ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီးမှုကြောင့် လယ်ဧက ၂၀၇၈၈၁ ဧက ရေနစ်မြုပ်နေလျက်ရှိပြီး၊ ရေဘေးသင့်မြို့နယ်ပေါင်း ၁၆ မြို့နယ်အထိ ရှိနေကာ အစိုးရ၏ ထုတ်ပြန်ချက်အရ လူဦးရေ တစ်သိန်းခွဲ ကျော်မှာ ရေဘေးသင့် ကြုံတွေ့နေရကာ ဒေသခံရေဘေး ကူညီမှု ပြုလုပ်နေသူများ၏ စာရင်းများအရ လူဦးရေ သုံးသိန်းနီးပါး ရေဘေးကြုံတွေ့ နေရကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း ဧရာဝတီမြစ်ရေမှာ ကြံခင်း၊ မြန်အောင်၊အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ဓနုဖြူ၊ ညောင်တုန်း မြို့များတွင် စိုးရိမ်ရေမှတ်ထက် များစွာကျော်လွန်နေလျက်ရှိနေသေးပြီး၊ မအူပင်မြို့နယ်တွင်လည်း တိုးမြစ် ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေလျက် ရှိနေသေးကြောင်း၊ င၀န်မြစ်ရေမှာ မြို့ကွင်း၊ လေးမျက်နှာ၊ ရွှေဘိုစု၊ ငသိုင်းချောင်း၊ သာပေါင်းမြို့နယ်များတွင် စိုးရိမ်ရေမှတ်ထက် ဆက်လက် ကျော်လွန်နေပြီး ဒေသ အသီးသီးတွင် မြစ်ရေများမှာ သိသာစွာ ကျဆင်းသွားခြင်း မရှိသေးဘဲ ဆက်လက်မြင့်တက် နေလျက်ရှိနေ သေးကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးအဖြစ် ပုသိမ်-မုံရွာ လမ်းပိုင်းတွင် လမ်းအရှည် ပေ ၃၀၀ ခန့်မှာ ရေအနက် တစ်ပေ ခန့်ထိ မြင့်တက်နေကြောင်း၊ ကျောင်းကုန်း-ပန်းတနော် လမ်းတွင် လမ်းအရှည် ပေ၂၁၀၀ ခန့်မှာ ရေအနက် နှစ်ပေခန့်အထိ မြင့်တက် နေကြောင်း၊ စက်ဒေါင့်ကြီး-သာပေါင်း-ရေကြည် လမ်းပိုင်းတွင် လမ်းအရှည် ပေ ၂၅၄၅ ခန့်မှာ ရေအနက် တစ်ပေခန့်အထိ မြင့်တက်နေကြောင်း၊ ကြံခင်း-မြန် အောင်လမ်းပိုင်းတွင် ပေ ၅၅၀ ခန့်မှာ ရေအနက် တစ်ပေခန့်အထိ မြင့်တက် နေကြောင်း၊ ဟင်္သာတ-မြို့ကွင်း- ကွင်းကောက်လမ်း ပိုင်း တွင် ပေ ၅၂၈၀ ခန့်မှာ ရေအနက် ၁ ဒသမ ၁ ပေ ခန့်အထိ မြင့်တက်နေကြောင်း၊ လေးမျက်နှာ-ခတ်တူ-ပန်းတောကြီး လမ်းပိုင်းတွင် လမ်းပိုင်းအရှည် ပေ ၃၄၉၈၀ ခန့်မှာ ရေအနက် သုံးပေခန့်အထိ မြင့်တက်နေကြောင်း၊ နိဗ္ဗာန်-အိုင်တို- အိုင်သပြု လမ်းပိုင်းတွင် လမ်းပိုင်းအရှည် ၆၆၀ ခန့်မှာ ရေအနက် သုံးပေအထိ မြင့်တက်နေကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးအတွင်း ရေလှောင်တမံကြီး လေးခုဖြစ်သည့် နန်ကသူ ရေလှောင် တမံ၊ ကွန်ချောင်း ရေ လှောင်တမံ၊ မမြရေလှောင်တမံ၊ ကညင်ရေလှောင် တမံများလည်း ကန်ရေပြည့်မှတ်ထက် ကျော်လွန်နေ ပြီး၊ မိုးရွာသွန်းမှု နည်းပါး နေသေးသောကြောင့်သာ အန္တရာယ်ဖြစ်နိုင်သည်အထိ မရောက်ရှိခဲ့သေးခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ် ၁၆ မြို့နယ်တွင် စာသင်ကျောင်းပေါင်း ခုနစ်ရာကျော်မှာခေတ္တပိတ် ထားရပြီး၊ကျောင်းကုန်းမြို့နယ် တွင် စာသင်ကျောင်း တစ်ကျောင်း၊ ဟင်္သာတမြို့နယ်တွင် စာသင်ကျောင်း ခြောက်ကျောင်း၊ မအူပင်မြို့ နယ်တွင် စာသင်ကျောင်း သုံးကျောင်း ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
“ဒီရက်ဟာ (သြဂုတ် ၁၀ရက်) ဒီရေအကျဆုံးရက် ဖြစ်ပေမယ့်၊ အထက်က ဆင်းလာတဲ့ ရေအရှိန်ကြောင့် နေရာတိုင်းမှာ ရေကထပ် ပြီးတော့တက်လာတယ်။ မနက်ဖြန်ကနေစပြီးတော့ မြန်မာ့ရိုးရာရေသေ ရေထ ရက်နဲ့တွက်ရင် ရေပြန်ထမယ့်ရက် ဖြစ်လာပြီ၊ ဒီလို ရေပြန်ထမယ့်ရက်မှာ အထက်ကရေက ဆက်ပြီးတော့ ဆင်းလာဦးမှာပဲ။ ဒါ့ကြောင့် အခုရေ တက်နေတာထက် နှစ်ပေလောက်ထိ ထပ်တက်နိုင်တယ်။ မုန်တိုင်းက လည်း ရှိနေတယ်ဆိုတော့ ဧရာဝတီမှာ ဒီထက်ပိုတဲ့ ရေတက်မှုကို ကြုံတွေ့လာရနိုင်တယ်။ သာပေါင်း၊ ကန်ကြီးထောင့်၊ ပုသိမ်မြို့တွေမှာ ရေကြီးမှုတွေကို ဒီထက်ပို ကြုံရလာနိုင်တယ်။ ဒါ့ကြောင့်အခု ရေနစ်မြုပ် တဲ့ ဒေသတွေမှာ နေထိုင်နေတဲ့ သူတွေဟာ အခုထက် ပိုမြင့်တဲ့ နေရာတွေမှာ တိမ်းရှောင် နေသင့်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့မှ ဦးမြင့်ဌေးက ပြောကြားသည်။
ဧရာဝတီတိုင်းအတွင်း ရေကြီးနစ်မြှုပ်မှုမှာ နေ့အလိုက် ဧရိယာပမာဏ ပိုမိုများပြား လာပြီး နေရာအသီးသီး ၌ မြို့ပြနှင့်အလှမ်းဝေးသောဒေသများတွင် ကူညီထောက် ပံ့မှုများ လိုအပ်နေသေးကြောင်း သိရသည်။
အလားတူ ကျောင်းကုန်းမြို့နယ်တွင် ဒါးကမြစ်ရေ တိုးဝင်မှုကြောင့် လူဦးရေ ၁၈၄၅၁ ဦးမှာ ရေဘေးသင့်မှု ကို ကြုံတွေ့နေရပြီး စာသင်ကျောင်းများ ပိတ်ထားရကာ၊ ရေများဆက်လက် တက်နေမှုကြောင့် အကူအညီ များစွာ လိုအပ်နေကြောင်း သြဂုတ် ၁၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရရှိသော သတင်းအချက်အ လက်များအရ သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၆၈ ရှိသည့်အနက် ကျေးရွာအုပ်စု ၃၄ အုပ်စုမှာ ရေကြီး နစ်မြုပ်မှုကို ကြုံတွေ့နေရပြီး၊ အိမ်ထောင်စု ၄၇၀၅ စု လူဦးရေ ၁၈၄၅၁ မှာ ရေဘေးသင့်မှုများ ကြုံတွေ့နေ ရကြောင်း၊ မြို့မဈေးအတွင်း ရေများဝင်ရောက်မှုကြောင့် မိုးလုံလေလုံရှေ့နှင့် ဆေးရုံရှေ့သို့ နေရာနှစ်ခု ခွဲပြီး ယာယီဖွင့်လှစ် ထားရကြောင်း၊ မြို့နယ် အတွင်းရှိ မူလတန်းကျောင်း (၁၄) ကျောင်း၊ အလယ်တန်း ကျောင်း နှစ်ကျောင်း၊ အထက (ခွဲ)ကျောင်း တစ်ကျောင်း၊ အထကကျောင်း တစ်ကျောင်း ပိတ်ထားရပြီး၊ လမ်းပန်းဆက်သွယ်ရေးအဖြစ် ကျောင်းကုန်း-ပန်းတနော် လမ်းပိုင်းတွင် ပေပေါင်း ၂၄၀၀ ပေ၊ ရေအနက် ဆုံးအဖြစ် သုံးပေ နှစ်လက်မထိ ရေများဝင်ရောက်နေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း မရှိသေးကြောင်း၊ ကျောင်းကုန်း-အိမ်မဲ လမ်းတွင် ရေ၀င်ရောက်မှုများအဖြစ် လမ်းပိုင်းသုံးခန့်ပျက်စီးကာ ရေအနက်ဆုံးအဖြစ် တစ်ပေလေးလက်မခန့်ထိ ရေ၀င်ရောက် နေကြောင်း၊ ကျောင်းကုန်း-အသုတ် လမ်းပိုင်းတွင် ပေ ၄၄၀ ခန့်ထိ ရေကျော်နေပြီး ရေအနက် ဆုံးနေရာမှာ တစ်ပေခြောက်လက်မခန့် အထိရှိကြောင်း၊ ပုသိမ်-မုံရွာ လမ်းတွင် ပေ ၁၄၀၀ ခန့် ရေ၀င်ရောက်နေပြီး ရေကျော်ဝင်ရောက်မှုမှာ အများဆုံးနေရာတွင် ခြောက်လက်မခန့်အထိ ရှိကြောင်း၊ မြို့တွင်း စည်ပင်လမ်းများ ဖြစ်သည့် ကမ်းနားလမ်း၊ ရတနာပုံလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းများတွင် ရေကျော်ဝင်ရောက်မှုများ ရှိနေကြောင်း၊ ရထားလမ်းပိုင်း များအဖြစ် လှည်းဆိပ်ဘူတာနှင့် ယိုးဒယားတက်ဘူတာ ကြား ပေအရှည် ၁၁၅၀ ပေ၊ ရေအနက်နှစ် ပေခန့်ထိ ရေကျော်ဝင်ရောက်နေကြောင်း၊ လယ်ယာမြေများအဖြစ် ကျောင်းကုန်းမြို့နယ် ၁၃၂၉၇ ဧကရေကြီး နစ်မြုပ်နေကြောင်း၊ မြို့ပေါ်တွင် ရေဘေးရှောင် စခန်းပေါင်း ၁၅ ခုအထိ ဖွင့်လှစ်ထား ရှိနေပြီး အမှတ် (၁) ရပ်ကွက်တွင် စခန်းငါးခု၊ အမှတ်(၂)ရပ်ကွက်တွင် စခန်းနှစ်ခု၊ အမှတ်သုံးရပ်ကွက်တွင် စခန်းနှစ်ခု၊ သစ်စိမ့်ကုန်းကျေးရွာ အုပ်စုတွင် စခန်းတစ်ခု၊ အိုးဘို ကျေးရွာအုပ်စုတွင် စခန်းသုံးခုဖွင့်လှစ် ထားရှိကြောင်း၊ ရေဘေးရှောင် ပြည်သူများအား အဖွဲ့အစည်း အသီးသီးမှ ထောက်ပံ့မှုများ ပေးအပ်နေ လျက် ရှိနေသော်လည်း လူဦးရေနှင့် ဧရိယာကျယ်ပြန့်မှုကြောင့် လှည်းဆိပ်ကျေးရွာအုပ်စု အပင်နှစ်ဆယ် ကျေးရွာစခန်း၊ ရေဆိုင်ကျေးရွာ အုပ်စုများတွင် အကူအညီများ လိုအပ်နေသေးကြောင်း သိရသည်။
“ကျွန်တော်တို့မြို့မှာ စပြီးတော့ ရေကြီး တာက ၁၉၇၄ ခုနှစ်မှာ၊ ၁၉၉၁ ခုနှစ်မှာ ထိန်ငူတာကျိုးလို့ ရေကြီး တာရှိတယ်။ ၂၀၀၄ ခုနှစ်၊ ၂၀၁၂ ခုနှစ် ရေကြီးမှုဖြစ်စဉ်လေးခုမှာ ၁၉၉၁ ခုနှစ် ရေကြီးတာဟာ အကြီးမြင့် ဆုံးပဲ။ မြို့ပေါ် ရပ်ကွက်အားလုံး ရေမြုပ်ခဲ့တယ်။ ဒုတိယအကြီးဆုံးရေက ၂၀၁၂ ခုနှစ်ရေကြီးတာ အခုလက် ရှိကြီးနေတဲ့ရေဟာ ၂၀၁၂ ခုနှစ်က ကြီးခဲ့တဲ့ရေကိုမီဖို့ တစ်ပေလောက်ပဲ လိုတော့တယ်။ နေ့စဉ်ကို ငါးလက် မလောက်ထိ ရေတက်နေတယ်၊ အခုလက်ရှိ အနေအထား အတွေ့အကြုံအရ ၂၀၁၂ ခုနှစ် ရေကြီးမှုထက် များမယ်လို့ ထင်ရတယ်။ ကျွန်တော်တို့မှာ ရေကြီးပြီဆိုရင် ထူးခြားတာက အခြားမြို့တွေနဲ့ မတူဘဲ အနည်း ဆုံး တစ်လလောက်ကို ကြာတတ်တယ်”ဟု ကျောင်းကုန်းမြို့နယ် မြို့နယ်ရေဘေး ကြီးကြပ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။
ကျောင်းကုန်းမြို့နယ်တွင် လက်ရှိအချိန်အထိ ထောက်ပံ့ကူညီရေးအဖွဲ့များ ငါးဖွဲ့ခန့်သာ ရောက်ရှိနေသေး ကာ အဓိက လိုအပ်နေသည်မှာ ဆန်ရိက္ခာဖြစ် ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment