လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီး ဥပဒေ ပြဋ္ဌာန်းခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေး၍ အမြန်ဆုံး အတည်ပြုနိုင်ရေး ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက် ပေးရန် သြဂုတ် ၁၃ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ ရွေးကောက်ပွဲ ကော်မရှင်က စတုတ္ထ အကြိမ်အဖြစ် ထပ်မံ တင်ပြထားသည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်လိုက်သည်။
ယင်းဥပဒေကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင်လည်းကောင်း ပြည်ထောင်စု လွှတ် တော်နာယကထံသို့ လိပ်မူပြီးပေးပို့ခဲ့သော်လည်း ဥပဒေပြဋ္ဌာန်းခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေး သဖြင့် ယခုတစ်ကြိမ် ထပ်မံ တင်ပြထားခြင်း ဖြစ်သည်ဟု သိရသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် သြဂုတ်လ ၁၃ရက်တွင်ပင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုး ရေးပါတီ၏ ယာယီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ၎င်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပန်းသည့် အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းပေးရန် မကြာသေးမီကပင် တပ်မတော်သား အချို့ နှင့် တပ်မတော်သား မိသားစုအချို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လက်မှတ်ရေးထိုး တင်ပြကာ တောင်းဆိုခဲ့ဖူးသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၈ (ခ)အရ "ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ် ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ် သိမ်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)တွင် ‘‘သက်ဆိုင်ရာမဲဆန္ဒ နယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းက တာဝန်မှ ပြန်ရုတ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်’’ဟု ရေးသားထားသည်။
ပုဒ်မ ၃၉၆(က)တွင် "လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည့်အကြောင်းအ ချက် များကိုလည်းကောင်း၊ ပုဒ်မခွဲ (ခ)တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာ ခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ် စား လှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမည်။" ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၇ တွင် "ပြည်ထောင်စုလွှတ် တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရ မည်။" ဟူ၍လည်းကောင်း ပြဋ္ဌာန်း ထားကြောင်း ဖော်ပြထားရှိ သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှု အခြေအနေ အကျဉ်းချုပ်ကို ပူးတွဲပြီး ထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်စုလွှတ်တော်သည် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၁ ရက်နှင့် ၂၃ ရက်နေ့များ တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အတည်ပြုပြဋ္ဌာန်းနိုင် သည် အထိ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment