Thursday, January 30, 2014

ကျူးကျော်အိမ်ရာများ ဖယ်ရှားရာတွင် အင်အားသုံးဖယ်ရှားနိုင်သည့် ဥပဒေတစ်ခုဖြစ်သော ၁၉၅၅ ခုနှစ် အစိုးရဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအား ပြင်ဆင်မည်မဟုတ်ဟု လွှတ်တော်ဆုံးဖြတ်




ကျူးကျော်အိမ်ရာများကို အင်အားသုံးဖယ်ရှားနိုင်သည့်ဥပဒေတစ်ခုဖြစ်သော ၁၉၅၅ ခုနှစ် အစိုးရဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအား ပြင်ဆင်မည်မဟုတ်ဟု ဇန်န၀ါရီ ၂၉ ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
ယင်းဥပဒေကြမ်းကို သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က လာရောက်ရှင်းလင်းခဲ့ကာ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်က လေ့လာတွေ့ရှိချက်များကို တင်ပြကာမဲခွဲ၍ ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က ယင်းဥပဒေ၏ ပုဒ်မ ၃ ပုဒ်မခွဲ ၂ ပါ “ထိုသို့ဖယ်ရှားရာတွင် သင့်လျော်လိုအပ်သည့် အနိုင်ထက်ပြုမှုဖြင့် ဖယ်ရှားနိုင်သည်” ဟူသော စကားရပ်အစား “ထိုသို့ ဖယ်ရှားရာတွင် လိုအပ်သည်ထက်ပို၍ အင်အားမသုံးရ” ဟူသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်သည့် ဥပဒေကြမ်း သွင်းခဲ့ခြင်းဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးတင့်က “စကားရပ် အသုံးအနှုန်း တစ်ခုတည်းကိုသာ ပြင်ဆင်လိုခြင်းဖြစ်ကြောင်း၊ ပြင်ဆင်လိုသော လိုအပ်သည်ထက်ပို၍ အင်အားအသုံးမပြုရဆိုသည့် စကားရပ်မှာ အင်အားမည်မျှလိုသည် သို့မဟုတ် မည်သည့်အင်အားက လိုအပ်သည်ထက် ပိုမိုသည်ဆိုသည်ကို လက်တွေ့တွင်ခက်ခဲသော ကိစ္စရပ်ဖြစ်ပြီး တိကျမှုမရှိဟု သုံးသပ်ပါကြောင်း၊ အဆိုပါ ပြင်ဆင်လိုသည့်အချက်သည် ပြင်ဆင်သည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ပြင်ဆင်ရန်လိုအပ်သည်မှာ အရေးပါမှုမရှိဟု သဘောရရှိပါကြောင်း၊ ၁၉၅၅ ခုနှစ် အစိုးရဥပစာ (နှင်ထုတ်ခြင်း)အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ နှင့် လိုအပ်သည့်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဥပဒေကို ပြင်ဆင်ထားသည်မှာ မကြာသေးခြင်း၊ ယခုပြင်ဆင်လိုသည့်အချက်မှာ အနှစ်သာရအားဖြင့် များစွာပြောင်းလဲမှု မရှိခြင်းနှင့် မပြင်ဆင်လျှင် မဖြစ်သည့်အချက် မဟုတ်ခြင်းတို့ကြောင့် ပြင်ဆင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ပြင်ဆင်ရန်မသင့်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ ပြန်လည်ဖြေကြားသည့် ဖြေကြားချက်အား ကိုးကား၍ဖြေကြားခဲ့သည်။

ထို့နောက် ဦးသိန်းညွန့်က သဘောထားပြန်လည် ဆွေးနွေးခဲ့ရာတွင် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမည်ဟု ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကလည်း ပြင်ဆင်ရန်မသင့်ဟု လေ့လာတွေ့ရှိချက်များကို တင်ပြခဲ့ပြီး ဦးသိန်းညွန့်တင်သွင်းသည့် ပြင်ဆင်ချက်ကို ပြင်ဆင်ရန်အတွက် မတ်တတ်ရပ်မဲခွဲခဲ့ရာ ထောက်ခံသူနည်းသဖြင့် ပြင်ဆင်ရန်တင်သွင်းသည့် အချက်ကို ပြင်ဆင်ရန်မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List