ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ရန်ကုန်မှော်ဘီမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်စုမှူးဦးကျော်ကျော်လင်း ဟာ ကမ်းပါးပြို ရေစီးထဲ မျောပါပျောက်ဆုံးနေပြီး ရှာဖွေဆဲပဲလို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်း ထုတ်ပြန်ပါတယ်။
မှော်ဘီမြို့နယ်ကြက်ခြေနီအသင်းခွဲက စေတနာလုပ်အားရှင်တွေဟာ သြဂုတ်လ (၉) ရက်နေ့က လှိုင်မြစ် တစ်ဘက်ကမ်းရှိ အထူးသောင်ကျေးရွာမှာ ရေဝင်ရောက်လာလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ သက်ကြီး ရွယ်အိုတွေကို သွားရောက် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်ကျော်လင်းကတော့ လှည်းကူးအနောက်သံမဏိစက်ရုံအနီး ကျွဲကူးဆိပ်အား မော်တော်ကပ်ပြီး လူနဲ့ ပစ္စည်းတွေ ကမ်းပေါ်ရွှေ့ပြောင်း ပေးနေစဉ် ကလေးငယ်တဦးကို ကမ်းပေါ်သို့ ပို့ဆောင်အပြီးမှာ ကမ်းပါးပြို ရေစီးထဲသို့ ကျသွားခဲ့တာလို့ ကြက်ခြေနီအသင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြစ်ထဲသို့ကျလျှင်ကျချင်း လုပ်ဖော်ကိုင်ဖက်တွေက ကြိုးစားရှာဖွေပေမယ့် ယခုသတင်း တင်ပြချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ မြစ်အောက်ပိုင်းရှိ မြို့နယ်တွေကိုလည်း ကြက်ခြေနီယူနီဖောင်း ဝတ်ဆင်ထား သော ဦးကျော် ကျော်လင်းကို ကူညီရှာဖွေပေးဖို့နဲ့ တွေ့ရှိ ပါက သတင်းပေးပို့ကြဖို့ ပန်ကြား ထားပါတယ်။
အသက် ၃၄ နှစ်ရှိ ဦးကျော်ကျော်လင်းဟာ ငယ်စဉ်ကတည်းက ကျောင်းကြက်ခြေနီဝင်၊ တပ်ဖွဲ့ဝင်တဦး အဖြစ် ကြက်ခြေနီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး သံမဏိစက်ရုံ ကျွမ်းကျင်အဆင့်(၄) ဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။
DVB
No comments:
Post a Comment