Friday, January 31, 2014

အခန်းပေါင်း ၄၀၀ ကျော်ပါဝင်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွင် အခန်းဝယ်ယူလိုကြောင်း လျှောက်ထားသူ ၆၀၀၀ ခန့်ရှိနေ


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွင် အခန်းဝယ်ယူလို၍ လျှောက်ထားသူ ၆၀၀၀ နီးပါးရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

၎င်းအိမ်ရာများ လျှောက်ထားခွင့်ကို ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ခွင့်ပြုခဲ့ပြီး ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဟု ကြေညာထားရာ ဇန်န၀ါရီ ၃၀ ရက်အထိ လျှောက်ထားသူ ၆၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်းနှင့် လျှောက်ထားသူဦးရေ နှင့် ရောင်းချပေးမည့် အခန်းအရေအတွက် အချိုးမှာ များစွာကွာဟနေကြောင်း သိရသည်။

ယင်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား အရစ်ကျဝယ်ယူမှုစနစ်နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ် ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဈေးနှုန်းများအနေဖြင့် အရစ်ကျဝယ်ယူပါက အနည်းဆုံးကျပ် ၂၃၇ သိန်းဖြစ်၍ ဈေးများသည်ဟု အခြေခံလူတန်းစားအချို့အကြား ဝေဖန်မှုများရှိနေသော်လည်း လက်ရှိတွင် လျှောက်ထားသူ များပြားလျက်ရှိသည်။

အဆိုပါအိမ်ရာစီမံကိန်းတွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၁၄ လုံး ပါဝင်မည်ဖြစ်ပြီး အခန်းဈေးနှုန်းများမှာ အများဆုံးကျပ် ၃၂၉ သိန်းမှ အနည်းဆုံး ကျပ် ၂၃၇ သိန်းအထိ ဖြစ်သည်။ အရစ်ကျဝယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းအတွက် စာချုပ် ချုပ်ဆိုသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀၊ ဒုတိထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုး ပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအား အပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်ချေးငွေဖြင့် ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုး ၂၅၅ သိန်းအား ၀ယ်ယူမည်ဆိုပါက ကြိုတင်ငွေ ရာခိုင်နှုန်း ၃၀၊ (Bank Commision Charge) တစ် ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ကိုး ရာခိုင်နှုန်း တို့ပေါင်း၍ စုစုပေါင်း ရာခိုင်နှုန်း ၄၀ အားစာချုပ် ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး ဒုတိယနှစ်ဘဏ်တိုး ငါးရာခိုင်နှုန်း၊ တတိယနှစ်ဘဏ်တိုး ငါးရာခိုင်နှုန်း၊ စတုတ္ထနှစ်ဘဏ်တိုး ငါးရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈ လအတွက်) တစ်လလျှင် ကျပ် ၃၇၁၈၇၅ ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများ ထည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်း ၃၀၀ ကျော်) ကျသင့်မည်ဖြစ်ပြီး ထပ်ဆောင်းပိုပေးရငွေ ကျပ် ၄၅ သိန်း ရှိမည်ဟု ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်း တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်နေသော်လည်း အိမ်ပိုင်မရှိသော ၀င်ငွေနည်း အခြေခံလူတန်းစားများ လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေပြီး အစိုးရအောက်ခြေ၀န်ထမ်းများအဖို့လည်း အခက်အခဲဖြစ်စေသည့် နှုန်းထားများဖြစ်နေသည့်အတွက် အခြေခံလူတန်းစားနှင့် အစိုးရ၀န်ထမ်းများ လျှောက်ထားမှု နည်ပါးနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ယခု အဆိုပါတန်ဖိုးမျှတ အိမ်ရာစီမံကိန်း ၀ယ်ယူရန် လျှောက်ထားသူများမှာ ငွေကြေးတတ်နိုင်သော အိုးပိုင်အိမ်ပိုင် ရှိပြီးသားသူများသာ ဖြစ်လိမ့်မည်ဟုလည်း သုံးသပ်နေကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List