Thursday, January 30, 2014

ယူကရိန်းအရေး နိုင်ငံခြား တိုင်းပြည်များ ဝင်ရောက် မစွက်ဖက်ရန် ရုရှားသမ္မတ သတိပေး

ဥရောပကောင်စီ ဥက္ကဋ္ဌ ဗွန်ရန်ပူ၊ ဥရောပကော်မရှင် အကြီးအကဲ မန်နျူရယ် ဘားရို့တို့နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ ဆုံ ဆွေးနွေးလျက်ရှိပြီး နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ပေါက်နေသော ယူကရိန်းနိုင်ငံရေးတွင် နိုင်ငံခြား တိုင်းပြည်များ ဝင်ရောက် မစွက်ဖက်ရန် သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံတွင်းသို့ နိုင်ငံခြားကိုယ်စားလှယ်များ သွားရောက်လည်ပတ်ပါက မငြိမ်မသက်မှုများ တိုးပွားလာမည် ဖြစ်ပြီး နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သရင်းအတ်စတန်က ယူကရိန်းနိုင်ငံသို့ သွားရောက် လည်ပတ်ရန် အသင့်ဖြစ်နေသည်ကို ရည်ညွန်းပြီး ရုရှားသမ္မတ ပူတင်က မှတ်ချက်ပေးလိုက်ခြင်း ဖြစ်သည်။

“ရုရှားက ဘယ်တော့မှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး” ဟုလည်း ရုရှား သမ္မတ ပူတင်က ပြောကြားလိုက်သည်။

ထို့အပြင် ရုရှားနှင့် အနီးကပ် ပူးပေါင်းရေး မလိုလားသည့် ယူကရိန်း အတိုက်အခံများ အာဏာရလာပါကလည်း ပေးအပ်ရန် ကတိပြုထားသည့် ချေးငွေဒေါ်လာ ၁၅ ဘီလီယံကို ဆက်လက် ပေးအပ်သွားမည်ဟု ပူတင်က ကတိပြုလိုက်သည်။

ယူကရိန်းနိုင်ငံ၌ နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ပေါက်နေပြီး အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ခြင်း၊ ဆန္ဒပြမှုများ ပေါ်ပေါက်နေခြင်း စသည့် နောက်ခံ အခြေအနေတွင် ရုရှားသမ္မတ ပူတင်က မှတ်ချတ် ပေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အရှေ့ဥရောပ နိုင်ငံများဖြစ်သော ယူကရိန်း၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရူ၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ စသည့် နိုင်ငံတို့နှင့် ဥရောပသမဂ္ဂအဖွဲ့ကြား နိုင်ငံရေး၊ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ဥရောပသမဂ္ဂအဖွဲ့က မဟာဗျူဟာ ချမှတ် ခဲ့သော်လည်း ရုရှားနိုင်ငံ၏ အပြင်းအထန် ဖိအားပေးမှုကြောင့် ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို စွန့်လွှတ်ခဲ့ရသည်။

ယင်းကဲ့သို့ ဖိအားပေးမှုများ ပေါ်ပေါက်ပြီးနောက် ဂျော်ဂျီယာနှင့် မော်ဒိုဗာနှစ်နိုင်ငံသာ ဥရောပနှင့် ပူးပေါင်းရေး လမ်းကြောင်းပေါ်တွင် ကျန်ရှိနေတော့သည်။

ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်း နိုင်ငံများနှင့် ရုရှားနိုင်ငံကြား အနီးကပ်ပူး ပေါင်းဆောင်ရွက်နိုင်ရန် ရုရှားနိုင်ငံက ကြိုးပမ်းနေပြီး ယင်းကဲ့သို့သော လုပ်ဆောင်ချက်များကြောင့် ဥရောပသမဂ္ဂ အဖွဲ့တွင် စိတ်အနှောင့် အယှက်များ ဖြစ်ပေါ်လျက် ရှိသည်။

“အခြေခံ အချက်တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း၊ အသေးစိတ်ကျကျ ဆွေးနွေးခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ပူးပေါင်း ဆောင် ရွက်ရေး မူဝါဒက ရုရှား အပါအဝင် အားလုံးကို အကျိုး ဖြစ်စေမှာပါ” ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ ဗွန်ရန်ပူက ပြောကြားလိုက်သည်။

အရှေ့ဥရောပနိုင်ငံများနှင့် ဥရောပ သမဂ္ဂကြား ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ရုရှားနှင့် ယင်းနိုင်ငံများကြား ဆက်ဆံရေး ထိခိုက်မည် မဟုတ်ကြောင်း၊ နားလည်မှု လွဲမှားခြင်းနှင့် အဓိပ္ပာယ် ပြန်ဆိုမှု လွဲမှားခြင်းများ ပေါ်ပေါက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဥရောပသမဂ္ဂနှင့် ပူးပေါင်းရေး လမ်းကြောင်းကို ယူကရိန်း အစိုးရအဖွဲ့က စွန့်လွှတ်လိုက်ပြီး ရုရှားနှင့် ပူးပေါင်းရေး လုပ်ဆောင် လာသည့် နိုဝင်ဘာလမှစ၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ကာ လက်ရှိတွင် ယူကရိန်းအစိုးရ ရာထူးမှ နုတ် ထွက်သွားပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List