Friday, August 14, 2015

ဖားကန့်တွင် ကျောက်မိုင်းခွဲမှုကြောင့် ပေ ၄၀၀ ခန့်မြင့်သည့် ဘုရားတောင် မြေအက်ခဲ့ရာမှ ယခုအခါ မြေများ အဆက်မပြတ် ပြိုကျနေ


ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ နမ့်မှော်ကျေးရွာတွင် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီလုပ်ငန်း များမှ ကျောက်မိုင်းခွဲမှုကြောင့် ယင်းကျေးရွာရှိ ပေ ၄၀၀ ခန့်မြင့်သည့် ဘုရားတောင်မြေမှာ အက်ကြောင်း ဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ မြေများအဆက်မပြတ် ပြိုကျနေပြီး တောင်ပေါ်ရှိ စေတီတော် အတွက် အထူးစိုးရိမ် နေရကြောင်း သိရသည်။

ယင်းကျေးရွာတစ်ဝိုက်တွင် ကျောက်မျက်ကုမ္ပဏီလုပ်ငန်း ခြောက်ခုခန့် လုပ်ကိုင်လျက်ရှိရာ အဲဗားဝင်းနား ကုမ္ပဏီမှ သိပ်သည်းဆပြင်းသော မိုင်းများဖြင့် ကျောက်မိုင်းခွဲမှုမှာ ဘုရားတောင်မြေကို အက်ကြောင်း ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း၊ အဆိုပါ အက်ကြောင်းဖြစ်ပေါ်မှုအား အထူးအလေး ထား ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ယခုအခါ အက်ကြောင်းအတွင်း မိုးရေများဝင်ရောက်၍  မြေစာ များ မကြာခဏ ပြိုကျနေရာ တောင်ကမ်းပါးမှာ စေတီတော်ခြေရင်း ရောက်လာပြီဖြစ်ကြောင်းနမ့်မှော်ကျေး ရွာ ဘုန်းကြီးကျောင်းမှ ဆရာတော် က ပြောကြားသည်။

“ဒီနားတစ်ဝိုက်မှာ လုပ်နေတဲ့ ကုမ္ပဏီတွေက ခြောက်ခုလောက်ရှိတယ်။ အဓိကကတော့ အဲဗားဝင်းနား ကုမ္ပဏီပဲ။ အဲဒီက အားပြင်းတဲ့မိုင်းတွေနဲ့ ကျောက်မိုင်းခွဲတယ်။ တစ်ခါခွဲလိုက်ရင် ကျောင်းတွေရောအားလုံး တုန်ခါသွားတာ။ ဦးဇင်းတို့လည်း ဘာမှပြောလို့မရဘူး။ နောက်တော့ ဘုရားတောင်ပေါ်က မြေကအက်လာ တယ်။ စဖြစ်တော့ မြို့နယ်က လူကြီးတွေနဲ့ ကျောက်စိမ်းရုံးကလူတွေ လာကြည့်ပေမယ့် အလေးအနက် ထားပြီး လုပ်ပေးတာမရှိဘူး။ မြေအက်တဲ့နေရာကို ပြန်ဖို့တာမျိုးတွေ လုပ်တယ်။ ဒါပေမဲ့ မရဘူး။ မြေက အောက်ထိ လှိုက်စားသွားတာ။ အခုဆို အက်ကြောင်းတွေထဲ မိုးရေတွေဝင်ပြီး တောင်ကမ်းပါးက မကြာ ခဏ ပြိုကျနေပါတယ်။ အခုဆို ကမ်းပါးက ဘုရားနဲ့ကပ်နေပြီ။ ဘုရားရင်ပြင်လည်း အက်နေပြီ။ စေတီ တော်ဟာ ဒီရာသီအတွင်းမှာပဲ ပြိုကျပျက်စီး သွားနိုင်တဲ့အတွက် အထူးစိုးရိမ်နေရပါတယ်” ဟု နမ့်မှော် ကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသီလာစာရက ဆိုသည်။

ဖားကန့်ဒေသတွင် ကျောက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကျောက်မျက်ကုမ္ပဏီ လုပ်ငန်းများ ကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှုများစွာ ရှိခဲ့သော်လည်း ကုမ္ပဏီများမှ တာဝန်ယူမှု အားနည်းသည့် အပေါ် ဒေသခံများက ဝေဖန်ပြောဆို နေကြသည်။

“လုပ်ငန်းလုပ်တာတော့ လုပ်လို့ရတယ်။ ဒါပေမဲ့ တာဝန်ယူမှု ရှိစေချင်တယ်။ ဒါမျိုးတွေက အများကြီးဖြစ် တယ်။ တစ်လောကလည်း ကျွန်တော်တို့ရွာမှာ ချောင်းပေါက်ကျကြီး အိမ် ၁၈ လုံးလောက် မျောပါပျက်စီး သွားတယ်။ ဒီလိုဖြစ်တဲ့ အကြောင်းရင်းက စွန့်ပစ်မြေစာတွေက ချောင်းကိုပိတ်ဆို့တာ ကြောင့် ဖြစ်တယ်။ ဒါမျိုးတွေကို ကုမ္ပဏီတွေက တာဝန်ယူရပါမယ်” ဟု နမ့်မှော်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသတွင် ကုမ္ပဏီမှ မြေစာသယ်ယာဉ်တိုက်မှု၊ ဘက်ဟိုးဖြင့် ကုတ်မိမှု၊ ကျောက်မိုင်းခွဲမှု၊ ချောင်း တစ်လျှောက် မြေစာစွန့်ပစ်သည့်အတွက် ရေကြီးရေလျှံ ဖြစ်ပေါ်မှုတွေကြောင့် ပြည်သူလူထုများစွာ ထိခိုက်နစ်နာ လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List