Thursday, January 30, 2014

တောင်ကိုရီးယားနှင့် စစ်ရေး ပူးပေါင်း လေ့ကျင့်မှု အမေရိကန် လျှော့ချမည်

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား နှစ်စဉ် ပြုလုပ်မြဲဖြစ်သော စစ်ရေး ပူးပေါင်း ဆောင် ရွက်မှုကို အမေရိကန်က အဆင့်လျှော့ချ ပြုလုပ်သွားမည် ဖြစ်ပြီး လေယာဉ်တင် သင်္ဘောနှင့် မဟာဗျူ ဟာမြောက် ဗုံးကြဲ လေယာဉ်ကြီးများ စစ်ဆင်ရေးတွင် ပါဝင်တော့မည် မဟုတ်ဟု ထုတ်ပြန်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နှစ်အတွင်း ကျင်းပခဲ့သည့် နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် ပြည်ထောင်စုက စစ်ရေး စွမ်းရည် ထုတ်ဖော် ပြသမှုများ ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ တင်းမာသော သဘောထားများကို တန်ပြန် သတိပေးခဲ့သော်လည်း ယခုနှစ်တွင် ပြုံယွမ်းက စေ့စပ်ညှိနှိုင်းရေး အရိပ် လက္ခဏာများကို ပြသ လာသဖြင့် စစ်ရေး လေ့ကျင့်မှုကို အမေရိကန်က အဆင့် လျှော့ချလိုက်ခြင်း ဖြစ်သည်။

“ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်တင် သင်္ဘောတွေ ပါတော့မှာ မဟုတ်ပါဘူး” ဟု အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက AFP သတင်းကို ပြောကြားသည်။

ထို့အပြင် နျူကလီးယား လက်နက်များ တပ်ဆင် ပစ်လွတ်နိုင်သော လေယာဉ် များလည်း စစ်ဆင်ရေးတွင် ပါဝင်မည် မဟုတ်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံ၏ အပြုအမှုများ ပြောင်းလဲလာခြင်းကြောင့် အမေရိကန် ပြည်ထောင်စုက စစ်ဆေင်ရေးတွင် ပါဝင်မည့် စစ်သင်္ဘောနှင့် စစ်လေယာဉ်များ ပါဝင်မှုကို ပြန်လည် ချိန်ညှိ လာခြင်း ဖြစ်ကြာင်း ကာကွယ်ရေး အရာရှိများက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်တွင် ပြုလုပ်မည့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း မတိုင်ခင်ကာလတွင် မြောက်ကိုရီးယားနိုင်ငံက စစ်ပွဲသစ် တစ်ရပ် ထပ်မံ ဆင်နွှဲမည့် ၁၉၅၃ ခုနစ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရပ်ဆိုင်း မည်ဟု ခြိမ်းခြောက် ပြောကြားပြီး ကိုရီးယား ကျွန်းဆယ်တွင် တင်းမာမှုများ မြင့်တက်လာအောင် ပြုမှု ခဲ့သည်။

ယင်းကဲ့သို့သော ပြောကြားချက်များကို တုံ့ပြန်သည့် အနေနှင့် အမေရိကန် ပြည်ထောင်စုက B-52 ဗုံးကြဲ လေယာဉ်များ၊ B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်များ၊ တိုက်ခိုက်ရေး ရေငုပ် သင်္ဘောများနှင့် ရေဒါ
 ရှောင်တိမ်းနိုင်သော F-22 ဂျက်တိုက် လေယာဉ်များကို စစ်ရေး လေ့ကျင့်မှုအတွက် စေလွှတ် ပေးခဲ့သည်။

ယခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံက စေ့စပ်ညှိနှိုင်းလိုသည့် သဘောများ ပြသလာပြီး စစ်ရေး တင်းမာမှုများအားလုံး အဆုံးသတ်ရေး စသည့် အချက်များကို ပြောကြားလာခြင်းကြောင့် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အဆင့်လျှော့ချ လုပ်ဆောင်လာခြင်း ဖြစ်သည်။

သို့သော်လည်း တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနယ်စပ်အနီးရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ရေပြင် နယ်နိမိတ်တွင် ကျည်ဆန် အစစ်သုံး စစ်ရေး လေ့ကျင့်မှုများ လာမည့် အင်္ဂါနေ့တွင် ပြုလုပ် သွားမည်ဟု
 တောင်ကိုရီးယားနိုင်ငံက ပြောကြားသည်။

ယင်းကဲ့သို့သော စစ်ရေး လေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေပါက လွန်စွာဆိုးရွားသည့် အကျိုးဆက် များ ပေါ်ပေါက် လာမည်ဟု မြောက်ကိုရီးယားနိုင်ငံက သတိပေးလိုက်ပြီး အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာလည်း မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ကျုးကျော်ဝင် ရောက်ရန် ပြင်ဆင် မှု ဖြစ်သည်ဟု ပြုံယွမ်းက ရှုမြင်ထားသည်။

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေး အသင့်ရှိစေရန် “အဓိက ဆုံးဖြတ်ချက်” စစ်ရေး လေ့ကျင့်မှုနှင့် စစ်မြေပြင် လေ့ကျင့်မှုစွမ်းရည် မြှင့်တင်နိုင်ရန် “လင်းယုန်” စစ်ရေး လေ့ကျင့်မှုကို အမေရိကန်နှင့် တောင် ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး နှစ်စဉ် လေ့ကျင့်လေ့ ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List