Tuesday, January 28, 2014

ကျောင်းသား၊ ကျောင်းသူများ ကန့်ကွက်ဆန္ဒပြမှုကြောင့် (B.E) ဘွဲ့အား နည်းပညာတက္ကသိုလ်ကျောင်းများတွင် ယခုပညာသင်နှစ်အထိ ဆက်လက် ထားရှိမည်

အဆင့်မြင့် ပညာကဏ္ဍလက်အောက်၌ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကန့်ကွက် မှုကြောင့် နည်းပညာတက္ကသိုလ် (Technology University) ကျောင်းများတွင် အင်ဂျင်နီယာဘွဲ့ Bachelor of Engineering (B.E) ဘွဲ့အား ယခုပညာသင်နှစ်အထိ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ပြုလုပ်သည့် ပညာရေးမူကြမ်းဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ နည်းပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် အင်ဂျင်နီယာဘွဲ့(B.E)ဘွဲ့အား မပေးတော့ဘဲ (B.Tech) အားပေးမည့် နည်းပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်၌ ပါဝင်နေခြင်းကြောင့် နည်းပညာတက္ကသိုလ်(သန်လျင်)၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် အစရှိသည့် နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက နည်းပညာတက္ကသိုလ်(TU)ကျောင်းများတွင် Bachelor of Engineering(B.E) ဘွဲ့အား ထားရှိပေးရေး ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းနည်းပညာတက္ကသိုလ်များအား အဆင့်မြင့်ပညာကဏ္ဍထဲ ထည့်သွင်းပြီး Bachelor of Engineering (B.E) ဘွဲ့အား ခြောက်နှစ်ပညာရေးဖြင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲတွင်ပါဝင်သည့် နည်းစနစ်များ အတိုင်း ယခုနှစ်ပညာသင်နှစ်တွင် ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး နောက်နှစ်ပညာသင်နှစ်တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးစနစ်ပုံစံအား လက်ရှိရေးဆွဲနေသည့် အမျိုးသားပညာရေး မူဝါဒဥပဒေ(မူကြမ်း)များထဲတွင် ရေးဆွဲနေပြီး လွှတ်တော်တွင် အတည်ပြုပြီးမှသာ ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက စက်မှုနှင့်သက်မွေးကဏ္ဍ ပညာရေးဆွေးနွေးပွဲ တွင် ပြောကြားသည်။

ထို့ပြင် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက နည်းပညာတက္ကသိုလ်များနှင့် Centre of Exellence (COE) အဆင့်မြှင့်ထားသည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် များအကြား Technology University(TU) နှင့် (COE) ဟု ခွဲခြားသတ်မှတ်ခြင်းမပြုဘဲ နည်းပညာ တက္ကသိုလ်တိုင်း တန်းတူညီမျှ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန်လိုလားနေကြောင်း သိရသည်။

"နည်းပညာတက္ကသိုလ်အချင်းချင်း တန်းတူ(COE) အဆင့်မြှင့်တင်ထားတဲ့ ကျောင်းတွေနဲ့ ခွဲခြားဆက်ဆံ ခံနေရပါတယ်၊ ရိုးရိုးနည်းပညာတက္ကသိုလ်တွေက မွေးထုတ်ပေးလိုက်တဲ့ အင်ဂျင်နီယာဘွဲ့တွေ အပြင်မှာ သုံးစားလို့မရ ဖြစ်မှာကိုတော့ မလိုလားပါဘူး" ဟု နည်းပညာတက္ကသိုလ် (သန်လျင်)မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုသည်။

ထို့ပြင် နည်းပညာတက္ကသိုလ်များ၌ ယခုပညာသင်နှစ်တွင် တက်ရောက်နေသည့် ပထမနှစ်နှင့် ဒုတိယနှစ် အတန်းများ စတုတ္ထနှစ်တွင် အရည်အချင်းပြည့်မီပါက ခြောက်နှစ်ကြာမြင့်မည့် (B.E) တန်းအား ဆက်လက်
သင်ကြားနိုင်ပြီး ယခုနှစ်တတိယနှစ်၊ စတုတ္ထနှစ်အတန်းများတွင် အရည်အချင်း ပြည့်မီပါက ငါးနှစ်ကြာမြင့်မည့် (B.E) တန်းအား လက်ရှိစနစ်အတိုင်း သင်ကြားနိုင်မည်ဖြစ်သည်။                  

၎င်းနည်းပညာတက္ကသိုလ်များတွင် သင်တန်းများ ပေါင်းကူးတက်ရောက်ရာ၌ ရမှတ်အလွန်မြင့်မားမှသာ B.Tech၊ B.E တန်းများသို့ ဆက်လက်တက်ရောက်ခွင့်ရကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List