ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ် တာနဲ့ပတ်သက်ပြီး အတော်ပဲ အသံတွေညံခဲ့တယ်။ အောက်ခြေကတင်ပေးတဲ့ ကိုယ်စားလှယ်လောင်းက ဗဟိုရောက်တော့မှ ပြုတ်သွားလို့ မကျေနပ်တဲ့သူ၊ လူသိထင်ရှားပုဂ္ဂိုလ်အချို့ ကိုယ်စားလှယ်လောင်း အဖြစ် အမည်တင်ခဲ့ပေတဲ့ တကယ့်စာရင်းထွက်လာ တော့မပါလို့တဲ့။ဘာလဲဟဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘာလဲဟဲ့ ပါတီဗဟိုလူကြီးမင်းတွေဆိုပြီး သကာလ အောက်ခြေပါတီဝင်များနဲ့ နိုင်ငံရေးလေ့လာ အကဲခတ် သူတွေကြားမှာ အတော်ပဲ လူပြောများခဲ့ကြ တာကလား။
ပြည်သူတွေကတော့ သိပ်စိတ်ဝင်စားပုံ တော့မရပါဘူး။ သိတဲ့အတိုင်း ကိုယ့်ဒုက္ခနဲ့ကိုယ် ကိုးခင်ဗျ။ တစ်ပြည်လုံးနီးပါး ဆိုးဆိုးရွားရွားရေကြီးနေ မင့်ဟာ။ ရေကြီးလို့ဒုက္ခရောက်ရတဲ့သူနဲ့ အနှီကံမကောင်း အကြောင်းမလှ ရေဘေးသင့်ရတဲ့ပြည်သူများကို ရေဘေးဒဏ်မခံရတဲ့ပြည်သူတွေ က တတ်အားသမျှဝိုင်း ဝန်းအကူ အညီပေးဖို့ နေရာအနှံ့ အလှူခံ ထွက်ကြ၊ ရသမျှ ပြန်လည်အလှူ ပေးကြနဲ့ မလပ်မအားနိုင် အောင် ဖြစ်နေရတာကိုးဗျ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်းရွေးတဲ့ကိစ္စအပေါ် မှာ တယ်ပြီးစိတ်ဝင်စားလှတာ မတွေ့ရဘူး။
ပြည်သူက ကိုယ့်အကြောင်း နဲ့ကိုယ် ကံဆိုးမိုးမှောင်ကျနေရလို့ အဲဒီကိုယ်စား လှယ်လောင်းစိတ် မဝင်စား ပေတဲ့ နိုင်ငံရေးလောက အတွက်တော့ တကယ်ကိုပြော စရာတစ်ခုဖြစ်ခဲ့တာ၊ ဖြစ်နေတာ ကတော့ အမှန်ပါပဲဗျာ။ ဆောင်း ပါးရှင်အတော်များများကလည်း အနှီကိစ္စနဲ့ပတ်သက်ပြီးသကာလ ဝိုင်းဝန်းဝေဖန်ရေး သားကြတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ထံ ဦးတည်ပြီးအိတ် ဖွင့်ပေးစာရေးကြတာတွေ လည်း တွေ့ရတယ်။ အမြင်အမျိုးမျိုး ပွက်လောရိုက်တာပေါ့ဗျာ။
ပွက်လောရိုက်မယ်ဆို လည်း ရိုက်စရာကိုးခင်ဗျ။ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အလံ အောက်ကနေ လာမယ့်ရွေး ကောက်ပွဲကို ဝင်ပြိုင်ကြမယ်ဆို ပြီး ကိုယ်စားလှယ်လောင်းအဖြစ် ပါတီကို အမည်စာရင်း တင်သွင်း ကြတဲ့သူတွေထဲမှာ နိုင်ငံရေးအရ အစဉ်အလာနဲ့ ဂုဏ်သတင်းတစ်စုံ တစ်ရာရှိပြီးသားသူတွေတင် မက ပညာအရည်အချင်းအရ မသေး လှတဲ့ပုဂ္ဂိုလ်တွေလည်းပါသဗျာ။ အထူးသဖြင့် ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးတို့၊ ဦးဌေးကြွယ်တို့၊ ဦးဂျင်မီတို့ အစရှိသဖြင့်ပေါ့လေ။ သူတို့ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေတစ်ဆင့် ရွေးကောက်ပွဲဝင်ဖို့ရာ ကိုယ်စား လှယ်လောင်းအမည် စာရင်း သွင်းခဲ့တယ်။
ပြီးတော့ ဒေါ်ညိုညိုသင်းပါ ခင်ဗျာ။ ပြီးခဲ့တဲ့လွှတ်တော်သက် တမ်းတစ်ခုလုံး အလွန်မှာ ဂုဏ် သတင်းကြီးခဲ့ တဲ့ အမျိုးသမီး အမတ်ကြီးလေ။ ရန်ကုန်မြို့ သစ် စီမံကိန်းလို အာဏာပိုင်တွေ လက်သိပ်ထိုးလုပ်ခဲ့ကြတဲ့စီမံ ကိန်း လိုဟာမျိုးကို လူသိရှင်ကြား တိုင်း ဒေသကြီးလွှတ်တော်မှာ အဆို တင်ပြီး မေးခွန်းထုတ်ခဲ့တယ်။ သူ့ အဆိုကြောင့် အာဏာပိုင်တွေမယ်ပြည်သူကို အရူးကွက်နင်းမရဘဲ အဲဒီမြို့သစ်စီမံကိန်းဆိုသဟာဖျက်သိမ်း သွားရတယ်။ အနှာနဲ့ အားမရကြလို့ ရွှေတိဂုံစေတီ တော်ခြေရင်းမှာ အိမ်ရာဆောက်လုပ်မယ့်ကိစ္စ၊ အာဏာ ပိုင်တွေ ကြိုးစားတဲ့ကိစ္စကိုလည်း လူသိရှင်ကြားပြောဆိုထောက်ပြခဲ့တယ်။
ကျုပ်တစ်ယောက်တည်း သဘောပြောရရင်တော့ ဒေါက် တာညိုညိုသင်းလို လွှတ်တော် အမတ်မျိုးမှ တကယ့်အမတ်ခင်ဗျ။ ပြည်သူ့ကိုယ်စားလှယ်ဆိုတာ သဟာလို ပြည်သူ့အကျိုးကို ထိခိုက်မယ်လို့ထင်တဲ့ အရေးမှန် သမျှ နိုးနိုးကြားကြားနဲ့ လွှတ်တော်မှာ ပြောဆိုတင်ပြတဲ့သူမျိုးကို ခေါ်တာကလား။ လွှတ်တော် ထဲ မှာ သူ့လိုအမတ်မျိုး ၁၀ ယောက်၊ ၁၅ ယောက်ပဲရှိစေဦးဗျာ။ ကျုပ်တို့ပြည်သူတွေ သိပ်အားကိုးရမှာ။ အဲဒီအမတ်မင်းဒေါ်ညိုညိုသင်းက အခုလာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံတော် အောက်ကနေပြီး ဝင် အရွေးခံမယ်ဆိုတော့အတိုင်း ထက်အလွန်ပေါ့ဗျာ။
ကောင်းလေစွတကား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေ ဦးကိုကိုကြီးတို့က ၈၈ မျိုး ဆက်ခေါင်းဆောင် တချို့ကလည်းဝင်ပြိုင်မယ်။ ခုနင်ကပြောခဲ့တဲ့ ဒေါ်ညိုညိုသင်းလို ဒေါင်ဒေါင် မြည်အမတ်မင်းကလည်း ဝင် အရွေးခံမယ်။ ဒါ့တင်မက ဒေါက်တာသိန်းလွင်လို၊ ဒေါက်တာ အောင်သူလို ပညာရှင်ပိုင်းကလည်း သိုင်းဝိုင်း မယ်။ သက်ဆိုင် ရာအောက်ခြေရပ်ကွက်၊ မြို့ရွာ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကလည်း အထက် ဖော်ပြပါလူပုဂ္ဂိုလ်များကို လိုလား တယ်။ ကန့်ကွက်တာ၊ ကန့်လန့် တိုက်တာတွေလည်းမကြား ရဘူး။ ဟုတ်ပြီ။ လွှတ်ကောင်းတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ပိုပြီးအင်အားတောင့်သွားပြီ။ ကျုပ်တို့ပြည်သူတွေ မဲဆန္ဒရှင် တွေအဖို့ သိပ်အားရတာပဲ။
ဒါပေတဲ့ ကောင်းလေစွလို့ ကျုပ်တို့ထင်ထားသမျှဟာ ကိုယ် စားလှယ်လောင်းစာရင်းလည်း ထွက်လာရော မကောင်းလေစွ ဖြစ်တော့တာပါပဲဗျ။ အစောက ကျုပ်တို့ပြောခဲ့တဲ့ လူပုဂ္ဂိုလ်တွေ တစ်ယောက်မှပါ မလာ ဘူးတဲ့ ခင်ဗျ။ ဦးကိုကိုကြီးတို့လည်းမပါ။ ဒေါက်တာညိုညိုသင်းလည်းမပါ။ ဒေါက်တာသိန်းလွင်လည်းမပါ။ အခြားအခြား လူသိထင်ရှားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြင်ပက တက်ကြွလှုပ်ရှားသူများ လည်း ပါတီဗဟိုက အတည်ပြု ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် လောင်းအမည်စာရင်းထဲမယ် ပါ မလာဘူးဆိုပဲ။
ဘာပြောကောင်းမလဲဗျာ။ အဲဒီမှာ ဝေဖန်သံတွေဟာ ညံပါ လေရော။ ဘာကြောင့်လဲ။ ဘယ် လိုလဲပေါ့လေ။ မေးခွန်းတွေ၊ မေး ခွန်းတွေဆိုတာမှ အလျှံအပယ်ပါခင်ဗျ။ အဲသဟာတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် က ဗဟိုအဆင့်လူကြီးမင်းတွေက ပြန်ဖြေရှင်းသံတချို့တော့ ကြားရ ပါရဲ့။ နို့ပေတဲ့ ဝေဖန်သံတွေ တိတ်လောက်တဲ့ ကျေကျေလည် လည် အဖြေစကားတွေတော့ မဟုတ်ဘူး။ ပါတီပြောခွင့်ရ ဆိုတဲ့ လူကြီးမင်းတစ်ယောက်ကဆိုရင် ဒီဗီဘီရုပ်မြင်သံကြားက သတင်း တစ်ပုဒ်မယ် ကိုယ်စားလှယ် လောင်းရွေးတဲ့ကိစ္စ အပြင်က ဝေဖန်မှုတွေဟာ နည်းတောင်မှ နည်းသေး၊ အခုထက်ပိုပြီးတောင် မှ ဝေဖန် သင့်သေးတာဆိုပြီး ခပ် ထေ့ထေ့ပြောခဲ့တာ ကျုပ်တို့မှာ ကြားခဲ့ရပါသကော။
ရောခက်ကပြီ။ အခက်ကြီး ခက်ကုန်ပြီ။ ကိုယ်စားလှယ် လောင်းရွေးချယ်တာဟာ အဆင့် ဆင့်ရွေးချယ်တာ ဆိုပြီး ဗဟိုက ပြောတယ်။ ပါတီဝင်အများရဲ့ ဆန္ဒနဲ့အညီတင်လာတဲ့ကိုယ်စား လှယ်လောင်းတွေကို ပါတီ ရဲ့ဗဟို ကနေပြီးစိစစ်တယ်။ သို့ စိစစ်ရာ မယ် ပါတီခေါင်းဆောင်တွေ တင်မက ပြင်ပပညာရှင်အဖွဲ့တွေ ပါ ဖွဲ့စည်းပြီး အားလုံးဆန္ဒသတ် မှတ်အရည်အချင်းနဲ့ ကိုက်ညီသူ များကို ရွေးချယ်တာဆိုပြီးပြော တယ်။
ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အပေါ်မှာ မကျေလည်ကြတဲ့အောက်ခြေကအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် တချို့ကလည်း ခုနင်က ဦးကိုကိုကြီးတို့၊ ဒေါ်ညိုညိုသင်းတို့ကို ကိုယ်စားလှယ်လောင်း အဖြစ် မရွေးတာဟာ ဗဟိုရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်။ သူတို့ကတော့ အောက်ခြေက အဲဒီလူတွေကိုပဲ ရွေးချယ်ဆန္ဒပြုလိုက်ကြတာ ဖြစ်ပါတယ်တဲ့။ အောက်ခြေဆန္ဒကို ဗဟိုကလေးစားတယ်ဆိုရင် အောက်ခြေ ပါတီဝင်တွေ ရွေးချယ်ပေးလိုက်တဲ့ လူပုဂ္ဂိုလ်တွေဟာ အရွေးကိုခံရမယ်တဲ့ဗျာ။ အပြန်အလှန်တွေဖြစ်နေပုံ များ ပြောပါတယ်။ ဘယ်သင်း ဘယ်နေရာမှာ ဘယ်ပယောဂတွေပူးဝင်ပြီးသကာလ ကိုယ်စားလှယ်လောင်း စာရင်းဝင်ရမယ့်သူတွေ က မဝင်၊ မဝင်သင့်တဲ့သူတွေက စာရင်းထဲပါဖြစ်ရသလဲဆိုတာ တော့ဖြင့် ပါတီက သက်ဆိုင်သူ တွေသာသိမှာပါဗျာ။ ကျုပ်တို့က ဘေးကကြည့်တဲ့သူတွေဆိုတော့ မြင်သလောက်၊ ကြားသ လောက်ပဲ သိခွင့်ရှိတာကလား။
ကျုပ်တို့ဆန္ဒကတော့ ဦးကို ကိုကြီးတို့ ၈၈ မျိုးဆက်တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ အောက်ကဝင် မှာကို လွှတ်သဘောကျတယ်။ ဒါမျိုးပဲဖြစ်သင့်တယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တချို့တင်မက ဒေါ်ညိုညို သင်းတို့လို မှတ်ကျောက်အတင် ခံပြီးသား လွှတ်တော်ကိုယ်စားလှယ်မျိုး၊ ဒေါက်တာသိန်းလွင်လို ပညာရှင် မျိုးကပါ ပါတီကို သိုင်းဝိုင်းဦးမယ်ဆိုတော့ကာ ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အားကောင်းမောင်း သန်ယှဉ်ပြိုင်နိုင်မှာပေါ့ဗျာ။အမျိုးသားဒီမိုကရေစီပါတီအနေနဲ့နေရာများများမှာ အနိုင်ရလေ ၂၀၁၅ ရွေး ကောက်ပွဲအလွန် နိုင်ငံရေးဟာ အပြောင်းအလဲဖြစ်မယ်ထင်တာပဲလေ။
တကယ်တော့ ဦးကိုကိုကြီး တို့လို အစဉ်အလာရှိ နိုင်ငံရေး သမားတွေအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ဝင်ရောက် အရွေးခံပေးဖို့ဆိုတာ အခုခါ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ကလည်း တဖွဖွပြောခဲ့တာပါ။ ၈၈ အနေနဲ့ သီးခြားပါတီခွဲမထောင်ဘဲ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အလံ အောက်ကနေ ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် ပိုမိုအားကောင်းပြီး မဲလည်းကွဲမ ထွက်တော့ဘူးပေါ့။ အခု ဦးကိုကိုကြီးတို့၊ ဒေါ်ညိုညိုသင်းတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်အရွေးခံ မယ်ဆိုတဲ့သဘောဟာ မဲမကွဲဖို့ကအဓိက လိုရင်းဆိုတာမြင်ရပါတယ်။
နို့ပေတဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က ဦးကိုကိုကြီးတို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ ဒေါ် ညိုညိုသင်း တို့၊ ဒေါက်တာသိန်း လွင်တို့လို လူမျိုးတွေကို ကိုယ် စားလှယ်လောင်းအဖြစ် မရွေး ချယ်ခဲ့ပါဘူး။ သူတို့ရဲ့ သတ်မှတ် အရည်အချင်းနဲ့ အနှီပုဂ္ဂိုလ်တွေ ကို ပေမမီ၊ ဒေါက်မမီဖြစ်လို့နေ မှာပေါ့လေ။ သက်ဆိုင်ရာပါတီ ဝင်များရဲ့အများဆန္ဒနဲ့အညီ မရွေးချယ်ဘူးဆိုရင်လည်း ဒီမိုကရေစီ နည်းကျမို့ ဘာပြောစရာရှိမှာလဲ။ အဲ . . . အခု အောက်ခြေပါတီဝင် တွေကလည်း သူတို့က ခုနင်က လူပုဂ္ဂိုလ်တွေ ထောက်ခံလိုက်ပြီး သားလို့ဆို တော့မခက်လား။ မည် သို့မည်ပုံ ဖြစ်သွားလေသည်မသိ လို့သာ ဆိုရတော့မှာပဲခင်ဗျာ။
ဆိုခဲ့သလို ကိုယ်စားလှယ် လောင်းရွေးချယ်ကြတဲ့ကိစ္စ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့ပေတဲ့ သက်ဆိုင်သူတွေ ကတော့ ဘာမှထုတ်ဖော်မပြော ကြဘူး။ ပြည်သူ တွေက မေးလွန်းမက မေးတော့မှ ဒေါ်ညိုညိုသင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကို မေးခွန်းထုတ် တယ်။ ဦးကိုကိုကြီးဆိုလည်း ဘာမှကို မပြောဘူး။ ဒါပေတဲ့ တစ်မြန်နေ့က ဆဲဗင်းဒေးသတင်းစာနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာတော့ သူ့ အမြင်ကိုထုတ်ပြောလိုက်တယ်။
သူဟာ မဲကွဲမှာစိုးလို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ရွေး ကောက်ပွဲဝင်ဖို့လုပ်ခဲ့တယ်။ အခု အရွေးမခံ ရတဲ့အတွက် ရွေး ကောက်ပွဲလည်းဝင်မှာမဟုတ် တော့ဘူး။ မဲထပ်ကွဲမှာစိုးလို့တဲ့။ အဲဒီအတွက် သူ့ကို ထောက်ခံတဲ့ ပြည်သူတွေကိုတော့ အားနာပါ တယ်တဲ့။ ဒီမိုကရေစီအင်အားစုတွေကို ဆက်လက်ဝန်းရံသွား မယ်တဲ့။ သူပြောတဲ့ ‘ဒီမိုကရေစီ အင်အားစုများ’ဆိုတာဟာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တစ်ခု တည်းကို ဆိုလိုတာမဟုတ်ဘူး။ အားလုံးပါ။ တိုင်းရင်းသားတွေ ရောပါ။ ဒါပေတဲ့ ဟိုတစ်ရက် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ စဉ်မှာတော့ သူတို့ပါတီထောင် သွားဖို့ အစီအစဉ်ရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်တဲ့။
စာသိပ်ရှည်မှာစိုးလို့မို့ ကျုပ် အထူးမရေးတော့ပါဘူးဗျာ။ ဆဲဗင်းဒေးသတင်းစာနဲ့ ဦးကိုကို ကြီးရဲ့ တွေ့မေး ခန်းကိုသာရှာ ဖတ်ကြပါ။ ဒီနေရာမှာ ကျုပ်တို့ အထူးကျေနပ်တာကတော့ ဦးကို ကိုကြီးတို့၊ ဒေါ်ညိုညို သင်းတို့ရဲ့ သဘောထားပါ။ ဒေါ်ညိုညိုသင်း ဆိုရင်လည်း ဗဟန်းကနေ တစ်သီး ပုဂ္ဂလဝင်မှာဖြစ်ပေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံသွား မယ်တဲ့။ အခုဖြစ်တဲ့ပြဿနာဟာ သူနဲ့ပါတီရဲ့ပြဿနာ မဟုတ်ဘဲ သူနဲ့ ပါတီထိပ်သီးပုဂ္ဂိုလ်တချို့ရဲ့ ပြဿနာသာဖြစ်ပါသတဲ့။ ဦးကို ကိုကြီးဆိုရင်လည်း ခုနင်က ပြော သလို မဲကွဲမှာစိုးလို့ ရွေးကောက် ပွဲမဝင်တော့ဘူးတဲ့။
သဟာဖြင့် ကျုပ်က ဘာကို ကျေနပ်သတုံးဆိုတော့ ဦးကိုကို ကြီး၊ ဒေါ်ညိုညိုသင်းတို့ရဲ့စိတ် ဓာတ်ကိုပဲ။ သူတို့ဟာ နိုင်ငံရေး အရ တစ်စုံတစ်ရာရင့်ကျက်တယ် ဆိုတာကို အခုတစ်ချီမှာ လူသိ ရှင်ကြားပြသလိုက် တာပဲ။ သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ အောက်ကနေ ရွေးကောက်ပွဲမဝင်လည်း ရပ်တည် လို့ရတဲ့သူတွေပဲ။ နို့ပေတဲ့ ငါ့မရွေးရကောင်းလားဆိုပြီး ကန့်လန့်မတိုက်ဘူး။ မင်းသားကြီးမလုပ်ရလို့ ပတ်မကိုသံချွန်နဲ့ ထိုးဖောက်တဲ့အောက်တန်းစား နိုင်ငံရေးသမားတွေမဟုတ် ကြဘူး။ သိတဲ့အတိုင်း ကျုပ်တို့တိုင်း ပြည်ရဲ့ နိုင်ငံရေးအစဉ်အလာကငါနဲ့မတူ ငါ့ရန်သူဆိုတဲ့အစွဲသန်တဲ့အမျိုးကိုး။ ငါ့အုပ်စုမှ ငါ့အုပ်စု၊ သူ့အုပ်စုကွဲပြားခွဲခြား လုပ်ချင်ကြတဲ့ အမျိုးကိုး။ အဲသဟာတွေကြားထဲမှာမှ အခုလိုမျိုး နိုင်ငံရေး စိတ် ထားရင့်ကျက်သူများ၊ ဒီမိုကရေစီ နှုန်းစံကို လေးစားသူများတွေ့ရ တော့ ကျုပ်ဖြင့် မကျေနပ်ဘဲ နေနိုင်ရိုးလားဗျာ။ ဒီ့အတွက် ဦးကိုကိုကြီးတို့၊ ဒေါ်ညိုညိုသင်း တို့ကို ဟောဒီ ဘစီက ‘အာဘွား’ ပေးချင် လိုက်တာဗျာတို့ရာ။
7Day News Journal
No comments:
Post a Comment