Thursday, January 30, 2014

ဇန်န၀ါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံ၏ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၂၀ ဒသမ ၂ ဘီလျံကျော်အထိ ရရှိထား




ဇန်န၀ါရီလ ၂၄ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂ ဘီလျံကျော်အထိ ရရှိပြီး လျာထားချက် ပြည့်မီရန်အတွက် ကုန်သွယ်မှုပြုလုပ်ရမည့် ကာလမှာ အချိန်နှစ်လသာ ကျန်ရှိတော့ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းအား အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိနိုင်ရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြောကြားထားပြီး တရားဝင်ကုန်သွယ်မှုများ တိုးတက်လာရန် ဆောင်ရွက်ခဲ့ရာ ယခင်ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုထက်ပင် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၂၄ ရက်အထိ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၃၁ ဘီလျံကျော်ရှိပြီး ပို့ကုန်မှ ရရှိငွေမှာ သွင်းကုန်အတွက် အသုံးပြုရငွေထက် အနည်းငယ်ပိုမိုနေကြောင်း သိရသည်။
အဓိကကုန်သွယ်ဖက် နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့် ဗြိတိန်နိုင်ငံများဖြစ်ပြီး နယ်စပ်မှ ကုန်သွယ်မှုပြုရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာ အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်ကြောင်း သိရသည်။

နိုင်ငံအသီးသီးဖြင့် ကုန်သွယ်ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်နေမှုများလည်းရှိရာ နယ်စပ်တစ်လျှောက်မှ တရားမ၀င် ကုန်စည်များ ၀င်ရောက်မှုများ ရှိနေသော်လည်း နယ်စပ်ကုန်သွယ်မှု စုစုပေါင်းမှ ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်နေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုလိုငွေပြနေကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၀၇၆ သန်းကျော်၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၉၃၄၅ သန်းကျော်ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၄၂၁ သန်းကျော်ရှိကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုပြုလုပ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Eleven Media Group

No comments:

Post a Comment

My Blog List