Tuesday, January 28, 2014

လွှတ်တော် ဆုံးဖြတ်ချက်ပြီးမှ အခွန်ဥပဒေများ အသုံးပြုတော့မည်

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုလျက်ရှိသော အခွန်ဥပဒေများ အားလုံးကို နောင်တွင် လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်များ အရသာ အသုံးပြုမည် ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးထံမှ သိရ သည်။

အခွန်ဥပဒေများဖြစ်သည့် ဝင်ငွေခွန် (တိုက်ရိုက်ခွန်)၊ ကုန်သွယ်ခွန် (သွယ်ဝိုက်ခွန်)၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ (ထီ) ခွန်များကို ယခင်က ပြည်ထောင်စု အစိုးရ၏ အတည်ပြုချက်ဖြင့်သာ သုံးစွဲနေခြင်းဖြစ်ပြီး ယခု နဝမအကြိမ် လွှတ်တော်မှ စတင်၍ ပြည်ထောင်စု လွှတ်တော်သို့ ပထမဆုံး အကြိမ် အခွန်ဥပဒေများ တင်သွင်း ဆုံးဖြတ်ခံမည် ဖြစ်ကြောင်းပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင်ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
“အရင်က သူတို့ဘာသာ သူတို့ ဥပဒေပြုပြီး လုပ်တာ။ အခု လွှတ်တော်က စပြီး နောက်ဆို လွှတ်တော်ကပဲ ဆုံးဖြတ် ပေးတော့မှာပါ” ဟု ၎င်းက ဆိုသည်။

အခွန်ဥပဒေများကို လွှတ်တော် ကိုယ်စားလှယ်များက ဆုံးဖြတ်ခြင်းသည် အများစုက ဆုံးဖြတ်ခြင်းကြောင့် ပိုမို ပွင့်လင်းမြင်သာမှု ရှိနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

အဆိုပါ ဥပဒေများကို ယခုကျင်းပလျက်ရှိသည့် နဝမအကြိမ်မြောက် လွှတ်တော် အစည်းအဝေး ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းများ လိုက်လံ ကောက်ခံလျက် ရှိကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီထံမှ သိရသည်။

အဆိုပါ အခွန်ဥပဒေများအပြင် ဥပဒေ သတ်သတ်မှတ်မှတ် မရှိသည့်ပြည်ပလေကြောင်းလိုင်း အဝင်အထွက်ကို အခွန်ကောက် ခံမည့် ဥပဒေသစ် ပြဋ္ဌာန်းနိုင်ရန်အတွက်လည်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List