှု ၁၈ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၃ ခုနှစ်အတွင်းတွင် လူကုန်ကူးမှု ၂၃ မှု ဖြစ်ပွားခဲ့ပြီး အများစုမှာ အဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းခံရကာ လူကုန်ကူးမှုများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းမှာဖြစ်တဲ့ လူကုန်ကူးမှုက ၂၀၁၂ ခုနှစ်က ၁၈ မှုဖြစ်တယ်။ ၂၀၁၃ ခုနှစ်မှာ ၂၃ မှုဖြစ်ခဲ့တယ်။ နည်းနည်းမြင့်တက်လာတယ်။ ပြည်တွင်းမှာဖြစ်တဲ့ လူကုန်ကူးမှုတွေက ရန်ကုန်မြို့အစွန်မှာရှိတဲ့ ရပ်ကွက်မှာနေတဲ့သူတွေများတယ်။ နယ်မှာရှိတဲ့ လူတွေလည်းပါတယ်။ သူတို့တွေက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်နေရင်း အလုပ်အဆင်မပြေလို့ ပြောင်းရွှေ့လုပ်ကိုင်ရင်းနဲ့ပဲ ငွေမက်လုံးပေးပြီး မြှူဆွယ်တဲ့နောက်ကို လိုက်သွားရင်း ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရတာဖြစ်တယ်။ သူတို့တွေက ချောင်ပိတ်ပြီး အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတာတွေ ရှိနေတယ်” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ထပ်မံပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရမှုများ ရှိသည့်အပြင် လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ အတင်းအဓမ္မ အလုပ်စေခိုင်းခံရခြင်းများရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းတွင် ပြည်တွင်း၌ လူကုန်ကူးခံရမှုများ အပါအ၀င် နိုင်ငံဖြတ်ကျော်ပြီးဖြစ်ပွားသည့် လူကုန်ကူးမှုများအားလုံး စုစုပေါင်း ၁၀၂ မှု ဖြစ်ပွားခဲ့ကာ နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားခဲ့သည့် လူကုန်ကူးခံရမှု ဖြစ်စဉ်များတွင် အမျိုးသမီးအများစု လူကုန်ကူးခံရပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံခဲ့ရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ်တွင် လူကုန်ကူးခံရသူ ၂၅၀ ကျော်ရှိခဲ့ပြီး လူကုန်ကူးမှု ကျူးလွန်သူ ၂၆၀ ကျော်အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List