Wednesday, January 29, 2014

နိုင်ငံခြားသား အယောက် ၄၀ ပါ အဲကမ္ဘောဇလေယာဉ် စက်ချို့ယွင်း၍ အရေးပေါ်ပြန်ဆင်း

ပြည်တွင်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ART 72 အမျိုးအစား လေ ယာဉ်သည် နိုင်ငံခြားသား ခရီးသည် ၄၀ ဦး အပါအဝင် ခရီးသည် ၆၅ ဦးကို တင်ဆောင်လျက် ရန်ကုန်-ဟဲဟိုး-မန္တလေး-ဟဲဟိုး-ရန်ကုန်ခရီးစဉ် ပြေးဆွဲရန် ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်လေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ပြီး မကြာမီစက်ချို့ယွင်းသဖြင့် မြေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း အဆိုပါ လေကြောင်းလိုင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်း၍ ပြန်လည် ဆင်းသက်ချိန်တွင် လေယာဉ်ဘီး အပူလွန်ကဲပြီး မီးခိုးများ ထွက်ခဲ့သော်လည်း ခရီးသည်များကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“လေယာဉ်က Heat တက်ပြီး မီးခိုးထွက်တယ်။ ခုတော့ လေယာဉ်ဘီး အားလုံး လဲပြီးပြီ။ စက်ပိုင်းစနစ်ကို စစ်ဆေးနေတယ်” ဟု ၎င်းကဆိုသည်။

မြေပြင်သို့ ဆင်းသက်ပြီး တစ်နာရီ အကြာတွင် အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဖြင့် ယင်းခရီးစဉ်ကို အစားထိုး ပြေးဆွဲခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လိုအပ်သည့်အတွက် ပြန်ဆင်းသည့်အခါ ဘရိတ်အသုံးများပြီး ဘရိတ်ပေါက်သွားခြင်း ဖြစ်သည်ဟု ထင်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ လေကြောင်းလိုင်းမှ စက်ပိုင်းစနစ် ချို့ယွင်းမှုကို ပြန်လည် စစ်ဆေးနေကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာန အဆင့်မြင့် အရာထမ်းတစ်ဦးက ပြောကြားသည်။

“ခရီးသည်တွေ ထိခိုက်မှုမရှိဘူး။ သူတို့ လေယာဉ်နဲ့ပဲ အဲဒီခရီးစဉ်ကို အစားထိုးပြေးတယ်” ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI၏ ညီနောင် လေကြောင်းလိုင်းဖြစ်သော အဲကမ္ဘောဇ လေကြောင်း လိုင်းကို ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်ပြေးဆွဲခဲ့ရာ လက်ရှိတွင် ATR 72-600 အမျိုးအစား လေယာဉ် နှစ်စင်း၊ ATR 72-500 အမျိုးအစား လေယာဉ်လေးစင်း စုစုပေါင်း လေယာဉ်ခြောက်
စင်းဖြင့် ရန်ကုန် အပါအဝင် ပြည်တွင်း မြို့ ၁၈ မြို့သို့ ပျံသန်း ပြေးဆွဲလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List