Friday, January 31, 2014

၂၀၁၄ ခုနှစ်အတွက် ဧရာဝတီလင်းပိုင် သုတေသန ခရီးစဉ်တွင် လင်းပိုင် ၆၃ ကောင်တွေ့ရှိ




၂ဝ၁၄ ခုနှစ်အတွက် ဧရာဝတီလင်းပိုင်ဦးရေ စာရင်းနှင့် အုပ်စုဖွဲ့ ပျံ့နှံ့နေထိုင်မှုအား စဉ်ဆက်မပြတ် သုံးသပ်နိုင်ရန် ဧရာဝတီလင်းပိုင် တို့အပေါ် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော အချက်အလက်များနှင့် ထိန်းသိမ်းဆောင်ရွက်မှုများကို သုံးသပ်မှတ်တမ်း ပြုစုနိုင်ရန် ဧရာဝတီလင်းပိုင် သုတေသနပြု လုပ်ငန်းကို ဇန်နဝါရီ ၁၁ ရက်မှ ၂၆ ရက်တိုင် ပြုလုပ်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCF)မှ စုံစမ်းသိရှိရသည်။

သုတေသန ခရီးစဉ်အား မန္တလေး-ဗန်းမော်၊ ဗန်းမော်-မန္တလေး အစုန်၊ အဆန် သွားရောက်ပြုလုပ်ခဲ့ရာ ယခုနှစ် သုတေသန ခရီးစဉ်၌ မင်းကွန်းနှင့် ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ လင်းပိုင် ၂၁ ကောင်၊ ရွှေကူနှင့် သပိတ်ကျဉ်းအကြား တတိယမြစ်ကျဉ်း အတွင်း၌ လင်းပိုင် ၂၈ ကောင်နှင့် ဗန်းမော်မြို့ ဝန်းကျင်မှ ဒုတိယမြစ်ကျဉ်းအတွင်း လင်းပိုင် ၁၄ ကောင် တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်အတွက် လင်းပိုင်ကောင်ရေ သုတေသန ခရီးစဉ်မှာ မနှစ်ကထက် တွေ့ရှိရမှု ပိုလာတာ မှန်ပေမယ့် ကောင်ရေတိုးပွား လာတယ်လို့ မယူဆပါဘူး။ မနှစ်က နယ်မြေအခြေအနေအရ ချောင်းပေါက်၊ မြစ်ပေါက် တွေမှာ အသေးစိတ် လေ့လာမှု မလုပ်နိုင်တာကြောင့် လင်းပိုင်ဦးရေ စာရင်းကို အတိအကျ မပြောနိုင်ဘူး ဖြစ်ခဲ့တယ်။ ဒီနှစ်ဗန်းမော်မှာ လင်းပိုင်ကောင်ရေ တွေ့ရှိမှုက ၂ဝ၁ဝ ခု နှစ်က တွေ့ရှိတဲ့ဦးရေကို မီတယ်”ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက သုံးသပ်ပြောကြားသည်။

နှစ်စဉ်ပြုလုပ်မြဲ ဖြစ်သော ဧရာဝတီလင်းပိုင် သုတေသန ခရီးစဉ် မှတ်တမ်းများအရ ၂ဝ၁၂ ခုနှစ်ခရီးစဉ် တွင် လင်းပိုင်ကောင်ရေ ၇ဝ ဝန်းကျင်၊ ၂ဝ၁၃ ခုနှစ်တွင် ၅ဝ ကျော် မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ၆၃ ကောင် တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List