Friday, January 31, 2014

ကိုယ်စားလှယ်လွှဲစာ အတုဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ခဲ့၍ မြန်မာလုပ်သား ၁၉၅ ဦး မဲဆောက်မြို့မှ ပြန်လှည့်လာရပြီး မြ၀တီတွင် သောင်တင်နေ



ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုဖြစ်သော ပုလဲမိုးအေဂျင်စီမှ ထိုင်းနိုင်ငံရှိ Itthiphan Construction တွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၁၉၅ ဦးအား ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ပို့ဆောင်ခဲ့ရာ အေဂျင်စီ၏ ကိုယ်စားလှယ်ပါဝါမှာ အတုဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိ၍ ယင်းအလုပ်သမားများမှာ လုပ်ငန်းခွင်သို့ ရောက်ရှိခြင်း မရှိဘဲ ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီတွင် မြဝတီမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ တာဝန်ရှိသူများညှိနှိုင်း ဆောင်ရွက်ချက်အရ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြဝတီမြို့သို့ ချစ်ကြည်ရေး တံတားမှ လွှဲပြောင်းအပ်နှင်းရာတွင် မြင့်ကြည်ဆိုသူမှာ မဲဆောက်မြို့တွင် ရှိနေစဉ် ထိုင်းရဲ၏ ဖမ်းဆီးခြင်ကိုခံရပြီး အသက် ၂၈ နှစ် အရွယ်ရှိ ပြည်စိုးအောင်မှာ လုံးဝပျောက်ဆုံး နေသည့်အတွက် ပုလဲမိုးအေဂျင်စီမှ ရှာဖွေစုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Boom Boom Co.Ltd ယာယီ တည်းခိုဆောင်သို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများအား လုပ်ငန်းခွင်သို့ ပို့ဆောင်ရန် ဇန်နဝါရီ ၂၁ ရက်တွင် ထိုင်းအာဏာပိုင် အဖွဲ့အား ပုလဲမိုး ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သော မျိုးသူရအောင်က ကိုယ်စားလှယ်ပါဝါ ပြသရာတွင် အတုဖြစ်ကြောင်း တာဝန်ရှိသူများ စစ်ဆေးတွေ့ရှိ ရသဖြင့် မျိုးသူရအောင် ဖမ်းဆီးခံရပြီးနောက် မြန်မာအလုပ်သမား ၁၉၅ ဦး မဲဆောက်တွင် သောင်တင်နေစဉ် မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်၏ ညွှန်ကြားမှုဖြင့် တွေ့ဆုံညှိနှိုင်းကာ ပြန်လည်ပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး တာဝန်ခံ ဦးမိုးကြိုးက ပြောကြားသည်။

“အေဂျင်စီတွေရဲ့ လုပ်ဆောင်မှု စနစ်မကျတာပါ။ အလုပ်သမား ခေါ်တယ်ဆိုတာ အလုပ်ခေါ်စာ (demand letter) ရှိရပါတယ်။ ကိုယ်ခေါ်တဲ့ အလုပ်သမားတွေပေါ် ပွင့်လင်းမှု မရှိတာပေါ့။ အလုပ်သွားမယ့် ကုမ္မဏီ အမှန်တကယ် မရှိဘဲ ရှိသယောင် လှည့်ဖြားပြီး လုပ်တဲ့အတွက် ခုလိုဖြစ်တာပါ”ဟု မြန်မာအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး တာဝန်ခံ ဦးမိုးကြိုးက ပြောကြားသည်။

မြန်မာနိုင်ငံထက် လုပ်ခလစာ ပိုမိုရရှိသော ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် အတိုးဖြင့် ငွေချေးပြီးလာခဲ့သူ တစ်ဦးကလည်း “လုပ်ငန်းခွင်ထဲကိုပို့ဖို့ မဲဆောက်ကို ခေါ်လာပြီးနောက် အခန်းကျဉ်းလေး အတွင်းမှာ လူ ၁၉ဝ ကျော်စုပုံပြီး ၁ဝ ရက်ခန့်နေရာ ငရဲကျသလိုပါပဲ။ ရွာကိုပြန်ရင်လည်း ချေးငွေပြန်မပေး နိုင်မယ့်အတူ ထိုင်းကို ပြန်သွားရတဲ့ထိ စောင့်ပါမယ်”ဟု ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်တွင် မြဝတီမြို့သို့ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကျောက်လုံးကြီး ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံတွင် နေရာချထားပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေရစဉ် ကာလအတွင်း ပုလဲမိုးအေဂျင်စီမှ နေထိုင်၊ စားသောက်၊ ကျန်းမာရေး ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List