Thursday, January 30, 2014

ကွန်ဂရက်လွှတ်တော်က အီရန်ကို ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချမည်ဟု အိုဘားမားပြော

နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ကြားအဆင့် သဘောတူညီမှုရရှိထားသော အီရန်အပေါ် အမေရိကန်လွှတ်တော်က ပိတ်ဆို့အရေးယူသည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းခဲ့ပါက ဗီတိုအာဏာသုံး၍ ပယ်ချ မည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အီရန်နှင့် အမေရိက အပါအဝင် နိုင်ငံကြီး ခြောက်နိုင်ငံအကြား လောလောဆယ် ရရှိထားသည့် သဘော တူညီချက်များကို လမ်းချော်သွားစေမည့် ပိတ်ဆို့ အရေးယူမှု အသစ်များပြုလုပ်မည့် ဥပဒေကြမ်းများကို မိမိအနေနှင့် ဗီတိုအာဏာသုံး ပယ်ချမည်ဟု အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် နှစ်စဉ် ပြောကြား သည့် ပြည်ထောင်စုအခြေပြ မိန့်ခွန်းတွင် အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံအကြား ယမန်နှစ် နိုဝင်ဘာလက ရရှိခဲ့သော ကြားအဆင့် သဘောတူညီမှုအရ အီရန်၏ အဆင့်မြင့် သန့်စင်ပြီးသော ယူရေနီယံနှင့် အဆင့်မြင့် သန့်စင်နိုင် သည့် နျူကလီးယား စက်ပစ္စည်းများကို အီရန်က ဖျက်သိမ်းပေးမည် ဖြစ်ပြီး အပြန်အလှန် အနေနှင့် အမေရိကန်က အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ဖြေလျှော့ပေးရန် သဘောတူညီ ခဲ့ကြသည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းလျက် ရှိသည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ အကြား ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့သော်လည်း အီရန် နျူကလီးယား လက်နက် ပိုင်ဆိုင်သွားမည်ကို လုံးဝတားမြစ်ရန် ရည်ရွယ်၍ အမေရိကန် ကွန်ဂရက် လွှတ်တော်က အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုများ တိုးမြင့်ပြုလုပ်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံအကြား ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်ကို အစ္စရေးကလည်း လက်ခံယုံကြည်ခြင်း မရှိဘဲ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။

အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်၍ အချို့သော အမေရိကန်လွှတ်တော် အမတ် များ၏ ဝေဖန်ပြောကြားမှုကို ‘အမေရိကန်အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်ရှိပါတယ်။ အီရန်နဲ့လုပ်တဲ့ သဘောတူညီမှုတွေက ယုံကြည်မှု သက်သက်အပေါ် အခြေခံတာ မဟုတ်ပါဘူး။ ခိုင်မာမှန်ကန်တဲ့ လုပ်ရပ်အပေါ်မှာ အခြေခံတာပါ’ ဟု အမေရိကန်သမ္မတ အိုဘားမားက ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် ‘အမေရိကန်အမျိုးသား လုံခြုံရေးအတွက် သံတမန်ရေး နည်းလမ်းတွေနဲ့ အောင်မြင်အောင်လုပ်ဖို့ အခွင့်အရေး ပေးရမှာပဲ’ ဟု သမ္မတအိုဘားမားက ဆက်လက်ပြောကြားသည်။

အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြားရာတွင် အမေရိကန်အတွက် ခြိမ်းခြောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် ကမ္ဘာခြိမ်း ခြောက် မှုများကို အမေရိကန်အနေဖြင့် နိုးနိုးကြားကြားရှိရမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမား က ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List