Saturday, August 15, 2015

သူရဦးရွှေမန်း ဖြူးပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဆက်လက်ယှဉ်ပြိုင် သွားမည်ဟုဆို


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ရာထူးမှ ယခုလ ၁၃ ရက်နေ့တွင် ဖယ်ရှားခံခဲ့ ရသည့် ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယကလည်း ဖြစ်သည့် သူရ ဦးရွှေမန်းသည် ၎င်းဝင်ရောက်အရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းထားသည့် ဖြူးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နေရာတွင် ဆက်လက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး USDP ပါတီ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရသည်။

USDP ပါတီ၏ ဗဟိုကော်မတီဝင်သစ်များကို ဆက်သွယ်၍ အတည်ပြုချက်ရ ယူရန် ကြိုးစားသော်လည်း အစည်းအဝေးများ ဆက်တိုက်ပြုလုပ်နေသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးချေ။ နေပြည်တော်ပါတီ ဗဟို ဌာနချုပ်တွင် အစည်းအဝေးများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဗဟိုကော်မတီဝင်များ အိမ်ပြန်နိုင်ခြင်းပင် မရှိကြောင်း ပါတီဝင်များထံမှ သိရသည်။

“သူရဦးရွှေမန်း နေရာက တခြားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက် အစားထိုးယှဉ်ပြိုင်မယ် ဆိုပြီး ကောလာဟလသတင်းတွေ ထွက်နေတာ တွေ့ရတယ်။ နောက်ထပ် အမည်စာရင်း တင်သွင်းဖို့ မရှိပါဘူး။ နဂိုမူလ မဲဆန္ဒနယ်မှာပဲ ဆက်လက်ယှဉ်ပြိုင်သွားမှာပါ” ဟု ပဲခူးတိုင်းဒေ သကြီး USDP ပါတီ အတွင်းရေးမှူး ဦးစောမော်ထွန်းက သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ပြောကြားသည်။

USDP ပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းသည် လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာမှ ထပ်မံဝင် ရောက်ယှဉ်ပြိုင် ရန် အတွက် ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်ရုံးတွင် အမည်စာရင်း တင်သွင်းခဲ့ကြောင်း ခရိုင်ကော် မရှင် ရုံးထံမှ စုံစမ်းသိရှိရသည်။

ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အရေးပေါ်အစည်း အဝေးကို သြဂုတ်လ ၁၃ ရက်နေ့ ညနေတွင် ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ် စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးတင်သွင်းရက်အမီ ပြောင်းလဲ တင်သွင်းနိုင်ရန်အတွက် တောင်ငူခရိုင် တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများက ကိုယ်စား လှယ်လောင်းအသစ်ပြန်လည် ရွေးချယ်ခဲ့ကြသည်ဟုသာသိရပြီး မည်သူကို အမည်စာရင်း တင်သွင်းခဲ့သည် ကို မသိရှိ ရကြောင်း ပါတီနှင့် နီးစပ်သည့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် တစ်ဦးက ပြောကြားသည်။

“ပါတီရွေးကောက်ပွဲ အမည်စာရင်းက တင်သွင်းတာနဲ့ ပယ်ဖျက်တာက ကိုယ်စားလှယ်လောင်း ကိုယ်တိုင်ပဲ လုပ်လို့ရတယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်က မဲဆန္ဒနယ် နှစ်ခုမှာ ပြိုင်လို့မရပေမယ့် မဲဆန္ဒနယ် တစ်နေရာမှာ ပါတီကိုယ်စားလှယ်လောင်း နှစ်ယောက်ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ဒီအချိန်ထိတော့ သူရဦးရွှေ မန်း နေရာအတွက် အမည်စာရင်း ပြောင်းလဲတာ မရှိသေးပါဘူး” ဟု တောင်ငူခရိုင် ရွေးကောက်ပွဲကော်မ ရှင်ရုံး ဦးစီးအရာရှိ ဦးကိုကိုဦးက သြဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်း ထားသည့် သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီးနောက် သြဂုတ်လ ၁၃ ရက်နေ့တွင် USDP ပါတီ နေပြည်တော်ရုံးချုပ်တွင် အရေးပေါ်အထူးအစည်းအဝေး ကျင်းပကာ ပါတီဥက္ကဋ္ဌ ရာထူးနေရာ တွင် ဦးဌေးဦးနှင့် ပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်း နေရာတွင် ဦးတင်နိုင်သိန်းတို့ဖြင့် အစားထိုး တာဝန်ပေးအပ်ခဲ့ပြီး သူရဦးရွှေမန်းကို ပါတီဝင်အဖြစ် ဆက်လက်ထားရှိမည် ဖြစ်သည်ဟု အဆိုပါ ပါတီ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် “ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထား လေးစား တန်ဖိုးထားပြီး၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။ အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ” ဟု သြဂုတ်လ ၁၄ ရက်နေ့က ရေးသားထားသည်။

ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ အမည်စာရင်း တင်သွင်းခဲ့သော ကိုယ်စားလှယ်လောင်း များကို ပြန်လည်ရုပ်သိမ်းလိုပါက သြဂုတ်လ ၁၃ ရက်နေ့ နောက်ဆုံးပြင်ဆင်ချက် လျှောက်ထားနိုင်ပြီး အဆိုပါ လျှောက်ထားသူ ကိုယ်စားလှယ်လောင်းများထဲမှ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ် ချက်နှင့် ကိုက်ညီသူများကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က အဆိုပါနေ့ နောက်ပိုင်း စိစစ်ရွေး ချယ်သွားမည် ဖြစ်သည်ဟု UEC က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် သြဂုတ်လ ၁၃ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော် မတီကို ပြင်ဆင်ဖွဲ့စည်းပြီးနောက် ပြုလုပ်ခဲ့သော ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက်စနစ်တကျရွေးချယ်ထားရှိပြီးသော ကိုယ်စားလှယ်လောင်းများကို မပြင်မဆင်မပြောင်း လဲဘဲယှဉ်ပြိုင်သွားမည်ဟု သြဂုတ် ၁၄ ရက် စွဲဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List