Monday, January 27, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည် နယ်တောင်ပိုင်း ခရီးစဉ်အတွင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၌ လူထုတွေ့ဆုံပွဲပြုလုပ်



တောင်ကြီးတွင်ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်)အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ၎င်း၏ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်အတွင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၌ လူထု တွေ့ဆုံပွဲတစ်ရပ်ကို ဇန်န၀ါရီ ၂၆ ရက် ညနေ ၃ နာရီမှ ၅ နာရီကျော်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိ ရသည်။

အဆိုပါ လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများကို ပြည်သူလူထုသို့ ဆွေးနွေးတင်ပြမှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် အချက်များအပေါ် ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးရှင်းလင်းပွဲနှင့် ပြည်သူ့ဆန္ဒခံယူပွဲ အခမ်းအနားကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ် မီးပုံးပျံကွင်း အနောက်မြောက်ဘက် လယ်မြေ ၁၃ ရှိ ကျောက်တစ်လုံးလမ်း၊ ပုဂ္ဂလိကပိုင် မြေကွက်အမှတ် ၁၈၄ ရှေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်များဖြစ်သော ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ နန့်စံ၊ မိုးနဲ၊ လင်းခေး၊ ညောင်ရွှေ၊ အင်းလေး၊ ရက်ဆောက်၊ အောင်ပန်း၊ ဟဲဟိုး၊ ကလော၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များမှ ဒေသခံပြည်သူ သောင်းနှင့်ချီ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားများကို ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် တက်ရောက်လာသော ပြည်သူများထဲမှ မေးခွန်းများ မေးမြန်းမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးခဲ့သည်။ မေးမြန်းမှုများကို ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကပါတီကြီးဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်ကိုယ်စားလှယ်များမှ သဘောတူမှ ပြင်ဆင်နိုင်မည် ဖြစ်သည်ကို အများသိပြီးဖြစ်ကြောင်းနှင့် ပြင်ဆင်မှုမပြုလုပ်ပါက မိမိတို့ ဘာလုပ်မည်ဆိုသည်ကို ပြည်သူထံ အသေအချာ ချပြမည်ဖြစ်ပြီး ပြည်သူများမနစ်နာသည့်၊ မထိခိုက်သည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖြေကြားသွားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြည်သူ့ဆန္ဒခံယူမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူ ပြည်သူလူထု ၉၈ ရာခိုင်နှုန်းက ပြင်ဆင်ရန် ဆန္ဒပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


Eleven Media Group

No comments:

Post a Comment

My Blog List